Tuesday, April 26, 2016

ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြှင့် သင်တန်းများ စတင်ဖွင့်လှစ်


နေပြည်တော်၊ ဧပြီ၂၅
၂၀၁၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ၏ အသိပညာများဖွံ့ဖြိုးတိုးတတ်စေရန်၊ အားလပ် ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ် အခြေခံနှင့်တန်းမြှင့်သင်တန်းများ၊ တပ်မတော်(လေ)က လေကြောင်း လူငယ်အခြေခံနှင့်တန်းမြှင့် သင်တန်းများ ကို ယနေ့တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီး၌ တစ်ပြိုင်တည်း  ဖွင့်လှစ်ခဲ့ကြသည်။

အဆိုပါ ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၆)ကို သင်တန်းသား၊ သင်တန်း သူ ၆၃ ဦးဖြင့် လည်းကောင်း၊ ရေကြောင်းလူငယ် တန်းမြှင့်သင်တန်းအမှတ်စဉ်(၁/၂၀၁၆) ကို သင်တန်းသား၊ သင်တန်းသူ ၂၇ ဦးဖြင့် လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရ ထွန်းတင် ခန်းမ၌ ဖွင့်လှစ်ရာ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်မှူးချုပ် မိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သင်တန်းများကို   ကျောက်ဖြူမြို့၊   ပုသိမ်မြို့၊  မော်လမြိုင်မြို့၊   မြိတ်မြို့၊ ကျွန်းစုမြို့နှင့် ဟိန်းဇဲတို့ရှိ ရေကြောင်းလူငယ် စခန်းများတွင် စုစုပေါင်း သင်တန်းသားသင်တန်းသူ ၃၀၀ ဦးဖြင့် အသီးသီးဖွင့်လှစ်ခဲ့ရာ  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ရေတပ်စခန်း ဌာနချုပ်မှူးများ တက်ရောက်၍ ဖွင့်လှစ်ပေး ခဲ့ကြသည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းတွင် ရေကြောင်းလမ်းညွှန်အခြေခံ သဘော တရားများ၊ နက္ခတ္တဗေဒနှင့် ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေး ဆိုင်ရာများ၊ အခြေခံအချက်ပြဆက်သွယ်ရေးဆိုင်ရာနှင့် အခြေခံ လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေးမည်ဖြစ်ပြီး တန်းမြှင့်သင်တန်းတွင် အသုံးချရေကြောင်းလမ်းညွှန် ဆိုင်ရာများ၊ နက္ခတ္တဗေဒနှင့် ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အချက်ပြ ဆက်သွယ်ရေးဆိုင်ရာနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။
အလားတူ လေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၁၆)နှင့် လေကြောင်း လူငယ်တန်းမြှင့် သင်တန်းအမှတ်စဉ်(၁/၂၀၁၆)တို့ကို အင်အား ၄၀ ဦးစီဖြင့် စုစုပေါင်း သင်တန်းသား ၈၀ ဦးအား ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၊ အားကစားခန်းမ၌ဖွင့်လှစ်ရာ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် တက်ရောက်၍  အမှာစကားပြောကြားကာ ဖွင့်လှစ် ပေးသည်။
ထို့ပြင်  သင်တန်းဖွင့်ပွဲများကို မြစ်ကြီးနားမြို့၊ နမ့်စန်မြို့၊ မြိတ်မြို့၊ ပုသိမ်မြို့၊ ဟုမ္မလင်းမြို့၊ မိတ္ထီလာမြို့၊ မကွေးမြို့နှင့် တောင်ငူမြို့တို့ရှိ သင်တန်းစခန်းများတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၂၀ ဦးဖြင့် အသီးသီးဖွင့်လှစ်ခဲ့ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် လေတပ်စခန်းဌာနချုပ်မှူးများ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။

လေကြောင်းလူငယ်အခြေခံသင်တန်းတွင် ပျံသန်းရေးဆိုင်ရာနှင့် လေယာဉ်တည်ဆောက်ရေးဆိုင်ရာ သိသင့် သိထိုက်သည်များကို သင်ကြားပေးမည်ဖြစ်ပြီး လေကြောင်းလူငယ်တန်းမြှင့်သင်တန်းတွင် လက်တွေ့ လေယာဉ်တည်ဆောက်မှု၊ အဝေးထိန်း လေယာဉ်ပျံသန်းမှုနှင့် လေယာဉ်ပျံသန်းမှု လက်တွေ့ဆောင်ရွက်ချက် များအား သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့်   ရေကြောင်းလူငယ်အခြေခံ သင်တန်းနှင့် တန်းမြှင့်သင်တန်း များကို   ဧပြီ ၂၅ ရက်မှ မေ ၂၀ ရက်ထိ ရက်သတ္တပတ် ၄ ပတ်ကြာဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

No comments:

Post a Comment