Tuesday, March 22, 2016

အတွေ့အကြုံဗဟုသုတများ ပူးပေါင်းဖလှယ်နိုင်စေမည့်မြန်မာနှင့် နိုင်ငံတကာ ရုပ်စုံသဘင်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည်


မန္တလေး မတ် ၂၁

ဆွစ်ဇာလန်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SDC) ၏ အဓိကပံ့ပိုးမှု၊Goe the Institue ရန်ကုန်၊ မြန်မာနိုင်ငံရုပ်စုံသဘင်အသင်း (MMO) တို့၏ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် Myanmar Upper Land(MUL) မှ မြန်မာ့ရုပ်စုံသဘင်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာ့ရုပ်စုံ သဘင်အနုပညာရှင်များအချင်းချင်း အတွေ့အကြုံ ဗဟုသုတများ ပူးပေါင်းဖလှယ်နိုင်စေပြီး သင်ကြားသင် ယူနိုင်စွမ်းသောအလေ့အကျင့်၊ ရုပ်စုံသဘင်နှင့် ဆက်စပ်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အနုပညာရှင်များအား ချိတ်ဆက်နိုင်စွမ်းသောအခြေခံကောင်းများ ရှင်သန် ဖွံ့ဖြိုးလာစေရန်အတွက် မြန်မာနှင့်နိုင်ငံတကာ ရုပ်စုံသဘင်ပွဲတော်နှင့် အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ဧပြီ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။


မြန်မာနှင့် နိုင်ငံတကာ ရုပ်စုံသဘင်အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာ့ရုပ်စုံသဘင် တိမ်မြုပ်ပျောက်ကွယ် မသွားစေရန် ခေတ်အဆက်ဆက် မြန်မာ့ရုပ်စုံသဘင်ဆိုင်ရာ ဗဟုသုတ၊ အသိပညာများ ပြန်လည်ဖော်ထုတ်မြှင့်တင်ခြင်း အခန်းကဏ္ဍများကို ဟောပြောဆွေးနွေးခြင်း၊ မြန်မာ့ရုပ်စုံ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများ၏ တီထွင် ဖန်တီးမှုပြကွက်များနှင့် ညနေ ၆ နာရီမှ ၉ နာရီအထိ မြန်မာ့ဆိုင်းဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ အင်ဒိုနီးရှားရုပ်စုံ အဖွဲ့ (Paper Moon Puppet)၊ ထိုင်းရုပ်စုံအဖွဲ့ (Baby Mine Puppet Troupe)တို့က ဖျော်ဖြေခြင်း၊ ရန်ကုန်နှင့် မန္တလေးမြန်မာ့ရုပ်စုံသဘင်အဖွဲ့များက ဖျော်ဖြေခြင်း၊ ကျောက်ဆည်ဆင်အကဖြင့် ဖျော်ဖြေပွဲများ ပါရှိမည်ဖြစ်သည်။


အဆိုပါ ဖျော်ဖြေပွဲသို့ အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းကော်မတီ၏ ပူးပေါင်းမှုဖြင့် မြန်မာ့လက်မှု အနုပညာအရောင်းပြခန်းများနှင့် မြန်မာ့ရိုးရာအစားအစာများလည်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment