Tuesday, April 26, 2016

အငှားအိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးခြင်းဖြင့် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုကို အထောက်အကူပြု


မန္တလေး ဧပြီ ၂၅
အခြေခံလူတန်းစားများအတွက် အငှားအိမ်ရာများနှင့် တန်ဖိုးနည်း အိမ်ရာများကို မန္တလေးမြို့အတွင်း နေရာအနှံ့ အပြား တည်ဆောက်ပေးခြင်းဖြင့် အိမ်ခြံမြေဈေး နှုန်းများကျဆင်းမှုကို အထောက်အကူပြုနိုင်ကြောင်း မန္တလေး မြို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ကျူးကျော် ဝင်ရောက် နေထိုင်လျက်ရှိကြသော အခြေခံ လူတန်းစားများအတွက် အဆိုပါအိမ်ရာများ တည်ဆောက်ပေးပြီး သင့်တော်သောနှုန်းထားဖြင့် ငှားရမ်း ရောင်းချ ပေးခြင်းဖြင့် မန္တလေးမြို့၏ မြင့်တက်နေသည့် အိမ်ခြံမြေဈေးနှုန်းများလည်း ကျဆင်းသွားနိုင် သည့်အပြင် မြေယာပြဿနာများလည်း ကင်းရှင်းသွားမည်ဖြစ်ကြောင်း မန္တလေးမြို့ရှိ မန်းမြေရာဇာအိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ ဦးကျော်ဝင်းက ပြောသည်။
''မြေယာကိစ္စတွေက လက်ရှိပြည်သူ့အစိုးရအတွက် အဓိကစိန်ခေါ်မှုကြီးပဲ။ ဒါကိုကိုင်တွယ်ဖို့က ပထမဆုံး ကျူးကျော်တွေအတွက် နေထိုင်ဖို့သင့်တင့်တဲ့ အိမ်ရာတွေကိုစီစဉ်ပေးပြီး အရင်ဆုံးဖြေရှင်းရမယ်။ မန္တလေးမှာက အရပ်လေး မျက်နှာတင်မက အရပ်ရှစ်မျက်နှာအထိ ကျူးကျော်နေထိုင်သူတွေ အများကြီး ရှိနေတယ်။ ဒါကြောင့် အိမ်ရာတွေကို အရပ်ရှစ်မျက်နှာအထိ ဆောက်ပေးပြီး လမ်းဘေးကျူးကျော်တွေကို အရင်ရှင်းပစ် ရမယ်လို့ ထင်ပါတယ်''ဟု ၄င်းက ပြောသည်။
ထို့အပြင် မြေဈေးနှုန်းကြီးမြင့်မှုသည် ငွေကြေးဖောင်းပွမှုဖြစ်ခြင်းကြောင့် ငွေကြေးကွာဟမှုကို ထိန်းချုပ်ပေးသင့် ကြာင်း ၎င်းက ဆက်လက်ပြောသည်။
''အမှန်တကယ်က မြေဈေးကြီးတာမဟုတ်ဘူး။ ငွေကြေးကွာဟမှုကြောင့် ဖြစ်နေတာပါ။ ကျွန်တော်တို့ မြန်မာငွေ က တရုတ်ငွေတန်ဖိုးနဲ့ဆို အဆ ၂ဝဝ၊ ထိုင်းနဲ့ဆို အဆ ၄ဝ၊ ဒေါ်လာနဲ့ဆို အဆထောင်ကျော် ကွာဟနေတဲ့ အတွက် မြန်မာငွေနဲ့တွက်ရင် မြေဈေးကကြီးတယ်လို့ ထင်စရာဖြစ်နေတာ ပါ။ငွေဈေး ညီမျှမှုရှိရင် ဒီပြဿနာ ပြေလည်သွားမှာပါ''ဟု ၄င်းက ဆိုသည်။

လက်ရှိ မန္တလေးမြို့တွင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကျူးကျော်နေထိုင် ကြသည့် အခြေခံလူတန်းစားများ အတွက် အငှားအိမ်ရာများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တည်ဆောက်ပေးခဲ့ပြီး တစ်လ လျှင် ငွေကျပ် ၃ဝဝဝဝ နှုန်းဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment