Friday, March 25, 2016

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၆ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်းအခမ်းအနား သို့ တက်ရောက်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်


နေပြည်တော် မတ် ၂၅

၂၀၁၆ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်၍ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီး မြှင့်သည်။





အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဥာဏ်ထွန်း၊ တပ်မတော်ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က        မိမိတို့အစိုးရ တာဝန်ယူခဲ့ရ သည့်  ငါးနှစ်တာကာလအတွင်း တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်(၂)ရပ်ကို သက်ဆိုင်ရာကဏ္ဍနှင့် သက်ဆိုင်ရာဋ္ဌာန အလိုက် ဦးစီးဦးဆောင်ပြုပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ သည့် စစ်ဘက် နယ်ဘက်မှ ဘွဲ့တံဆိပ်မရရှိကြသေးသော ပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ် သည့် အခမ်းအနားဖြစ်ပါကြောင်း။

မိမိတို့အစိုးရသည် နှစ်ပေါင်း(၅၀)ခန့် အဆက်ပြတ်နေခဲ့သည့်  ဒီမိုကရေစီ စနစ်ကို တိုင်းပြည်တွင် စတင်အကောင်အထည်ဖော်ကြရသည့် အစိုးရအဖွဲ့ဖြစ် ပါကြောင်း၊  ဒီမိုကရေစီစနစ်ကို လမ်းခင်းပေးခဲ့သည်မှာ တပ်မတော်အစိုးရဖြစ်ပြီး အကောင်အထည်ဖော်ကြရသူများသည် မိမိတို့အစိုးရအဖွဲ့အကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများပင် ဖြစ်ပါကြောင်း။

မိမိတို့တွင် ဒီမိုကရေစီအတွေ့အကြုံ အလေ့အကျင့်များ နည်းပါးကြသော်လည်း ပြည်သူများ၏ တူညီသည့်ဆန္ဒ(၂)ရပ်ကို ဖော်ထုတ်ပြီး ထိုဆန္ဒ (၂) ရပ်ကို ရည်မှန်းချက် တာဝန်အဖြစ် ဦးထိပ်ပန်ဆင်ကာ တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့်အတွက် (၅) နှစ်တာကာလအတွင်း သိသာမြင်သာသည့် အောင်မြင်မှုများရရှိခဲ့သည်မှာ မည်သူမျှ ငြင်း၍မရသည့် ပကတိအခြေအနေမှန်ပင် ဖြစ်ပါကြောင်း။

မိမိတို့တစ်တွေ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းဖြင့် ယခုကဲ့သို့ အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင်ခြင်းသည် တပ်မတော်၏ ကျေးဇူးများစွာ ရှိခဲ့ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် (၅)နှစ်တာကာလအတွင်း တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ် တပ်သား အများအပြားသည် အသက်များ စွန့်လွှတ်ခဲ့ကြရ သည့်အပြင် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများလည်း စွန့်လွှတ်ခဲ့ကြရပါ ကြောင်း၊  ယခုကဲ့သို့ အသက်နှင့်ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ကြရသည့်  တပ်မတော်သား အများအပြားကိုလည်း ချီးကျူးဂုဏ်ပြုအပ်ပါကြောင်း။

ထို့ကြောင့် တိုင်းပြည်၏တာဝန်ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် နယ်ဘက်တာဝန်များကို ဦးစီးဦးဆောင်ပြုပြီး ကြိုးပမ်းဆောင် ရွက်ခဲ့ကြသည့် အကြီးအကဲများကို မိမိတို့အစိုးရသက်တမ်းကာလအတွင်း ဘွဲ့တံဆိပ် များ ချီးမြှင့်အပ်နှင်းခဲ့ပါကြောင်း။

ထိုသို့ချီးမြှင့်ခဲ့ရာတွင်၂၀၁၂ ခုနှစ်က အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ (၁) ဦး၊ သတိုးသီရိ သုဓမ္မဘွဲ့(၁)ဦး၊ မဟာသီရိသုဓမ္မဘွဲ့ (၄)ဦး၊ မဟာသရေစည်သူဘွဲ့ (၉)ဦး၊ သရေစည် သူဘွဲ့ (၉)ဦး၊ စည်သူဘွဲ့ (၃၀)ဦး၊ သီရိပျံချီဘွဲ့ (၆၀)ဦး၊ ဇေယျကျော်ထင်ဘွဲ့ (၄၄) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၈၂) ဦးတို့ကို အခမ်းအနားဖြင့်  ချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း။

၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်က ဘွဲ့တံဆိပ်များကို အခမ်းအနားဖြင့် မပေးအပ် နိုင်ခဲ့သော်လည်း ၂၀၁၅ခုနှစ်က ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့ဖြစ်သည့် သရေစည်သူ ဘွဲ့ (၁)ဦး၊ သီဟသူရဘွဲ့ (၁)ဦးနှင့် သူရဘွဲ့ (၉)ဦးတို့ကို အခမ်းအနားဖြင့် ချီးမြှင့်ပေး အပ်ခဲ့ပါကြောင်း။

ယခု ၂၀၁၆ခုနှစ်တွင် နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင် ဦးစီးဦး ဆောင်ပြုခဲ့ကြသည့် ဘွဲ့တံဆိပ်မရကြသေးသော ပြည်ထောင် စုဝန်ကြီး(၁၄)ဦး၊ ပြည်ထောင်စုဝန်ကြီး အဆင့်ပုဂ္ဂိုလ် (၃)ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် (၄)ဦးတို့ကို သီရိပျံချီဘွဲ့ ပေးအပ်မည်ဖြစ်ပြီး တပ်မတော်မှ အကြီးအကဲများအား မဟာသရေစည်သူဘွဲ့(၁) ဦးနှင့် ဇေယျကျော်ထင်ဘွဲ့(၅၄)ဦး ချီးမြှင့် ပေးအပ် မည်ဖြစ်ပါကြောင်း။

ယခုရရှိကြသည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များသည်  မိမိတို့ အစိုးရသက်တမ်း ကာလအတွင်း မိမိတို့၏ကြိုးပမ်းဆောင်ရွက်မှုများအတွက် ဂုဏ်ယူဖွယ်ရာ အထိမ်းအမှတ်ဖြစ်သည်သာမက မိမိတို့၏သားစဉ်မြေးဆက်တိုင် ဂုဏ်ယူကြရမည့် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတရားတော်နှင့် အညီ မြန်မာလူမျိုးများ၏ ကောင်းမြတ်သည့် အစဉ်အလာလည်း ဖြစ်ပါကြောင်း၊  ဂုဏ်ပြုခံရသူများအနေဖြင့်လည်း မှတ်တမ်း တင်ခံရသည့် မိမိတို့၏သမိုင်းကို အစွန်း အထင်းမရှိကြရလေအောင် ဆက်လက်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်သွားကြရန် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၆ခုနှစ်အတွက် ချီးမြှင့်အပ်နှင်း သော မဟာသရေ စည်သူဘွဲ့ရရှိသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်အား မဟာသရေစည်သူ ဘွဲ့တံဆိပ်ကို ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ၂၀၁၆ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းသော သီရိပျံချီဘွဲ့ရရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဦးစိုးဝင်း၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာမြင့်အောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦကျော်လွင်၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဦးဌေးအောင်နှင့် ဒေါက်တာကိုကိုဦး၏ဇနီး၊ ဒေါက်တာမြအေး၏ဇနီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမျိုးမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြတို့အား သီရိပျံချီဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ၂၀၁၆ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းသော ဇေယျကျော်ထင်ဘွဲ့ရရှိသူ (၅၄)ဦးကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဇေယျကျော်ထင်ဘွဲ့ တံဆိပ်များကို ချီးမြှင့် အပ်နှင်းသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။



No comments:

Post a Comment