Friday, April 29, 2016

ကျန်းမာရေးဝန်ကြီးဌာန၏ရက် (၁၀၀)စီမံချက်မှ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ဆေးရုံ(၁၀၀)တွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်သွားမည်


နေပြည်တော်  ဧပြီ ၂၉
ကျန်းမာရေး ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်တွင်ပါဝင်သော လုပ်ငန်းတစ်ခုဖြစ် သည့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရေးအထိမ်းအမှတ်ရက်သတ္တပတ်လုပ်ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် မြန်မာနိုင်ငံတွင် ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းများကို ကလေးငယ်အားလုံးနှင့် ပြည်သူလူထုအတွက် တိုးတက်ဆောင်ရွက် နိုင်ရန်၊
 




ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်း ပါဝင် လာစေရန် ရည်ရွယ်ချက်များဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရေး အထိမ်းအမှတ်ရက်သတ္တပတ် လုပ်ငန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီး ဌာန၊  ပြည်ထောင်စု ဝန်ကြီး ဒေါက် တာမြင့်ထွေး က ကျန်းမာရေးဝန်ကြီး ဌာနမှ ဆောင်ရွက်မည့် ကာကွယ် ဆေးထိုးနှံ၊  တိုက်ကျွေးရေးရက်သတ္တပတ် လုပ်ငန်း များနှင့် ပတ်သက်၍ အမှာ စကား‌ ပြောကြားသည်။
ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းမြှင့်တင် နိုင်စေရန်   ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းများ(Community Clinics)ကိုဖွင့်လှစ်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းကို ပြည်သူလူထုပိုမို လက်လှမ်းမီစေရန်အတွက်(၂၀၁၆)ခုနှစ်အတွင်း ဆေးရုံ(၁၀၀)တွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်း။
အထူးသဖြင့် ပုံမှန်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု(၈၀)ရာခိုင်နှုန်းအောက် ရောက်ရှိနေသည့်မြို့နယ်များတွင် ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်း များအသုံးပြု၍ လူထုနှင့် ဆက်သွယ် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဗဟိုအဆင့်တွင် သာမက တိုင်းဒေသကြီး/ ပြည်နယ် များတွင် လူထုကိုယ်စားလှယ်များက ပါဝင်၍ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ် ကြောင်း။
ပိုလီယိုရောဂါ တိုက်ဖျက်ရာတွင်လည်း တစ်ကမ္ဘာလုံးနည်းတူ Type 2 Wild Polio Virus ကိုတိုက်ဖျက်နိုင်သည့် အထိမ်း အမှတ်အဖြစ် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရေး အထိမ်းအမှတ် ရက်သတ္တပတ်ကို ကျင်းပ ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း ပြောကြားသည်။
ကျန်းမာရေးဝန်ကြီး ဌာနနှင့် နှီးနွယ်ဆက်စပ်သော ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော  လူမှုရေးအဖွဲ့အစည်း များအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားကြရန်၊ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး ခြင်း  လုပ်ငန်းများတွင် သတင်းမီဒီယာများ၏ ပံ့ပိုးမှုသည်လည်း အထူး အရေးကြီးပါ ကြောင်း၊ မြန်မာနိုင်ငံရှိ(၅)နှစ်အောက် ကလေးများတွင် သေဆုံးမှုအများဆုံးသော ကူးစက် ရောဂါများမှ အကာအကွယ် ပေးနိုင်ရန်အတွက် ပြည်သူလူထု တစ်ရပ်လုံးကပါ အမျိုးသား ရေးတာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပါဝင်ကြရန်  ပြောကြားသည်။
ယင်းနောက် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း အထိမ်းအမှတ် မှတ်တမ်းတင် ဗီဒီယိုကိုပြသသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း အထိမ်း အမှတ်ပြခန်း ငယ်အား လှည့်လည်ကြည့်ရှု သည်။
အဆိုပါအခမ်းအနား ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌနှင့်အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အား ကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဥက္ကဌနှင့်အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌနှင့် အတွင်းရေးမှူး၊ UNICEF၊ WHOနှင့် လူမှုရေး အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

No comments:

Post a Comment