Monday, March 28, 2016

လူနေမှုအရွေ့တစ်ခုနှင့်အတူအဆင့်မီသော မြို့ပြသစ်ဆီသို့




သတင်းဆောင်းပါး-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်၊

 ဆောက်လုပ်ရေးဝန်ကြီးဌာန မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေအများဆုံးနေထိုင်သည့် စီးပွားရေးမြို့တော် ရန်ကုန်သည် မြို့ပြတွင်နေထိုင်သည့် လူဦးရေအချိုးအစား မြင့်မားသည့် နေရာတစ်ခုဖြစ်လာနေသည်။


မြန်မာနိုင်ငံ လူဦးရေ၏ ၁ဝ ပုံ ၁ ပုံ နေထိုင်သည့် မြို့တော်ရန်ကုန်တွင် မြို့ပြဖွံ့ဖြိုးမှု တိုးတက်လာခြင်း၏ ပြယုဂ်အနေဖြင့် လူဦးရေငါးသန်းကျော်အထိ ရှိလာပြီဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး ရန်ကုန်တွင် အခြေချလိုသူ အများအပြားရှိနေသောကြောင့် ရန်ကုန်မြို့တွင် စားရေး၊ ဝတ်ရေးထက် နေရေးသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီဖြစ်သည်။

ပြည်သူများ၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် အစိုးရမြေနေရာများပေါ်တွင် တန်ဖိုးနည်းအိမ်ရာ၊ အငှားအိမ်ရာနှင့် တန်ဖိုး မျှတ အိမ်ရာများကို စီမံကိန်းများရေးဆွဲ ဖော်ထုတ်လျက်ရှိနေသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာအနေဖြင့် လှိုင်သာယာရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ (အနိမ့်ဆုံးဈေးနှုန်း သိန်း ၁၁ဝ)၊ ဗိုလ်ဗထူးနှင့် ဗိုလ်မင်း ရောင် တန်ဖိုးမျှတအိမ်ရာ (အနိမ့်ဆုံးဈေးနှုန်း ကျပ်သိန်း ၂ဝဝ)၊ ရွှေပြည်သာ တန်ဖိုးနည်းအိမ်ရာ (အနိမ့်ဆုံးဈေးနှုန်း ၁ဝ၉ သိန်း) တို့ဖြင့် ရောင်းချပေးခဲ့ပြီး အငှားအိမ်ရာများ ချထားပေးခဲ့သော်လည်း နေရာလိုအပ်ချက်ကမူ မြို့ပြတွင် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

မြို့ပြတွင် နေထိုင်သော ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန သည် ၂ဝ၁၂ ခုနှစ် ဧပြီတွင် စင်ကာပူမြို့ပြဒီဇိုင်းအား နမူနာယူ၍ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်နှင့် ရတနာလမ်းမပေါ်တွင် လူပေါင်းတစ်သိန်း ခန့် နေထိုင်နိုင်မည့် အထပ်မြင့်အိမ်ရာစီမံကိန်းတစ်ခုအား အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင်က ''ဒီစီမံကိန်းက မြန်မာနိုင်ငံ သားတွေ လူနေမှု အဆင့်အတန်းမြင့်မားရေးကို ရည်ရွယ်ပြီး စင်ကာပူမြို့ပြ ဒီဇိုင်းပုံစံမျိုး ဆောင်ရွက်ထားတာပါ။ ကျွန်တော်တို့ အထပ်မြင့်အဆောက်အအုံ စုစုပေါင်း ၄၉ လုံး ဆောက်လုပ်မှာပါ။ အဲဒီ ၄၉ လုံးကို အုပ်စု ၁၁ စု ခွဲပါတယ်။ အဆောက်အအုံက ၁၈ ထပ် အမြင့်ရှိပါမယ်။ အဆောက်အအုံတစ်ခုမှာ အခန်းပေါင်း ၄ဝဝ လောက်ပါမှာဆိုတော့ လူ ၂ဝဝဝ လောက်အကြမ်းဖျင်း နေနိုင်ပါတယ်။ တိုက်အလုံးပေါင်း ၄၉ လုံးဆိုတော့ လူဦးရေ တစ်သိန်းကျော် လောက်နေနိုင်တဲ့ မြို့ပြအဆောက်အအုံကြီး ဖြစ်သွားပါလိမ့်မယ်''ဟု လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ဧရာဝဏ် ရတနာအထပ်မြင့် စီမံကိန်းနှင့်ပတ်သက်၍ ပြောသည်။

