Saturday, April 30, 2016

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးမှ လမ်းမိုင် ၂၀ ကို အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည်


နေပြည်တော် ဧပြီ ၃၀
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင် ၁၅/၀  မှ မိုင်တိုင်၂၅/၀ ထိ လမ်းပိုင်းနှင့် မိုင်တိုင် ၁၆၃/၀ မှ မိုင်တိုင် ၁၇၃/၀ ထိလမ်းပိုင်း  စုစုပေါင်းလမ်းမိုင် ၂၀ ကို အဆင့်မြှင့်တင်ပြုပြင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။



"လမ်းအရည်အသွေးနှင့်ပတ်သက်ပြီး မိမိအနေဖြင့် ရဲရဲဝံ့ဝံ့အာမခံကြောင်း၊ အစိုးရ သစ်တက်ပြီးနောက်ပိုင်း လမ်း တစ်လမ်းသည် ၅ နှစ်မခံပါက တာဝန်ခံအင်ဂျင်နီယာအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း" ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရန်ကုန် - မန္တလေးအမြန်လမ်း ယာဉ်မတော်တဆ ဖြစ်ပွားမှုလျော့ချ ရေးရက် (၁၀၀) စီမံချက် စတင်ဆောင်ရွက်သည့် အခမ်းအနားတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တာဝန်ရှိ သူများအား ပြောကြားသည်။
အဆိုပါ အခမ်းအနားကို   ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၇၃/၁)၌ ကျင်းပရာ ရှေးဦးစွာ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က အမြန်လမ်းမကြီး၏ ရက် (၁၀၀) စီမံချက် ဆောင်ရွက်ရ သည့်ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့်အခြေအ နေများကို ရှင်းလင်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရက် (၁၀၀) စီမံချက်အရဆောင်ရွက်မည့် လမ်းအဆင့်မြှင့်တင်ပြုပြင် တည်ဆောက်ခြင်း စီမံကိန်းအား အလံငယ်ဝှေ့ယမ်း၍စတင်ဆောင်ရွက် ခွင့်ပြုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတစ်ခုဆောင်ရွက်မည်ဆိုလျှင် ပြည်သူလူထု စိတ်ဝင်စားရန် လိုအပ် ကြောင်း၊ ပြည်သူလူထုစိတ်ပါဝင်စားမှုရှိရန် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ အစိုးရအဖွဲ့သစ်တစ်ရပ် တက်လာလျှင် အစိုးရသစ်၏ စွမ်းဆောင်မှုတစ်ရပ်အဖြစ် ရက် (၁၀၀) လုပ်ငန်းစဉ်ဆောင်ရွက်ခြင်း ဟူ၍ရှိကြောင်း၊ ရက် (၁၀၀) အတွင်း ဖြစ်မြောက်နိုင်မည့် မျှော်လင့်ချက်ဖြစ်ရန်လိုအပ်ကြောင်း၊ ယခုရက်(၁၀၀) အတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ ၁၅/၀ မိုင် မှ ၂၅/၀ မိုင် ထိလမ်းပိုင်းနှင့် ၁၆၃/၀ မိုင်မှ ၁၇၃/၀ ထိလမ်းပိုင်း စုစုပေါင်း လမ်းမိုင် ၂၀ ကို အဆင့်မြှင့် တင်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊အခြေခံစံနှုန်းတစ်ခုရရှိရန် ဆောင်ရွက်ခြင်း လည်းဖြစ်ကြောင်း၊ ထိုစံနှုန်းကို ရယူပြီး ဆက်လက်လုပ်ဆောင်ရမည့် အမြန်လမ်းမကြီး ၃၆၆ မိုင်၃ဖာလုံတွင်ကုန် ကျမည့် ကုန်ကျစရိတ်ကို နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု ထံပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြမည်ဖြစ်ကြောင်း၊ ၄င်းအပြင် ၀န်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်၌ အထပ် ၅ ထပ်တွင် အခန်း ၄၀ ပါဝင်သည့် စံနမူနာ တန်ဖိုးနည်း အိမ်ရာတစ်ခ တည်ဆောက်ခြင်းအပါအ၀င် ပြည်သူများ အိမ်ဂရမ်လျောက်ထားခြင်းကို ဆောလျင်စွာ ဆောင်ရွက် ပေးရေးအစီအစဉ်လည်း ပါဝင်ကြောင်းပြောကြားပြီး အခမ်အနားသို့ တက်ရောက်လာသည့် ပြည်တွင်းပြည်ပ သတင်း မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဖြေကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရေးနှင့်စပ်လျဉ်း၍ ၁၉၅၉ ခုနှစ်၊ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ အစိုးရနှင့်အ မေရိကန်အစိုးရတို့၏ သဘောတူ စာတမ်းအရ နိုင်ငံခြားအတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့တစ်ခုဖြစ်သည့် လူဝီဘာဂျာနှင့်အဖွဲ့ (Louis Ber Ger & Associates) သည်ရန်ကုန်နှင့်မန္တလေးမြို့အကြား ခေတ်မီလမ်း တစ်လမ်း ဖောက်လုပ်ရေးအတွက် "ရင်းနှီးမြုပ်နှံမှုအကြိုလေ့လာရေး လုပ်ငန်း"ကို ဆောင်ရွက်ခဲ့သည်။
၁၉၆၀ ခုနှစ်ဖေဖော်ဝါရီလအတွင်းအဆိုပါ အတိုင်ပင်ခံအင်ဂျင်နီယာ အဖွဲ့သည်" ရန်ကုန်-မန္တလေးလမ်းစီမံကိန်း ပဏာမအင်ဂျင်နီယာ အစီရင်ခံစာ" ကိုမြန်မာ အစိုးရသို့တင်ပြခဲ့သည်။ ထိုစဉ်ကအဆိုပြုထားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းသည် (၂) လမ်းသွားအဆင့်ဖြစ်ပြီး  အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။
၁၉၇၇ ခုနှစ်တွင်ဆောက်လုပ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သည့်ရိုးမတောင်ခြေ လမ်းအူကြောင်း သစ်အရရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေးအတွက် ယခင်ပြည်ထဲရေး၊ သာသနာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနတို့ ပူပေါင်း အကောင်ထည်ဖော်သွားရန်ဖြစ်ပြီး ၁၉၇၈ခုနှစ်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းဖောက် လုပ်ရေးလုပ်ငန်းအတွက် လမ်းအူကြောင်းရှာဖွေတိုင်းတာခြင်းနှင့် တည်ဆောက်ခြင်း လုပ်ငန်းကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါအမြန်လမ်းသည် လှေလှော်အင်းမှမိတ္ထိလာအထိခန့်မှန်းအလျားမိုင် ၃၀၀ ခန့်ရှိပြီး ၁၉၇၉ခုနှစ်၊ ဧပြီ(၁) ရက်မှစတင်၍ ၁၉၈၉ခုနှစ်၊ မတ်(၃၁)ရက်ထိ (၁၀)နှစ်တာ ကာလအတွင်း အပြီးသတ်ဆောင်ရွက်ရန် လျာထား ဆောင်ရွက်ခဲ့ရာတွင် လှေလှော်အင်း အနီးလမ်းအစပိုင်း၃မိုင်၁ဖာလုံခန့်ကို (၄) လမ်းသွား ကွန်ကရစ်လမ်းပိုင်းနှင့် ၄င်းလမ်းပေါ်ရှိ ကွန်ကရစ်တံတား (၃) စီးသာ တည်ဆောက်ပြီးစီးခဲ့ပြီး စီမံကိန်းရပ်ဆိုင်းသွားခဲ့သည်။
ယင်းနောက် ၂၀၀၂ ခုနှစ်တွင် ယခုရန်ကုန်-မန္တလေး အမြန်လမ်း စီမံကိန်းပဏာမ လုပ်ငန်းများဖြစ်သည့် လမ်းအူကြောင်းရှာဖွေခြင်းနှင့် အသေးစိတ်တိုင်းတာ ပုံထုတ်ခြင်း စသည့်အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ် မတ်လ(၃၀)ရက် တွင်ကျင်းပသည့် အထူးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့၏ အစည်းဝေးအမှတ်စဉ်(၁/၂၀၁၄) က (၄)လမ်းသွားကတ္တရာ လမ်းမကြီးအဖြစ်တည်ဆောက် ရန် ဆုံးဖြတ်ခဲ့ရာ အဆိုပါဆုံးဖြတ်ချက်အရ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းကို စတင် ဆောင်ရွက်ခဲ့ရာအကြို အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက် နေစဉ်မှာ ပင်ကွန်ကရစ်လမ်းမကြီးအဖြစ် ဆက်လက် တည်ဆောက်ခဲ့သည်။
ရန်ကုန်-နေပြည်တော် လမ်းပိုင်းဖြစ်သည့် အမှတ်(၃)လမ်းဆုံမိုင်တိုင်(၀/၀)မှ မိုင်တိုင် (၈၃/၆)ထိနှင့် မိုင်တိုင်၁၇၃/၁မှ မိုင်တိုင် ၂၂၁/၁ ထိကိုပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက လည်းကောင်း၊  မိုင်တိုင်(၈၃/၆)မှမိုင်တိုင် (၁၇၃/၁)ထိကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ရုံးကလည်းကောင်း တည်ဆောက်ခဲ့သည်။
နေပြည်တော်-မန္တလေးပိုင်းဖြစ်သည့် မိုင်တိုင်(၂၂၁/၁)မှ မိုင်တိုင်(၃၀၄/၀)ထိကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူရုံး ကလည်းကောင်း မိုင်တိုင်(၃၀၄/၀)မှ မိုင်တိုင် (၃၆၆/၃) ထိကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကလည်းကောင်း တည်ဆောက် ခဲ့ကြသည်။
ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးသည် မိုင်ပေါင်း(၃၆၆)မိုင်၊ (၃)ဖာလုံ ရှည်လျားပြီး ရန်ကုန်-ပဲခူး-နေပြည်တော်-မန္တလေး စသည့် တိုင်းဒေသကြီး (၄) ခုကိုဆက်စပ်လျက်ရှိကာ မြို့နယ်ပေါင်း(၁၅)ခု၊ ကျေးရွာ ပေါင်း (၁၅၆)ရွာနှင့် ဆက်စပ်နေသောမြို့နယ်/ ခရိုင်ခွဲများသို့ သွားလာနိုင်သည့် လမ်းမကြီးတစ်ခုဖြစ်သည်။

ရန်ကုန်-နေပြည်တော်- မန္တလေးအမြန်လမ်းမကြီးကို စတင်တည်ဆောက်စဉ်က (၈) လမ်းသွားဟု သတ်မှတ်ခဲ့သော် လည်း ၂၀၀၉ ခုနှစ်တွင် (၄) လမ်းသွားအဖြစ် အသုံးပြုခဲ့ပြီး (၈) လမ်းသွားအဖြစ် အသုံးပြုနိုင်ရန်မြေသားလမ်းကို ဆောက်ရွက်ပြီး ဖြစ်သည်။   

No comments:

Post a Comment