၂ဝ၁၆ ခုနှစ် ဧပြီလ
၂၄ ရက်၊ တနင်္ဂနွေနေ့။
ရှင်နေမင်းကြီး၏
တစ်ကိုယ်တော်လက်စွမ်းပြကာလ။
ပူပြင်းသောနွေရာသီ၏
ပွေ့ဖက်ကျီစယ်မှုကိုခံယူလျက် ရန်ကုန်တိုင်းဒေသ ကြီး ကော့မှူးမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးတာဝန်ဖြင့်
ရောက်ရှိခဲ့ရပါသည်။ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးသောဒေသဖြစ်၍ ရန်ကုန်ရွှေမြို့တော်ကြီး
မှ စောစီးစွာထွက်ခွာခဲ့မိသည်။ ရန်ကုန်မြို့တော်နှင့် များစွာမကွာလှမ်းသော ဒေသဖြစ်သော်လည်း
ဖွံ့ဖြိုးမှုကတော့ ကွာလှမ်းနေပါသည်။ ဘာကြောင့်လဲ ဆိုသည့် ပုစ္ဆာအပေါ်အဖြေရှာရန်လည်း ကြိုးစားခဲ့မိပါသည်။
အဖြေရှာရခက်ခဲသော ပုစ္ဆာတစ်ပုဒ်ပင်။
ရိုးသားသောတောင်သူလယ်သမားများ၏
ရိုးစင်းသော မျက်နှာများစွာ ကိုတွေ့မြင်ခဲ့ရသော်လည်း မပြည့်စုံသောအခြေခံအချက်များသည်
အဖြေ ထုတ်ရန်ခက်ခဲသော အခြေအနေကို ဖန်တီးနေပါသည်။
မြေပုံနှင့် စာရင်းအင်းအချက်အလက်တွဲ၍ဆောင်ရွက်မှုကို LIS (Land Information System)
ခေါ်ကြောင်းကြားဖူးပါသည်။ ကွန်ပျူတာဖြင့်သာ ဆောင်ရွက်နိုင်သူတို့သည် မြန်မာတို့၏
LIS ကို အံ့သြကြပါလိမ့်မည်။ မိမိတို့နိုင်ငံ၌ လက်ဖြစ်LIS များစွာရှိပါသည်။ လူလုပ်အားဖြင့်
ကွင်းဆင်း တိုင်းတာထားသောမြေပုံ၊ လူလုပ်အားဖြင့် နှစ်ပေါင်းများစွာကတည်းက ပြုစုထိန်းသိမ်းလာခဲ့သော
စာရင်းအင်းကိန်းဂဏန်းများသည် ဌာနတစ်ခု တွင် နှစ်ပေါင်း ၁ဝဝ လောက်ကတည်းက ခိုင်ခိုင်မာမာရှိခဲ့ပြီး
ဖြစ်ပါသည်။ ထိုဌာနသည် မြေပုံနှင့်စာရင်းအင်းကို နှစ်ပေါင်းများစွာမှပင် စွဲစွဲမြဲမြဲသုံးစွဲ
လျက်ရှိပါသည်။ နိုင်ငံတော်မှမေ့လျော့နေသော ထိုဌာန၌ မြေပုံစာရင်း မှတ်တမ်းများ ရှိနေခဲ့သည်မှာ
အမှန်ပင်ဖြစ်ပါသည်။ မြန်မာတို့၏လက်ဖြစ် LIS ပါပေ။ မြန်မာတို့သည် လက်ဖြစ် LIS များဖြင့်
နှစ်ပေါင်းများစွာ ကတည်းက ရုန်းကန်နေခဲ့ကြပါသည်။
ထိုစာရင်းမှတ်တမ်းများအရ ကော့မှူးမြို့နယ်၏ အကျယ်အဝန်းသည် ဧရိယာ ၁၅၄၃ဝ၁ ဧကရှိကြောင်း
တွေ့ရှိရပါသည်။ ထိုအကျယ်အဝန်း၏ ၈၂ ဒသမ ၂၄ ရာခိုင်နှုန်း (၁၂၆၉ဝ၄) ဧကသည် စိုက်ပျိုးမြေဖြစ်၍သစ်တော
မြေ ၁ ဒသမ ၆၅ ရာခိုင်နှုန်း (၂၅၄၇) ဧက ၊ မြေရိုင်း ဝ ဒသမ ၄၃ ရာခိုင်နှုန်း (၆၆၉) ဧက၊
စိုက်ပျိုးခြင်းမပြုသောမြေ ၁၅ ဒသမ ၆၇ ရာခိုင်နှုန်း (၂၄၁၈၁) ဧကတို့ တည်ရှိနေကြောင်း
တွေ့ရှိရပါသည်။
မြို့နယ်အကျယ်အဝန်း၏
၈၂ ဒသမ ၂၄ ရာခိုင်နှုန်းသည် စိုက်ပျိုးမြေ ဖြစ်သော်လည်း ယင်းအနက် ၇ဝ ဒသမ ၇၂ ရာခိုင်နှုန်း
(၈၉၇၄၉) ဧက သည် လယ်မြေမျိုး၊ ၂၈ ဒသမ ၉၇ ရာခိုင်နှုန်း (၃၆၇၆၃) ဧကသည် ဥယျာဉ် မြေမျိုး၊
ဝ ဒသမ ၃၁ ရာခိုင်နှုန်း ၃၉၂ ဧကသည် ဓနိမြေမျိုးတို့ တည်ရှိ နေကြောင်း တွေ့ရှိရပါသည်။
ထိုစိုက်ပျိုးမြေများတွင် သီးနှံ ၂၁ မျိုးစိုက်ပျိုးလေ့ရှိကြောင်း တွေ့ရှိ ရသော်လည်း
လယ်မြေအားလုံး၏ ၉၈ ဒသမ ၃၁ ရာခိုင်နှုန်းတွင် စပါး ကိုသာ အဓိကထားစိုက်လေ့စိုက်ထရှိကြောင်း
တွေ့ရှိရပါသည်။ စပါးတွင် မှ သက်ကြီးစပါးမျိုးသာ အဓိကစိုက်ပျိုးကြ၍ ကြက်ပေါင်စေး ၄၁၈၈
ဧက သည် ဒုတိယအများဆုံး၊ တတိယမှာ ဟင်းသီးဟင်းရွက် မိုး ၂၃ဝ၂ ဧကနှင့် ဆောင်း ၈၂၃ ဧကဖြစ်ကြောင်း
တွေ့ရှိရပါသည်။ ငှက်ပျောသည် စတုတ္ထ အများဆုံးဖြစ်ပြီး ၉၃၅ ဧကစိုက်ပျိုးထားကြောင်း မှတ်တမ်းများ
အရတွေ့ရှိရပါ သည်။ ကျန်သီးနှံများမှာ ဧရိယာအနည်းငယ်မျှစီသာ ရှိပါသည်။
စိုက်ပျိုးခြင်းမပြုနိုင်သော မြေများတွင်လည်း မြစ်ချောင်းနှင့်ရေအောက်မြေ သည် ၃ဝ ဒသမ
၅၃ ရာခိုင်နှုန်းရှိ၍ အများဆုံးဖြစ်ကာ ၇၃၈၂ ဧကတည်ရှိ ကြောင်း တွေ့ရှိရပါသည်။ ဒုတိယအများဆုံးမှာ
၂၈ ဒသမ ၈၉ ရာခိုင်နှုန်း ရှိသော ကျွဲ၊ နွားစားကျက်မြေ ၆၉၈၇ ဧကဖြစ်ပြီး တတိယအများဆုံးမြေမျိုး
မှာ ၁၃ ဒသမ ဝ၈ ရာခိုင်နှုန်းရှိသော ဆည်မြောင်း၊ ကန်၊ တာတမံမြေ ၃၁၆၄ ဧကဖြစ်ကြောင်း တွေ့ရှိရပါသည်။
မြစ်ချောင်းရေအောက်မြေနှင့် ဆည်မြောင်း ကန်တာတမံမြေ နှစ်မျိုးပေါင်းလျှင် ၁ဝ၅၄၆ ဧက(၄၃
ဒသမ ၆၁) ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရ၍ စိုက်ပျိုးခြင်းမပြုနိုင်သော အခြားမြေမျိုးတွင်
အများဆုံး တည်ရှိနေသော မြေမျိုးဖြစ်ပါသည်။
ထိုစာရင်းအင်းကိန်းဂဏန်းများအရ
စိုက်ပျိုးရေးကိုသာ အဓိကထားနေ သော မြို့နယ်၊ထိုစိုက်ပျိုးရေးလုပ်ငန်းတွင်လည်း စပါးကိုသာ
အဓိကထားနေ သော ဒေသ၊ စပါးတွင်လည်း သက်ကြီးစပါးမျိုးနှင့် မိုးစပါးကိုသာ အဓိက ထားနေသော
အခြေအနေကို လျှပ်တစ်ပြက်အချိန်တိုအတွင်း တွေ့မြင်လိုက်မိ ပါပြီ။
သက်ကြီးစပါးမျိုးသာ
အဓိကထားစိုက်သောဒေသသည် နှစ်သီးစိုက်ရန် ခက်ခဲတတ်ပါသည်။ ထိုအထဲတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများဖြစ်ခြင်း၊
ရေငန်ဝင်လေ့ဝင်ထရှိခြင်းများ စသောအကြောင်းတရားများပေါင်းဆုံလျှင် စပါးသည် အထွက်နှုန်းများလေ့မရှိတတ်ပါ။
မေးမြန်းကြည့်တော့လည်း ၃၅-၄ဝ တင်းသာ ပျမ်းမျှထွက်ရှိကြောင်းသိရှိရ၍ စပါးကိုသာ အဓိကမှီခိုနေသော
ပြည်သူလူထုသည် စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အကန့်အသတ်ရှိမည်မှာ အသေ အချာဖြစ်ပါသည်။
ကုန်ကျစရိတ်ကြီးမားခြင်း၊ အထွက်နှုန်းမသေချာ၍ သွင်းအားစုများစွာ မစိုက်ထုတ်နိုင်ခြင်း၊
ထွက်လာသောစပါးများသည်လည်း ဈေးနှုန်းကျခြင်းများကြုံတွေ့လျှင် တောင်သူလယ်သမားတို့၏ဘဝသည်
ပိုမို ခက်ခဲသွားလေ့ရှိပါသည်။ထိုအခါ လယ်ယာလုပ်ငန်းအပေါ် ယုံကြည်မှုနည်း၍ လယ်ယာလုပ်ငန်းအပေါ်
စွန့်ခွာသွားတတ်ပါသည်။ ယခုအခြေအနေ၌လည်း လယ်ယာလုပ်သားရှားပါးကြောင်း ညည်းညူကြသည်ကို
ကြားခဲ့ရပါသည်။ ထို လယ်ယာအလုပ်သမားများသည် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အခြား ဒေသသို့လည်းကောင်း၊
နိုင်ငံခြားသို့လည်းကောင်း ရောက်ရှိသွား၍ ၎င်းတို့၏ ရပ်တည်မှုအတွက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းမျိုးစုံကြုံရာလုပ်ကိုင်ရပါ
တော့မည်။ အခြားဒေသများတွင်လည်း ကျူးကျော်အိမ်ရာ၊ ကျူးကျော် ပြဿနာများ ဖန်တီးလာစရာရှိပါသည်။
မုန့်လုံးစက္ကူကပ်သကဲ့သို့ ကွင်းဆက် သည် ဆက်တိုက်ဆက်တိုက် ဖြစ်လာတတ်ပါသည်။ ဤဖြစ်စဉ်သည်
စိုက်ပျိုးရေး လုပ်ငန်းအပေါ် ယုံကြည်အားထားမှုမဲ့သွားသော ဒေသများတွင် အစဉ်အမြဲ ကြုံတွေ့ရလေ့ရှိသော
အခြေအနေများပင် ဖြစ်ပါသည်။
ယခုပြဿနာကို မည်ကဲ့သို့
ဖြေရှင်းမည်နည်း။
ပညာရှင်များ၏ အကြံဉာဏ်လိုအပ်ပါသည်။
ပညာရှင်များ၏ အကြံဉာဏ်သည် ဒေသဖွံ့ဖြိုးမှုကိုသော်လည်းကောင်း၊ ပြည်သူလူထု၏ဘဝကိုသော်လည်းကောင်း
များစွာပြောင်းလဲစေနိုင်ပါသည်။ ပညာရှင် များ၏ အကြံဉာဏ်သည် ရှင်အဇ္ဇဂေါဏ၏ ဓာတ်လုံးကဲ့သို့
စွမ်းတတ် ပါသည်။
သို့သော် မိမိသည်
ပညာရှင်တစ်ဦးမဟုတ်ပါ။ မိမိဥာဏ်မီသလောက် အဖြေရှာကြည့်ရာတွင် စိုက်ပျိုးရေးကို အဓိကထားသောဒေသဖြစ်၍
စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဝင်ငွေတိုးအောင် လုပ်ကြည့်ပါမည်။ လယ်ယာ လုပ်သားရှားပါး၍
လုပ်အားသုံးစွဲရမှုနည်းသော သီးနှံများစိုက်ပျိုးပါမည်။ သီးနှံကို အဓိကတစ်ကြိမ်စိုက်ရာမှ
သီးထပ်နောက်တစ်ကြိမ် စိုက်နိုင်အောင် ကြိုးစားပါမည်။ စပါးကို သက်ငယ်စပါးမျိုးသာ စိုက်ပါမည်။
လုပ်အား သက်သာ၊ အရင်းအနှီးသက်သာ၍ မြေဆီသြဇာတက်စေသော ပဲသီးနှံကို မဖြစ်မနေ တစ်ကြိမ်ထည့်သွင်းစိုက်ပျိုးပါမည်။
လယ်ယာသုံးစက်ကိရိယာ များ လက်တွေ့သုံးစွဲနိုင်အောင် ဆောင်ရွက်ပါမည်။
လယ်ယာမြေများ မြေဆီသြဇာတက်လာအောင်
တိရစ္ဆာန်ချေးများ ပေါပေါများများ သုံးစွဲနိုင်အောင် စဉ်းစားပါမည်။ မွေးမြူရေးခြံများ
တည် ထောင်ရန် အားပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း၊ တိရစ္ဆာန်အစားအစာ အတွက် အလွယ်တကူရရှိအောင်
ဆောင်ရွက်ပေးခြင်း၊ နွားမွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံများကို နေရာရွှေ့ပြောင်း၍
မွေးမြူခွင့်ပေးခြင်း၊ တိရစ္ဆာန် အညစ်အကြေးများမှ သဘာဝမြေသြဇာများကို အာဟာရဓာတ်ပြည့်ဝစွာ
သိုလှောင်၍ ထိရောက်စွာ ပြန်လည်အသုံးပြုတတ်အောင် ပညာပေးခြင်း များပြုလုပ်ပါမည်။ သဘာဝမြေသြဇာ
ပိုမိုသုံးစွဲခြင်း၊ ပဲသီးနှံကို မဖြစ်မနေ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ဒေသစိုက်ပျိုးမြေများ၏
မြေဆီသြဇာ အခြေအနေကို တိုးမြင့်အောင် ဆောင်ရွက်ပါမည်။ စိုက်ပျိုးမြေများ မြေဆီ သြဇာတက်ပါမှ
သီးနှံအထွက်နှုန်းတိုးလာပါလိမ့်မည်။ အထွက်နှုန်းတိုးမှ ဝင်ငွေတိုးကာ တောင်သူလယ်သမားတို့၏
ဘဝတိုးတက်နိုင်ပါမည်။
မြစ်ချောင်းများပေါများသည့်ဒေသဖြစ်၍