ဧရာဝဏ်၊ ရတနာအထပ်မြင့်စီမံကိန်းသည် ယခုအခါတွင် အခန်းပေါင်း ၂၇၆ ခန်း ပါဝင်သည့် အဆောက်အအုံနှင့် အခန်းပေါင်း ၄ဝဝ ပါဝင်သည့် အဆောက်အအုံ စုစုပေါင်း ခြောက်လုံးအား ဆောက်လုပ်ပြီးစီးပြီဖြစ်သည်။

ထို့ကြောင့် မတ် ၁၆ ရက်မှစ၍လျှောက်လွှာများအား စတင်လျှောက်ထား ခွင့်ပြု၍ ရောင်းချပေးနေပြီဖြစ်သည်။ ရောင်းချပေးသည့် အခန်းများသည် စတုရန်းပေ ၆ဝဝ ရှိသည့်အခန်းများနှင့် စတုရန်းပေ ၁၂ဝဝ ရှိသည့် အခန်းများ ဖြစ်သည်။

''မြိ့ပြမှာ များပြားလာတဲ့ လူဦးရေကြောင့် လူနေမှုအဆင့်တစ်ခုကို ပြနိုင်မယ့် အထပ်မြင့်အဆောက်အအုံအိမ်ရာတွေ သမ္မတကြီးက ၂ဝ၁၂ ခုနှစ် စင်ကာပူခရီးစဉ်သွားပြီးအပြန်မှာ ဖော်ထုတ်ချင်တယ်။ လူတွေနေရေးကို ဖြေရှင်းပေးမယ့် အိမ်ရာတွေ ဖော်ထုတ်ဖို့ များများဆောက်နိုင်ဖို့အတွက် နိုင်ငံ တော်ပိုင်မြေနေရာတွေ ရှာဖွေတယ်။ အခု ဒီနေရာတွေက အရင်တုန်းက ပေ ၄ဝ၊ ပေ ၆ဝ အကွက်တွေပဲ ဖော်ထုတ်ရောင်းချတဲ့ မြို့သစ်စီမံကိန်းပါ။ ဆက်လက်မရောင်းတော့ဘဲ ဧက ၂ဝဝ လောက်ရှိတဲ့ နေရာမှာ အခုလို အထပ်မြင့်အဆောက်အအုံတွေ ဖော်ထုတ်နေတာပါ''ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့ပြအခြေခံအဆင့်ဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက အိမ်ရာစီမံကိန်း ဖြစ်ပေါ်လာပုံကိုပြောသည်။


ဆက်လက်၍ ဒေါ်စန်းစန်းအေးက ''ပေ ၄ဝ၊ ပေ ၆ဝ မှာ အိမ်ဆောက် မယ်၊ မိသားစုနေမယ်ဆို ငါးယောက်လောက်ပဲနေနိုင်မယ်။ အခုလိုအထပ်မြင့် ဆောက်လိုက်တော့ မိသားစုဦးရေအများကြီးနေနိုင်မယ်။ နောက်နိုင်ငံတကာ မှာက အထပ်မြင့်ဆောက်တဲ့ နည်းပညာက တိုးတက်နေပြီဆိုတော့ မြန်မာနိုင်ငံ အနေနဲ့ အဆင့်မြင့်နည်းပညာကို ရရှိအောင်ရည်ရွယ်တာပါ။ ပထမတုန်းက အထပ် ၃ဝ လောက်အထိ ဆောက်လုပ်ဖို့ စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ၁၈ ထပ်ပဲဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် ပုံမှန် ရှစ်ထပ်၊ ကိုးထပ်များသာ ဆောက်လုပ်လျက်ရှိသော် လည်း ယခုကဲ့သို့ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ရန်အတွက် စိတ်ချလုံခြုံမှု ရှိစေရန် စင်ကာပူအစိုးရတာဝန်ယူဆောက်လုပ်ခဲ့သည့် HTP အဆောက်အအုံ ပုံစံမျိုးရရှိရန် စင်ကာပူနိုင်ငံSurbana ကုမ္ပဏီသို့ ဗိသုကာဒီဇိုင်းနှင့်Structure ဒီဇိုင်းများအပ်နှံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းရုံးမှ သိရသည်။

