Thursday, April 28, 2016

ယခုနှစ်ငါးမဖမ်းရရာသီတွင်ငါးဖမ်းရေယာဉ်များအားပိုမိုလျှော့ချမည်


သတင်း-မောင်စိန်လွင်၊ ဓာတ်ပုံ-မင်းထက်

ရန်ကုန် ဧပြီ ၂၇

ယခုလာမည့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ရေပြင်များတွင် မြန်မာနိုင်ငံငါးသယံ ဇာတတိုးပွားရေးနှင့် နောင်အနာဂတ် မျိုးဆက်သစ်များ စိုးရိမ်ပူပန်မှု မဖြစ် ပေါ်စေရေးအတွက် ယခုနှစ်ငါးမဖမ်း ရ ရာသီတွင် ငါးဖမ်းရေယာဉ်များ ကို ယခင်ထက် ပိုမိုလျှော့ချမည်ဖြစ် ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

''ကျွန်တော်တို့ ဒီနေ့လုပ်တဲ့ ငါး လုပ်ငန်းဦးစီးဌာနနဲ့ လုပ်ငန်းရှင်တွေ ရဲ့ အလုပ်ရုံဆွေးနွေးပွဲကတော့ အဓိကအားဖြင့် ငါးသယံဇာတ ရေရှည်တည်ရှိနေဖို့အတွက် ဆွေးနွေး တာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ငါး သယံဇာတကို ရေရှည် သားစဉ် မြေးဆက် ဖမ်းဆီးစားသုံးစေချင် တယ်။ 


ဌာနအနေနဲ့ကတော့ ဒီကာလမှာ ပြည့်ပြည့်ဝဝ ထိန်းသိမ်းစေချင်တယ်။ ဒါပေမယ့် တစ်ဖက်ငါးဖမ်းရေယာဉ် သင်္ဘောတွေ၊ ရေလုပ်သားတွေရဲ့ အခက်အခဲကလည်း ရှိသေးတော့ အားလုံး ပူးပေါင်းဆောင်ရွက်သွား မှာပါ။ အရင်နှစ်တွေကထက်တော့ ငါးမဖမ်းရရာသီမှာ ငါးဖမ်းရေယာဉ် သင်္ဘောတွေကို ပိုမိုပြီးတော့ လျှော့ချ နိုင်မယ်လို့ မျှော်လင့်တယ်။ ဒါက လည်း မြန်မာနိုင်ငံ ငါးသယံဇာတ ရေရှည်တိုးပွားတည်တံ့စေဖို့ ဖြစ်ပါ တယ်''ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင် မော်က ပြောကြားသည်။ 

မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ ပင်လယ်ပြင်၏ ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာ သတ်မှတ်ရေးကို ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်တွင် တနင်္သာရီငါးဖမ်းကွက်ကို ကန့်သတ် တားမြစ်ခဲ့သည်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် တွင် မြန်မာ့ပင်လယ်ပြင် ငါးဖမ်း ကွက်အားလုံးကို ငါးဖမ်းရေယာဉ် ၇၅ ရာခိုင်နှုန်း ခွင့်ပြုခဲ့ပြီး ၂၅ ရာခိုင်နှုန်းကို တားမြစ်ခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ခွင့်ပြုငါးဖမ်း ရေယာဉ် ၆၅ ရာခိုင်နှုန်းကို ခွင့်ပြု ခဲ့ပြီး ၃၅ ရာခိုင်နှုန်းကို တားမြစ်ခဲ့ သည်။ တစ်ဖန် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ငါးမဖမ်းရရာသီတွင် ခွင့်ပြုငါးဖမ်း ရေယာဉ် ၅ဝ ရာခိုင်နှုန်းနှင့် တားမြစ် ရေယာဉ်ကို ၅ဝ ရာခိုင်နှုန်း သတ်မှတ် ခဲ့သည်။ ယခုနှစ်တွင်မူ မြန်မာ့ ပင်လယ်ပြင် ပူနွေးလာမှုနှင့် အတူ ငါးသယံဇာတ ရှားပါးလာမှုတို့ ကြောင့် ငါးမဖမ်းရရာသီတွင် သတ်မှတ်ငါးဖမ်းရေယာဉ် ခွင့်ပြုမှု ရာခိုင်နှုန်းကို ယခင်နှစ်များကထက် ပိုမိုလျှော့ချနိုင်ရန် စီစဉ်လျက်ရှိသည်။ 


''မြန်မာနိုင်ငံအနေနဲ့ ငါးသယံ ဇာတကို ဘယ်လိုမှ ထိန်းကျောင်းမှု မလုပ်ဘဲ ဆက်သွားမယ်ဆိုရင် သုတေသနပြုချက်အရ ပြန်သုံးသပ် လိုက်ရင် နောက်ထပ်ငါးနှစ်လောက် ဆို တော်တော်လေးကို ဆိုးဆိုးရွားရွား ကျသွားမှာပါ။ ဒါပေမယ့် ထိန်းသိမ်း ရေးအစီအမံတွေလုပ်ဖို့ နောက်မကျ သေးပါဘူး။ လုပ်လို့ရပါသေးတယ်။ ကျွန်တော်တို့ဆီမှာက အပူပိုင်းရာသီ ဖြစ်တာကြောင့် တစ်နှစ်ကို တစ်ကြိမ် ကနေ သုံးကြိမ်အထိ သားပေါက်နိုင် တဲ့ ငါးမျိုးစိတ်တွေ ကျန်ပါသေးတယ်၊ ဒါကြောင့် ဒီနေ့ လုပ်ငန်းရှင်တွေနဲ့ ငါးလုပ်ငန်းဦးစီးဌာနက ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ အရင်နှစ် တွေက ငါးမဖမ်းရရာသီမှာ ခွင့်ပြုခဲ့တဲ့ ငါးဖမ်းရေယာဉ်တွေကို အခုနှစ်မှာ ပိုမိုလျှော့ချနိုင်စေဖို့ ရည်ရွယ် လုပ်ဆောင်တာဖြစ်တယ်''ဟု ငါး လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက ပြောကြား သည်။ 

မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ ပင်လယ်ပြင် ငါးသယံဇာတ သုတေသနလုပ်ငန်းများကို ၁၉၇၉-၁၉၈ဝ ခုနှစ်က စတင်လုပ်ဆောင် ခဲ့ပြီး ဒုတိယအကြိမ်ကို ၂ဝ၁၃ ခုနှစ် နှင့် တတိယအကြိမ်ကို ၂ဝ၁၅ ခုနှစ် တို့တွင် နော်ဝေနိုင်ငံ ငါးသုတေသန ပညာရှင်များဖြင့် ပူးပေါင်းလုပ်ဆောင် ခဲ့သည်။ ယင်းသုတေသနပြုချက် များအရ ၁၉၇၉-၁၉၈ဝ ခုနှစ်တွင် ရေပေါ်/ရေအောက် ငါးသယံဇာတ တန်ချိန် ခုနစ်သိန်းငါးသောင်း၊၂ဝ၁၃ ခုနှစ်တွင် ရေပေါ်/ရေအောက် ငါးသယံဇာတ တန်ချိန် သုံးသိန်းကိုးသောင်းရှိခဲ့ကြောင်း သိရသည်။ 
အဆိုပါ သုတေသနပြုချက် နှစ်ခု၏ နှစ် ၃ဝ အတွင်း ကွာခြားမှုမှာ ရာခိုင်နှုန်း ၉ဝ မြန်မာနိုင်ငံ ငါး သယံဇာတ ကျဆင်းသွားခဲ့ကြောင်း တွေ့ရှိရသည်။ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် နော်ဝေငါးလုပ်ငန်းပညာရှင် များနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီး တို့ သုတေသန နောက်ဆုံးတွေ့ရှိချက် အရ မြန်မာနိုင်ငံ၏ ရေပေါ်/ရေ အောက် ငါးသယံဇာတတန်ချိန်မှာ ငါးသိန်းခြောက်သောင်းအထိ တွေ့ရှိ ခဲ့သဖြင့် မြန်မာနိုင်ငံ ငါးသယံဇာတ မှာ ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ သို့သော် မြန်မာနိုင်ငံ ငါးသယံဇာတ ယခင်ထက် ပိုမိုလျော့ နည်းလာခြင်းကြောင့် ရေခူများမှာ ငါးသယံဇာတနေရာများတွင် အတော် အတန် နေရာယူလာကြောင်းနှင့် နောင်တွင် ငါးသယံဇာတ ရှားပါးခြင်း ၏ အကြောင်းရင်းတွင် ရေခူများက အဓိက ပါဝင်လာနိုင်ကြောင်း သုတေ သနပြုချက်များ အရသိရသည်။ 

မြန်မာနိုင်ငံတွင် မြန်မာ့ပင်လယ် ပြင်ဖြစ်သည့် ရခိုင်၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီနှင့် ရန်ကုန် ငါးဖမ်းကွက်တို့၌ ငါးမဖမ်းရရာသီအဖြစ် ငါးသားပေါက် ချိန်၊ ကြီးထွားချိန်တို့ဖြစ်သည့် နှစ်စဉ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့ကို သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတကာတွင်လည်း ငါးမဖမ်းရ ရာသီ သတ်မှတ်လျက်ရှိရာ အိမ်နီး ချင်းနိုင်ငံများဖြစ်သည့် တရုတ်တွင် နွေရာသီ သုံးလ၊ ဘင်္ဂလားဒေရှ့်တွင် ဇန်နဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ တစ်လ၊ ထိုင်းတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ မေ ၁၅ ရက် အထိ သုံးလ၊ ကမ္ဘောဒီယားတွင် ဇွန်မှ စက်တင်ဘာအထိ၊ အင်ဒိုနီးရှားတွင် စက်တင်ဘာမှ အောက်တိုဘာအထိ နှစ်လ၊ အိန္ဒိယ တွင် ဇွန်မှ စက်တင်ဘာအထိတို့ကို ငါးမဖမ်းရ ရာသီများအဖြစ် သတ်မှတ်ခဲ့ကာ ဖမ်းဆီးခွင့် ဧရိယာ များကိုလည်း ကန့်သတ်လျက် ရှိကြောင်း သိရသည်။ 

No comments:

Post a Comment