Wednesday, April 27, 2016

ဂျပန်နိုင်ငံအစိုးရအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် UN အဖွဲ့အစည်း (၄)ဖွဲ့သို့ ဂျပန်ယန်း (၃၇၅၈) သန်း ရန်ပုံငွေထောက်ပံ့ခြင်းဆိုင်ရာ လက်မှတ်ရေးထိုးပွဲကျင်းပ



နေပြည်တော် ဧပြီ ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် UN အဖွဲ့အစည်း (၄) ဖွဲ့သို့ ဂျပန်နိုင်ငံအစိုးရမှ ရန်ပုံငွေထောက်ပံ့ခြင်းဆိုင်ရာ လက်မှတ်ရေးထိုးပွဲအား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး  H.E. Mr. Tateshi Higuchi ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ခံကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသော ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


ရှေးဦးစွာ နယ်စပ်ဒေသများနှင့် ကျေးလက်ဒေသများ၌ ဆောင်ရွက်မည့် ထောက်ပံ့ပေးရေး စီမံကိန်း (၄) ခုအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး  H.E. Mr. Tateshi Higuchi နှင့် ကုသလမဂ္ဂအဖွဲ့အစည်း များဖြစ်သည့် WFP၊ UN-HABITAT၊ FAO၊ UNHCR တို့မှ ဌာနေကိုယ်စားလှယ်များက သဘောတူညီချက်များအား လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး ကုလသမဂ္ဂ အေဂျင်စီများကိုယ်စား WFP မှ ဌာနေကိုယ်စားလှယ် Mr. Domenico Scapelli က စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်            ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံအစိုးရမှ ကုလ သမဂ္ဂအဖွဲ့အစည်း များမှတစ်ဆင့် ကူည်ီပေးခြင်းအတွက် ကျေးဇူးအထူးတင်ရှိ ပါကြောင်း၊ စီမံကိန်း များအနေနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသနှင့် ကျေးလက်ဒေသများတွင် နေထိုင် ကြသည့် တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် အခြေခံအဆောက်အဦ၊ ရေနှင့် သန့်ရှင်းရေး၊ နေအိမ်ဆောက်လုပ်ပေးခြင်း၊ စားနပ်ရိက္ခာ၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ လူမူစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမူဖွံ့ဖြိုးရေးနှင့် အစားအသောက်မဟုတ်သော ပစ္စည်းများထောက်ပံ့ပေးခြင်းတို့ဖြင့် အထောက်အကူ ပြုနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သာမက ၎င်းတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ စဉ်ဆက်မပြတ် ထောက်ပံ့ကူညီပေးမှုများ အတွက် ဂျပန်နိုင်ငံအစိုးရအားလည်းကောင်း၊ စီမံကိန်းများတွင် ပူပေါင်းဆောင်ရွက်ပေး ကြသည့် WFP၊ UN-HABITAT၊ FAO နှင့် UNHCR စသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ အား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tateshi Higuchi မှ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ နယ်စပ်ဒေသများနှင့် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကုသလမဂ္ဂ အဖွဲ့အစည်းမှတစ်ဆင့် ကူညီထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် WFP မှတစ်ဆင့် ဂျပန် ယန်း (၂,၂၅၅) သန်း၊ UN-HABITAT မှတစ်ဆင့် ဂျပန် ယန်း (၆၀၇) သန်း၊ FAO မှတစ်ဆင့် ဂျပန် ယန်း (၅၃၁) သန်း၊ UNHCR မှ တစ်ဆင့် ဂျပန်ယန်း (၃၆၅) သန်း၊ စုစုပေါင်းဂျပန် ယန်း (၃,၇၅၈) သန်း ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ရှိ တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် စားနပ်ရိက္ခာနှင့် အရေးပေါ်ကူညီထောက်ပံ့ရေးစီမံကိန်းများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း အကူအညီလိုအပ်နေသူများအတွက် ကူညီထောက်ပံ့ရေးစီမံကိန်းများ ဆောင်ရွက် သွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ Representative Mr. Giuseppe de Vincentiis နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ Country Director and Representative Mr. Domenico Scapelli တို့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNHCR၊ WFP တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက် မည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။


နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နယ်စပ် ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

No comments:

Post a Comment