ဧရာဝဏ်၊ ရတနာအထပ်မြင့်စီမံကိန်းအတွက် ၁၈ ထပ်အမြင့်ရှိသည့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်ရန်အတွက် တွက်ချက်ဆောက်လုပ်ထားခြင်း၊ Precast စနစ်ကိုအသုံးပြုထားခြင်း၊ အလင်း ရောင်နှင့် လေဝင်လေထွက် ကောင်းမွန်ခြင်း၊ အဆောက်အအုံတစ်ခုလျှင် ဓာတ်လှေကား လေးစင်းအထိ ထားရှိပေးခြင်း၊ မီးသတ်စနစ်နှင့် အမှိုက်စွန့်ပစ် စနစ်များထားရှိပေးခြင်း၊ အောက်ဆုံးထပ်နှင့် ၁ဝ ထပ်တို့တွင် အခန်းများ မထားရှိဘဲ စုဝေးဟောပြောရန်နှင့် စုရပ်များ ပြုလုပ်နိုင်ရန်Social area အဖြစ် သတ်မှတ်ပေးထားခြင်းနှင့် ကားပါကင်စနစ်များပါဝင်သည်။

ထို့ပြင် စီမံကိန်းဧရိယာအတွင်း စီးပွားရေးအဆောက်အအုံများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ အားကစားကွင်း၊ ဈေးဝယ်စင်တာ၊ ပန်းခြံနှင့် Bus Terminal များ ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်လွင်က ''ကျွန်တော်တို့ ဦးစီးဌာနပိုင်မြေကို စွန့်လွှတ်ပြီး အများပြည်သူပိုင်မြေအဖြစ် လုပ်ဆောင်မှာပါ။ နောက်ကွန်ဒို ဥပဒေအရ စီစဉ်ပေးပြီး ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ အဆောက်အအုံတွေအားလုံးပြီးသွားတာနဲ့ ကွန်ဒိုအဆောက်အအုံဖြစ်မှာပါ။ ဒါဆိုဝယ်ယူသူတွေအနေနဲ့ ကွန်ဒိုတိုက်ခန်းကို ပိုင်ဆိုင်နိုင်မှာပါ''ဟု ပြောပြ သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် ဇန်နဝါရီ ၂၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်က စုပေါင်းအဆောက်အအုံဆိုင်ရာဥပဒေ (ကွန်ဒို ဥပဒေ)ကို ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်သည်။

ပြဋ္ဌာန်းလိုက်သော ကွန်ဒိုဥပဒေအရ ကွန်ဒိုနည်းဥပဒေရှိလာပါက ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်သူသည် စာချုပ်စာတမ်းမှတ်ပုံတင်ပြီးလျှင် တရားဝင် ပိုင်ဆိုင်မှုရှိ၍ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဘဏ်များတွင်ပေါင်နှံခြင်း၊ နိုင်ငံခြား သားများအား တရားဝင်ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

မြို့ပြအခြေခံအဆင့်ဖွံ့ဖြိုးရေးဌာနခွဲမှ ဒေါ်စန်းစန်းအေးက ''ဒီစီမံကိန်း က မြို့လယ်ကောင်နဲ့ ကိုးမိုင်အကွာမှာရှိတယ်။ ပုံမှန်လာရင် နာရီဝက်၊ ၄၅ မိနစ်အတွင်း ရောက်နိုင်တယ်။ လူနေမှုများပြားလာမှုနဲ့အတူ မြို့တစ်ခုမှာ လိုအပ်တဲ့ အင်္ဂါရပ်တွေအားလုံး ထည့်သွင်းပေးထားတယ်။ ရေလမ်းနဲ့ပါ သွားလို့ရအောင်စီမံချက်ထဲမှာ ထည့်ထားတယ်။ ဒီစီမံကိန်းက သီလဝါSEZ နဲ့ဆိုမဝေးဘူး။ နောက်ဒီမှာ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ တောင်ဒဂုံစက်မှုဇုန်ရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်း ကောင်းမွန်တယ်။ ရှုခင်းက ၁၈ ထပ်ဆိုတော့ ပင်လယ်တောင်မြင်နိုင်တယ်။ လေကောင်းလေသန့်လည်းရတယ်''ဟုပြောသည်။

လက်ရှိ မတ် ၁၆ ရက်မှစတင်၍ လျှောက်လွှာများဖြင့် ရောင်းချပေး နေသော ဧရာဝဏ်၊ ရတနာအထပ်မြင့်စီမံကိန်းတွင် ရောင်းချမှုပုံစံ သုံးမျိုး ပါဝင်မည်ဖြစ်သည်။


(၁) အခန်းတန်ဖိုးအား တစ်ခါတည်းအပြီးပေးချေမည်ဆိုပါက အခန်း တန်ဖိုး၏ ငါးရာခိုင်နှုန်းအား လျှော့ပေးသည့် ပုံစံ။ (၂) လစဉ် ၂၅ သိန်းနှုန်းဖြင့် အခန်းတန်ဖိုး၏ ၅ဝ ရာခိုင်နှုန်းဖြစ်သည့် သိန်း ၃ဝဝ အား CHD ဘဏ်တွင် တစ်နှစ်ပေးသွင်း၍ ကျန် ၅ဝ ရာခိုင်နှုန်းအား တစ်လလျှင် ငါးသိန်းခန့်ဖြင့် ရှစ်နှစ်တိတိပေးသွင်းနိုင်မည့် ပုံစံ။ (၃) အခန်းတန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းအား လက်ရှိပေးသွင်းပြီးပါက တစ်နှစ်အတွင်း ကျန်သည့်ငွေအား ဆက်လက်ပေးချေ မည့် ပုံစံတို့ဖြင့် ပေးသွင်းနိုင်သည်။

ဒေါ်စန်းစန်းအေးက ''လျှောက်လွှာတင်တာနဲ့ ကိုယ်ကြိုက်တဲ့အခန်းကို တစ်ခါတည်းကြည့်ပြီး ဝယ်ယူနိုင်ပါတယ်။ လျှောက်လွှာတင်ပြီး စောင့်နေရတာ မဟုတ်ပါဘူး''ဟု ပြောသည်။

မတ် ၁၆ ရက်မှစတင်၍ ၁၈ ထပ်အမြင့်ရှိသည့် ဧရာဝဏ်၊ ရတနာ အဆောက်အအုံများအား ရောင်းချပေးနေရာ မတ် ၂၇ ရက်အထိ အခန်းပေါင်း ၃၈ဝ ခန့် ရောင်းချပြီးစီးပြီဖြစ်ကြောင်း၊ ဈေးနှုန်းမှာ ငွေကျပ် သိန်း ၆ဝဝ၊ သိန်း ၁၂ဝဝ တို့ဖြစ်ပြီး လျှောက်လွှာများအား ဗိုလ်အောင်ကျော်လမ်းရှိ ရန်ကုန် တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး (မြို့ပြနှင့်အိမ်ရာဦးစီးဌာန)၊ ဒဂုံဆိပ်ကမ်းရှိ ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်း(စီမံကိန်းညွှန်ကြားရေးမှူးရုံး)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၄ဝ) မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)တို့တွင်လည်း ဝယ်ယူနိုင်ကြောင်း ဧရာဝဏ်၊ ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းမှ သိရသည်။
ဧရာဝဏ်၊ ရတနာအထပ်မြင့်အိမ်ရာစီမံကိန်းမှ ရောင်းချပေးမည့်အခန်းများ ၏ ဈေးနှုန်းနှင့် ပတ်သက်၍ ဒေါ်စန်းစန်းအေးက ''ဈေးနှုန်းက အလယ်အလတ် ပါ။ နှစ်ရှည် ငွေပေးချေရမယ့် စနစ်သုံးထားတယ်။ မိသားစုလိုက်ဝင်ငွေရှိတယ် ဆိုရင်တော့ အရစ်ကျဝယ်နိုင်တာပေါ့။ မြို့ပြအဆင့်အတိုင်း အဆင့်မြင့်မြင့်နေနိုင် မှာပါ။ ဒီမှာက အခန်းတွေ အများကြီးပဲ။ ပွဲစားမရှိဘူး။ လိုလည်းမလိုဘူး'' ဟုပြောသည်။

Condominium Project များ များပြားလာသည်နှင့်အမျှ နိုင်ငံတကာမှ ဆောက်လုပ်ရေးလုပ်ငန်းများသည်လည်း ပြည်တွင်းသို့ ဝင်ရောက်မှုများရှိလာ နေသည်။ စုပေါင်းအဆောက်အအုံဆိုင်ရာဥပဒေ(Condominium Law) ထွက်ရှိလာပြီးနောက် ကွန်ဒိုတိုက်ခန်းဈေးနှုန်းများ တက်လာနိုင်ပြီး မြန်မာနိုင်ငံ သားများအနေဖြင့် အဆင့်အတန်းပြည့်မီစွာ နေထိုင်လာနိုင်တော့မည်ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ကမူ စက်မှုဇုန်များတည်ရှိပြီး သီလဝါ အထူးစီးပွားရေးဇုန်နှင့် နီးကပ်လျက်ရှိသည် ဒဂုံတောင်ဆိပ်ကမ်းမြို့နယ်တွင် အိမ်ရာအမြောက်အမြား ဖော်ဆောင်လျက်ရှိပြီး အဆိုပါနေရာများသည် ဝယ်လိုအားကောင်းလာနိုင်သည်ဟု သုံးသပ်သည်။

No comments:

Post a Comment