Friday, May 27, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ


နေပြည်တော် မေ ၂၇
ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကိုချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊ တရားမျှတခြင်းကို ဂရုဏာဖြင့် ဖြေရှင်းဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မှာကြားလိုက်သည်။



ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နေပြည်တော်ကောင် စီဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တွေ့ဆုံစဉ်  ယင်းကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအုပ်ချုပ်ရေး ယန္တရား အသစ် စတင်ဆောင်ရွက်သည့်ကာလတွင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တွေ့ကြုံရသည့် အခက်အခဲများကို သိလိုပါ ကြောင်း၊ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်မည့် နည်းလမ်း များကို ဆွေးနွေး ကြမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် ပြည်ထောင်စုအစိုးရ နှင့် အချိတ်အဆက်မိမိ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချိတ်အဆက် မိမှသာ အစိုးရအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများလျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
 သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနအ နေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပြည်ထောင်စုအစိုးရတို့အကြား ဆက်သွယ်ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၌ တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်းတင်ပြချက် ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်မှာကြားသည်။
ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က  နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကိုချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊  ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များကို ဖြေရှင်း ဆောင်ရွက်ကြရာတွင် တရားမျှတခြင်းကို ဂရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊  ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာ မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည့်အပြင် မြေယာသိမ်းဆည်းမှုများရပ်ဆိုင်းထားရေး ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြရန်၊  အုပ်ချုပ်ရေး ကိစ္စရပ်များဆောင်ရွက်ရာတွင် ဥပဒေ အရာရှိချုပ်နှင့် ဥပဒေပညာ ရှင်များ၏ သဘောထားကို အလေးထားဆောင်ရွက်ကြရန်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေမှုများ လျော့နည်းပပျောက်စေရန် အတွက် အုပ်ချုပ် ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမကလူငယ်လူရွယ်များနှင့် ၄င်းတို့၏ မိဘများပါဝင် လာရေးအလေးထား ဆောင်ရွက်ကြရန်၊  လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု တွင်ကျယ် နေခြင်း များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီအမံတစ်ခုချမှတ် ဆောင်ရွက်ရန်၊  အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့် ကျော်လွန်၍ ဆောင်ရွက်သည့် အနေအထားမျိုးမဖြစ်စေရေး သတိပြု ဆောင်ရွက်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများ သွားလာမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် ပြည်ထောင်စု အစိုးရအကြား ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment