Wednesday, March 30, 2016

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အဖြစ် ရွေးချယ် တင်မြှောက်ခံ ထားရသူများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ အဖြစ် ခန့်အပ် တာဝန်ပေးရန် သဘောတူညီထားသောပုဂ္ဂိုလ်များ ကတိသစ္စာပြု

နေပြည်တော် မတ် ၃၀
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက် နေ့ကို ယနေ့ နံနက်တွင် နေပြည်တော် ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက် ၌ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်၊ ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့ ကတိသစ္စာပြုခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် သဘော တူညီထားသော ပုဂ္ဂိုလ်များ ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြားခြင်းနှင့် အဆိုပါမိန့်ခွန်းအားမှတ်တမ်းတင်ခြင်းတို့ကိုဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယကမန်းဝင်းခိုင်သန်း၏ ရှေ့မှောက် ၌ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူ ဦးထင်ကျော်၊ ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဦးမြင့်ဆွေနှင့်ဦးဟင်နရီ ဗန်ထီးယူတို့က ကတိသစ္စာပြုကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက် ၌ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးဖြစ်သောနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်မည့် ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်မည့် ဦးလှသိန်း၊ ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန် ထမ်းဆောင်ကြ မည့် ဒေါ်အောင်ဆန်း စုကြည်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ နိုင်သက်လွင်၊ ဒေါက်တာဖေမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်များအဖြစ် တာဝန် ထမ်းဆောင်ကြမည့် ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးတွာလ်ကျင်ပေါင်၊ ဒေါ်လှမျိုးနွယ်နှင့် ဦးကျော်ဆန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့် တို့က ကတိသစ္စာပြုကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးထင်ကျော်ထံသို့ နိုင်ငံတကာအကြီးအကဲများထံမှ ပေးပို့သည့် ၀မ်းမြောက် ကြောင်းသ၀ဏ်လွှာများ၊ ကြေညာချက်နှင့် သတင်း ထုတ်ပြန်ချက် များကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မိန့်ခွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကိုလွှတ်တော်က မှတ်တမ်း တင်ကြောင်းကြေညာသည်။

No comments:

Post a Comment