Wednesday, April 27, 2016

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များဆွေးနွေး


နေပြည်တော် ဧပြီ ၂၇

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း ဝင်းသည် ဩစတြေးလျားနိုင်ငံ၊သံအမတ်ကြီး  H.E. Mr. Nicholas Coppel  အား ယနေ့နံနက် (၉) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံဆွေးနွေးရာတွင် ဩစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊သစ်တော၊ မြေတိုင်းတာခြင်း၊ မြေပုံထုတ်ခြင်းနှင့် သတ္တုတူးဖေါ်ခြင်းတို့တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ဩစတြေးလျနိုင်ငံမှ လက်ရှိပေးအပ်လျက်ရှိသည့် ပညာသင်ဆုများ၊ Commonwealth  Scientific and Industrial Research Organisation  (CSIRO ) နှင့် သစ်တော သုတေသနဌာနတို့ သစ်မျိုးစေ့ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် အနာဂတ် ကာလ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ သက်ရောက်မှုရှိလာစေရန် ဆောင်ရွက်မှုများ၊ ဩစတြေးလျ သတ္တုကုမ္ပဏီများမှ နည်းပညာ၊ ကျွမ်းကျင်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော နည်းလမ်းအသုံးပြုမှုများ၊ ဝန်ကြီးဌာန၏ လတ်တလော ဦးစားပေးလုပ်ငန်းစဉ် များအပါအဝင် ဩစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။


ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

No comments:

Post a Comment