Monday, May 30, 2016

ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီများသို့ ကြည့်ရှုစစ်ဆေး စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်ရေး မှာကြား



ရန်ကုန် - မေ ၂၉
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းသည် မေ ၂၇ ရက် နံနက်ပိုင်းတွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဖွဲ့စည်းမှုကိစ္စ၊ လုပ်ငန်း လည်ပတ် ဆောင်ရွက်မှုကိစ္စ၊ အုပ်ချုပ်မှုကိစ္စ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးမှာကြားပြီး နေ့လယ်ပိုင်းတွင် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

ဒုတိယဝန်ကြီးသည် မေ ၂၈ ရက်တွင် ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများဖြစ်သည့်  Myanmar  Securities  Exchange  Center Co, Ltd., ၊ KBZ  Stirling  Coleman  Securities  Company  Ltd. ၊ CB  Securities Ltd. ၊ KTz  Ruby  Hill  Securities  Company  Ltd ၊ ESifh AYA  Trust  Securities  Company Ltd. များသို့ သွားရောက်၍ သက်ဆိုင်ရာကုမ္ပဏီတို့၏ စာရင်းဖွင့်လှစ် ပေးမှုလုပ်ငန်းစဉ်များ၊ အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်သည့် လုပ်ငန်းများ၊ လုပ်ငန်းနှင့် ဆက်သွယ်ဆောင်ရွက် သူများ၏ သတင်းအချက်အလက်ရယူပုံနှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များ၊ ငွေကြေးခဝါချသည့်ကိစ္စ၊ သံသယဖြစ်ဖွယ် အရောင်းအဝယ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံ သူများအား အကာအကွယ် ပေးနိုင်ရေးနှင့် မျှတသည့် အရောင်း အဝယ်ဖြစ်စေရေး အတွက် ဝန်ဆောင်မှုပေးရန် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူတို့က လက်ရှိ ဝန်ဆောင်မှု ပေးနေသည့် အခြေအနေများ၊ ဆက်လက် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များ၊ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှု မြှင့်တင်ရေးအတွက် ဆောင်ရွက်မှုများ၊ ၎င်းတို့၏ သုတေသန လုပ်ငန်းများ၊ အစုရှယ်ယာ ရောင်းဝယ်မှုအား စာရင်းရှင်းလင်းရာတွင် တွေ့ကြုံရသည့်  အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေရသည့် အားလျော်စွာ ဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊  ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာရေး၊ ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံသူများသို့ ပညာပေးမှု လုပ်ငန်းစဉ်များ တိုးချဲ့ဆောင်ရွက်ရေး၊ အတွင်းလူ အရောင်းအဝယ်လုပ်မှု၊ ငွေကြေးခဝါချမှု၊ ဈေးကွက်အတွင်း ဝင်ရောက် ဈေးကစားမှုတို့ အတွက် ကာကွယ် ဆောင်ရွက်ရေး စသည်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment