Wednesday, April 27, 2016

ကယားပြည်နယ် အခြေပြုအားလုံးပါဝင်သော ခရီးသွားလုပ်ငန်းစီမံချက်ကြီးကြပ်မှုကော်မတီ၏ တတိယ အကြိမ်မြောက် အစည်းအဝေးကျင်းပ




နေပြည်တော်၊ ဧပြီလ ၂၇

ကယားပြည်နယ် အခြေပြုအားလုံးပါဝင်သော ခရီးသွားလုပ်ငန်းစီမံချက်ကြီးကြပ်မှုကော်မတီ (Project Steering Committee) ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ဧပြီ (၂၆) ရက် နံနက် (၉) နာရီက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့က အဖွင့်အမှာစကားပြောကြားကြသည်။


ဆက်လက်၍ ကယားပြည်နယ် အခြေပြုအားလုံးပါဝင်သော ခရီးသွား လုပ်ငန်းစီမံချက်ကြီးကြပ်မှု ကော်မတီ၏ဥက္ကဌ ဦးအောင်စိုးနှင့် နယ်သာလန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန (CBI) မှ Prof. Rob Van Eijbergen နှင့် နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန (ITC) မှ ဒါရိုက်တာ Mr. Anders Aeroe တို့က အဖွင့်အမှာစကားပြောကြားကြပြီး စီမံကိန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ (ITC) မှ စီမံကိန်းမန်နေဂျာ Mrs. Marie Claude Frauenrath မှရှင်းလင်းပြောကြားသည်။ ထို့နောက် ပြီးခဲ့သည့်  မတ်လက ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပခဲ့သည့် ခရီးသွားပြပွဲတွင် “Diamond Award, the grand prize of the Golden City Gate Awards” ရရှိခဲ့သော မြန်မာနိုင်ငံခရီးသွား လုပ်ငန်းမြှင့်တင် ရေးအတွက် ရိုက်ကူးထား သော မှတ်တမ်းရုပ်ရှင် “To Be Discovered: Kayah State, Myanmar” ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် နယ်သာလန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန (CBI) မှ Prof. Rob Van Eijbergen ၊ နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန (ITC) မှ ဒါရိုက်တာ Mr. Anders Aeroe တို့နှင့် သီးခြားတွေ့ဆုံကာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ၊ ကယားပြည်နယ်အခြေပြုအားလုံးပါဝင်သော ခရီးသွား လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ တွေ့ကြုံရသည့်စိန်ခေါ်မှုအခက်အခဲများနှင့် ကယားပြည်နယ်အပြင် ချင်းပြည်နယ်နှင့် စလေမြို့များတွင် အလားတူစီမံကိန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီစေလိုကြောင်းပြောကြားပြီး (CBI) နှင့် (ITC) မှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီ ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ အစည်းအဝေးဒုတိယပိုင်းကို နံနက် (၁၁) နာရီတွင် ဆက်လက်ကျင်းပရာ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC) မှ အကြံပေး Mr. Peter Richards နှင့် Mr. Pascal Khoo Twe တို့မှ ကယားပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းနှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် စီမံချက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment