Thursday, April 28, 2016

မြန်မာ့ ပထမဆုံး အမှိုက်မှ လျှပ်စစ်ထုတ်စက် ဆက်လက်တည်ဆောက်လျက်ရှိ

ရန်ကုန် ဧပြီ ၂၇

မြန်မာနိုင်ငံ၏ ပထမဆုံး အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံကို ရွှေပြည်သာမြို့နယ် လှော်ကား၌ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက စတင်တည်ဆောက်ခဲ့ကာ နှစ်နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် စတင်ခဲ့ပြီး ယခု ခြောက်လတာကာလအတွင်း အမှိုက်ထားရှိမည့် ဂိုထောင်ကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ စက်တပ်ဆင်မည့် ပင်မစက်ရုံမှာ တည်ဆောက်နေ ဆဲဖြစ်ကြောင်း သိရသည်။ စက်ရုံတည်ဆောက် ပြီးစီးပါက မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်တို့မှ ထွက်ရှိသော အမှိုက်များကို တစ်နှစ်လျှင် တန် ၆၀ အသုံးပြုပြီး လျှပ်စစ်စွမ်းအင်ထုတ်ယူ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် ဂျပန်နိုင်ငံမှ နောက်ဆုံးပေါ်နည်းပညာကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၇၀၀ ကီလိုဝပ်/နာရီ ထုတ်လုပ်ရရှိမည်ဖြစ်ပြီး ၄၀၀ ကီလိုဝပ်/နာရီကို စက်ရုံလည်ပတ်ခြင်းအတွက် အသုံးပြုကာ ပိုလျှံသော ၃၀၀ ကီလိုဝပ်/နာရီကို ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။


ရောင်းချရာတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ညှိနှိုင်း၍ ဓာတ်အား တစ်ယူနစ်လျှင် ၅၇ ကျပ်နှုန်းဖြင့် ရောင်းချနိုင်ရန် သဘောတူညီထားကြောင်း သိရသည်။

စက်ရုံတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာအောင်မြင့်မော်က “အဓိကရည်ရွယ်ချက်က ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့လျှော့ချဖို့ပေါ့။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဓာတ်ငွေ့တွေ၊ အမှုန်တွေနဲ့ပတ်သက်ပြီး ပြဿနာ တွေ အများကြီးတက်နေတယ်။ ကျွန်တော်တို့ ရန်ကုန်မှာလည်း ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာတွေ၊ ဆာလဖာဒိုင်အောက်ဆိုက်ထုတ်လွှတ်တာတွေ အမှုန်တွေများ နေတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်က အမှိုက်ကနေ ဘယ်လိုထွက်သလဲဆိုတော့ မီသိန်းဓာတ်ငွေ့ထွက်တယ်။ မီသိန်းဓာတ်ငွေ့က ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့  ၂၁ ဆပြင်းတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်က ကမ္ဘာမြေကြီး ပူနွေးစေတယ်။ အမှိုက်ကို မြေကြီးပေါ်မှာ ပုံမယ်ဆိုရင် မီသိန်းဓာတ်ငွေ့ထွက်လာတာပေါ့။ မီသိန်းတစ်တန်က ကာဗွန်ဒိုင်အောက်ဆိုက်တွေ ၂၁ တန်ထွက်တာနဲ့ညီတယ်။ ဒီတော့ ကမ္ဘာ ကြီးပူနွေးတာကို ၂၁ ဆ ပိုပြီးတော့ ဖြစ်စေတယ်။ တစ်နည်းအားဖြင့် ထုတ်လွှတ်နေတဲ့ အငွေ့တွေကို ပြန်လည်လျှော့ချနိုင်ရေးအစီအမံနဲ့ ဆောင်ရွက် နေခြင်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။

စက်ရုံတည်ဆောက်ရာတွင် ခန့်မှန်းကုန်ကျမည့် ဒေါ်လာ ၁၆ သန်းအနက် ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့က ရှစ်သန်းစီ အကုန်အကျခံမည် ဖြစ်ကြောင်း သိရသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ဒသမ ၄ သန်းကို စိုက်ထုတ်သုံးစွဲထားပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၆ ဒသမ ၆ သန်းကို သုံးစွဲရန်လည်း ဘတ်ဂျတ်လျာ ထားပြီးဖြစ်ကြောင်း သိရသည်။

စက်ရုံကို တည်ဆောက်ရာတွင် မြန်မာနိုင်ငံ၌် အဆိုပါ စက်ရုံတည်ဆောက်သည့်အတွေ့အကြုံ မရှိခြင်းကြောင့် ဂျပန်နိုင်ငံဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံတွင် တင်ဒါခေါ်ယူခဲ့ပြီး JFE ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့၍ လုပ်ငန်းအပ်နှံခဲ့ကြောင်း သိရသည်။

စက်ရုံတွင် တပ်ဆင်အသုံးပြုမည့် စက်အစိတ် အပိုင်းများကို သင်္ဘော ၁၀ စင်းခန့်တင်ပို့မည်ဖြစ်ကာ ဧပြီ ၁၈ ရက်နှင့် ၂၁ ရက်များတွင် သင်္ဘောနှစ်စင်း ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံမှ ကျွမ်းကျင်သူများက စက်ရုံကို ဆက်လက် ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် စက်ရုံဆောက်လုပ်ခြင်းကို စီစဉ်ကြီးကြပ်ခြင်း၊ ဥပဒေ နည်းဥပဒေရေးရာများကို ဆောင်ရွက်ခြင်း၊ ပစ္စည်းအရည်အသွေး စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်


ထင်ပေါ်ဝင်း(ကမာရွတ်)

No comments:

Post a Comment