ဇုန်နယ်မြေများသတ်မှတ်ကာ ငါးမွေးမြူရေးလုပ်ငန်းကို အားပေးပါမည်။ လယ်ယာမြေများတွင် ငါးမွေးမြူ
ရေးနှင့်တွဲဖက်လုပ်ဆောင်ပါက လယ်ယာမြေသဘာဝများ အမြန်ပျက်စီးသွား မည်ဖြစ်ပါ၍ ငါးမွေးမြူရေး
ဇုန်နယ်မြေတွင်သာ သီးသန့်ငါးမွေးမြူခြင်း ကို အားပေးပါမည်။ Integrated Farming ပေါင်းစည်းလယ်ယာတွင်
ငါးမွေးမြူရေးကို လိုအပ်၍ထည့်ပါကလည်း ဧရိယာ အချိုးအစားအနည်း အကျဉ်းသာထည့်ပါမည်။
ဝါးများအလေ့ကျ ပေါများစွာ ပေါက်နေသောဒေသဖြစ်၍ ဝါးနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများထူထောင်နိုင်ရန်
အားပေးပါမည်။ ဝါးဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သော သင်တန်းကျောင်းများ ထူထောင်ခြင်း၊
နည်းပညာဖြန့်ဖြူးပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်းများဆောင်ရွက်ပါမည်။ ပျဉ်းမနားဒေသတွင်
ပျဉ်းမနားမျှစ်ချဉ်သည် နာမည် ကြီးဒေသထွက်ကုန်ဖြစ်နေသကဲ့သို့ ဒေသ၏ အမှတ်တံဆိပ် ကုန်စည်
တစ်မျိုးမျိုးထုတ်လုပ်နိုင်ရန်လည်း ဆောင်ရွက်ပါမည်။
ဒေသဖွံ့ဖြိုးရေးဆိုသည်မှာ များစွာကျယ်ပြန့်ပါသည်။ ငွေကြေးအရင်း အနှီး၊ လုပ်အားအရင်းအနှီး၊
နည်းပညာအရင်းအနှီး စသည်တို့လည်း လိုအပ်ပါသည်။ စိတ်ကူးကိုအမိအရအကောင်အထည်ဖော်နိုင်စွမ်းလည်း
ရှိရပါမည်။ စိတ်ကူးသည် လမ်းကြောင်းမှန်ပါက ပြည်သူလူထုကို နေ့ချင်း ညချင်း ဖွံ့ဖြိုးတိုးတက်သွားစေနိုင်ပါသည်။
နိဂုံးချုပ်တင်ပြရလျှင် ဒေသဖွံ့ဖြိုးရေး၏ အဓိကအချက်မှာ အုပ်ချုပ်သူ များ၏ စေတနာမှန်ကန်မှုပင်ဖြစ်ပါသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသည် စေတနာမှန်ကန်စွာဖြင့် ဒေသဖွံ့ဖြိုးရေးကိုဦးလည်မသုန်ဆောင်ရွက်နေ
ကြောင်း တွေ့ရှိရ၍ သာဓုအကြိမ်ကြိမ်ခေါ်မိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ စေတနာကိုလည်း လေးစားမိပါသည်။
ဤသို့သော ပေါင်းဆုံမှုများသည်
အနာဂတ်မြန်မာနိုင်ငံတော်သစ်ကြီး ဆီသို့ ဦးတည်လျှောက်လှမ်း၍ နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်လာပါစေ
ကြောင်း တောင်းဆုပြုအပ်ပါသည်။
မြေကြေးမောင်
No comments:
Post a Comment