Friday, May 27, 2016

ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပ




နေပြည်တော် မေ ၂၇
ရုပ်သံလွှင့်မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန ၀န်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ရုပ်မြင်သံကြားနှင့်



အသံလွှင့်ဥပဒေသည် ရုပ်သံလုပ်ငန်းများ ညီညွှတ်မျှတစွာ လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ယခု ဥပဒေကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ ပြည်သူ့ ကိုယ်စားလှယ်များ၊ ရုပ်သံကျွမ်းကျင်သူများဖြင့် ညှိနှိုင်းကာ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့တွင် ယခု ဥပဒေနှင့် ပတ်သက်ပြီး ဘာတွေ ပြင်ဆင်မည်ကို ဆွေးနွေးမည် ဖြစ်ကြောင်း။
ယခု ဥပဒေကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ပြဌာန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ သို့သော် ဥပဒေပုဒ်မ ၁၀၃ တွင် ဥပဒေပြဌာန်းသည့် ရက်မှ ၆ လအတွင်း ကောင်စီ ဖွဲ့စည်းရမည်ဟု ထည့်သွင်းထားသော်လည်း ယနေ့အထိ ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊   ဥပဒေ၏ နောက်ဆုံးပိုင်းဖြစ်သော ပုဒ်မ ၁၀၆ တွင် နည်းဥပဒေပါ ပြဌာန်းချက်များကို  အကောင်အထည်ဖော်ဆောင်ရွက်ရန်ဟု ပါရှိကြောင်း၊ ၎င်းသည် ဥပဒေပြဌာန်း ချက်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း။
ရုပ်သံလုပ်ငန်းလုပ်ကိုင်လိုသည့် အဖွဲ့များ ယနေ့တွင် များပြားလာသည့် အတွက် တန်းတူလုပ်ကိုင် လိုလာကြကြောင်း၊ အခွင့်အလမ်း တန်းတူ ရရှိရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းရှာရန် ယနေ့အစည်း အဝေးပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ရုပ်သံထုတ် လွှင့်ခြင်းဆိုင်ရာ ဥပဒေနှင့် စပ်လျဉ်း၍ နောက်ဆုံးအခြေအနေများ၊ ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် The Centre for Law and Democracy  မှ   Executive director  ဖြစ်သူ Mr. Toby Mendal နှင့်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ DVB ၊ မြစ်မခ ၊ မဇ္ဈိမ ၊ Forever Group ၊ Eleven မီဒီယာ ၊ Myanmar Cable Network ၊ ကမာရွတ် မီဒီယာ ၊ DW Academy  တို့မှ တာဝန်ရှိသူများ၊  လွှတ်တော် ကိုယ်စားလှယ်များ ၊ Article 19 အဖွဲ့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တို့က ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်သင့် သည်များကို အကြံပြုဆွေး နွေးခဲ့ကြသည်။
ယနေ့ကျင်းပသည့်ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ဥပဒေကြမ်းကော်မတီ ၀င်များ၊ ပြည်ထောင်စု ၀န်ကြီးဋ္ဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊  သတင်း ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယနေ့ဆွေးနွေးပွဲ ပထမပိုင်းရလဒ်အနေဖြင့် ရုပ်မြင်သံကြားနှင့် အသံလွှင့် ဥပဒေတွင် ပြင်ဆင်သင့်သည်များ ပြင်ဆင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ဥပဒေကြမ်း ကော်မတီဝင်များ၊ မီဒီယာဖွံ့ဖြိုးရေးမိတ်ဘက်များမှ အကြံပြုသည့် နိုင်ငံတကာ မီဒီယာဥပဒေ ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်သွားရန်၊ တစ်ချိန်တည်းတွင် နည်းဥပဒေရေးဆွဲရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး Broadcast Council ဖွဲ့စည်းရေးအတွက်လည်း အဆိုပါကအဖွဲ့က အထောက် အကူပြုသွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
ဒုတိယအပိုင်းရလဒ်အဖြစ် ယခုကဲ့သို့ ဥပဒေပြင်ဆင်ဆဲကာလတွင် လုပ်ကိုင် နိုင်စွမ်းရှိသည့် လွတ်လပ်သည့် အစီအစဉ် ထုတ်လုပ်သူနှင့် ထုတ်လွှင့်သူများ ပေါ်ထွန်း လာရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရှိပြီးအခြေခံ အဆောက်အဦများကို အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူ များကို ဖိတ်ခေါ်၍ ဒုတိယအကြိမ် တွေ့ဆုံပြီး အသေးစိတ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

No comments:

Post a Comment