Tuesday, April 26, 2016

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များကို သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းပြောကြားမည်

နေပြည်တော် ဧပြီ ၂၆
ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဧပြီ(၂၂)ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၎င်းအားအနားပေးခဲ့သည့် အကြောင်းကြားစာကို လက်ခံရရှိခဲ့ကြောင်းသူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ထိုသို့ အနားပေးခဲ့မှုတွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်အများစုပါဝင်သည့် ပါတီဝင်(၁၇)ဦးလည်းပါဝင် ကြောင်း၊ ၎င်းအနေဖြင့် ပါတီဝင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ပြည်သူ့အကျိုးအတွက် ၎င်း၏နိုင်ငံရေး ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူနေရ၍ နိုင်ငံရေးခံယူချက်ကို လွှတ်တော်အစိုးရ ပြည်သူ များနှင့်အတူ နိုင်ငံနှင့်နိုင်ငံသားအကျိုးစီးပွားအတွက် ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည် ဟုယုံကြည်ပါကြောင်းဖော်ပြထားသည်။
ထိုကိစ္စသည်ပါတီတွင်းနှင့်သာ သက်ဆိုင်သည့်အကြောင်းအရာတစ်ခု ဖြစ်သော်လည်း ၎င်းကဲ့သို့ပြုမူ ဆောင်ရွက် မှုများအပေါ် တည်ဆဲစည်းမျဉ်း၊ စည်းကမ်း ဥပဒေများနှင့် ညီညွတ်မှုရှိ/မရှိကို ပါတီဝင်များ၊ ပြည်သူများနှင့် သက်ဆိုင်ရာတာဝန် ရှိသည့် အဖွဲ့အစည်းများက သုံးသပ်ဆုံးဖြတ်ပေး ရန်လိုအပ်မည်ဟု ယူဆပါကြောင်း ဧပြီ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြား ခဲ့မှုများမှ ကောက်နှုတ်ထားခြင်းဖြစ်ကြောင်းလည်း ရှင်းလင်းဖော်ပြထားသည်။

သူရဦးရွှေမန်းအနေဖြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဧပြီလ ၂၇ ရက် မွန်းလွဲ(၁)နာရီတွင် လွှတ်တော်ဝန်းအတွင်းရှိ ကော်မရှင်အဆောက်အဦ (I-1) တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment