Monday, May 30, 2016

ပညာရေးမြှင့်တင်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ) ကျင်းပ



ရန်ကုန် မေ ၂၉
၂ဝ၁၆ခုနှစ် ပညာရေးမြှင့်တင်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ)ကို မေ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပခဲ့ရာ တက္ကသိုလ် အသီးသီးမှ စာတမ်းရှင်များက စာတမ်း ၆ စောင် တင်သွင်းခဲ့ကြသည်။

နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် မြန်မာနိုင်ငံ အမျိုးသားအဆင့် အရည်အသွေး သတ်မှတ်မှု မူဘောင်သတ်မှတ် ပြဋ္ဌာန်းနိုင်ရေး (Myanmar National Qualitification Framework -MNQF)နှင့် ပညာရေးအဆင့်အတန်း အရည်အသွေး အာမခံမှု (Quality Assurance) စနစ် ထူထောင်ရေး စာတမ်းနှင့် Credit Transfer System ပီပြင်စွာ အကောင် အထည်ဖော်နိုင်ရေး စာတမ်းတို့ကို ဖတ်ကြားပြီး တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြ သည်။
နှီးနှောဖလှယ်ပွဲ ဒုတိယနေ့တွင် University Charter ကို တက္ကသိုလ်အလိုက် ရေးဆွဲရေးစာတမ်း၊ ဘာသာရပ် နယ်ပယ်အလိုက် သင်ကြားမှု၊ အတန်းဝင်ရောက်မှုများ အပေါ် ကျောင်းသား၊ ကျောင်းသူများ၏ အကဲဖြတ်မှုဆိုင်ရာ (Student’s Evaluation Sheet)အရ ဆရာ၊ ဆရာမများ၏ ပညာရေး စွမ်းဆောင်မှု အညွှန်းကိန်း သတ်မှတ်ဆောင် ရွက်ရေး စာတမ်း၊ ဂုဏ်ထူးတန်းနှင့် မဟာတန်းသင်တန်းနှစ် သတ်မှတ်ရေးစာတမ်း၊ အရည်အသွေးရှိသော သုတေသနများ တိုးတက် လုပ်ဆောင်ရေးနှင့် ပီပြင်သော သုတေသနဂျာနယ်များ ထုတ်ဝေနိုင်ရေး စာတမ်းတို့ကို ဖတ်ကြားပြီး တက်ရောက် လာကြသူများက ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက စာတမ်းအလိုက် ညှိနှိုင်းရရှိချက်များကို အကြံပြုဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲ အတည်ပြုခြင်းကို ရှင်းလင်းခဲ့သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်၍ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းသော သုတေသနစာတမ်းများနှင့် ဆွေးနွေးမှုများသည် ပညာရေး ၀န်ကြီးဌာနက အဓိက တာဝန်ယူ ဆောင်ရွက်ရမည့် အရေးကြီးသည့် Quality Education, Quality Assurance, Myanmar National Qualification Framework စသည့် အချက်များကို ဦးတည် ဆွေးနွေး ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များက ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ဘွဲ့ရလူငယ်များ လေ့ကျင့်ပြုစု ပျိုးထောင်ပေးရန် အဓိက အရေးကြီးပါကြောင်း၊ တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ အနေဖြင့် ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချမှု အရည်အသွေး တိုးတက်စေရန် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲများမှ ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေး မြင့်မားလာစေရန် အားနည်းချက်၊ အားသာချက်များကို ပြန်လည်ပြုပြင်ပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူ ပို့ချမှုအရည်အသွေးများ တိုးတက်လာစေမည်ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ သုတေ သနလုပ်ငန်းများမှ ရရှိလာသော ရလဒ်များဖြင့် သုတေသန စာတမ်းများပြုစုရန်၊ စာတမ်း ဖတ်ပွဲများကျင်းပရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသန ဂျာနယ်များတွင် စာတမ်းများ ရေးသားရန် စသည့် သုတေသန လုပ်ငန်းဆိုင်ရာများသည် တက္ကသိုလ်၏ အရည်အသွေး မြင့်မားရေး ဦးတည် ဆောင်ရွက်ရာတွင် ဦးစားပေး ဆောင်ရွက်ရသည့် လုပ်ငန်း တစ်ခုဖြစ်သဖြင့် ဆရာ၊ ဆရာမအားလုံးက သုတေသန လုပ်ငန်းဆိုင်ရာများကို  ဆောင်ရွက်ကြရန်၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ပြုလုပ်ရန်၊ စာတမ်းဖတ်ပွဲများကျင်းပရန်၊ သုတေသန ဂျာနယ်များတွင် ရေးသားခြင်း များကို ဆောင်ရွက်ရန်၊ ပါမောက္ခများနှင့် ပါမောက္ခချုပ်များမှလည်း သင်တန်းနှင့် စီမံခန့်ခွဲရေး ဆိုင်ရာများကို လေ့လာဆန်းစစ် အကဲ ဖြတ်ပြီး အားနည်းချက်၊ အားသာချက်များကို ပြုပြင် ဆောင်ရွက်ကြရန် ထောက်ခံ အကြံပြုချက်များဖြင့် အစီရင်ခံစာပြုစု၍ အဆင့်ဆင့်တင်ပြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် သွားရန်  မှာကြားသည်။
နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပပြီးစီးသည့် အဆင့်မြင့်ပညာကဏ္ဍ ပညာရေးမြှင့် တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် သုတေသနစာတမ်းများကို အခြေခံလျက် ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်၏ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှီးနှောဖလှယ် ပွဲမှ ပညာရေးပြုပြင်ပြောင်းလဲမှုများကို တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် အသီးသီးမှ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက တာဝန်သိမှု တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်းခဲ့ကြသည့် ဆွေးနွေးပွဲ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

No comments:

Post a Comment