Wednesday, March 23, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပထမအကြိမ် မဲခေါင် - လန်ချန်းပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်


စန်းယ - မတ် ၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် စန်းယမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် မတ် ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ပထမအကြိမ် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် ထိပ်သီးအစည်း အဝေးကျင်းပမည့် နေရာသို့ နံနက် ၉ နာရီတွင် ရောက်ရှိလာရာ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီခချန်က ရင်းနှီးခင်မင်စွာ  ကြိုဆိုနှုတ်ဆက်သည်။
ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီခချန်၊ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ပရာယုဒ် ချန်အိုချာ၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဆမ်ဒက် ဟွန်ဆင်၊ လာအိုနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင် ၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဗီယက်နမ်နိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ ဖန်ဗင်မင်း နှင့် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ထိပ်သီးအစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌ တရုတ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီခချန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာတို့က အဖွင့်မိန့်ခွန်း ပြောကြား ကြသည်။
ထို့နောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးတက်မှု များအား သုံးသပ်ခြင်းနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌ တရုတ်နိုင်ငံ ၀န်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်၊ ကမ္ဘောဒီးယား၊ လာအို ၀န်ကြီးချုပ်များ၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ၀န်ကြီးချုပ် တို့က ဆွေးနွေး ကြသည်။
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဆွေးနွေးပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင်ဒေသနိုင်ငံများနှင့် ပူပေါင်းဆောင်ရွက် မှုမြှင့်တင်ရန် ခိုင်မာသည့် ကတိကဝတ်ထားရှိမှုအတွက် ကျေးဇူး တင်ရှိပါကြောင်း။
မိမိအနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ကိုယ်စားပြုလျက် မဲခေါင်-လန်ချန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ခွင့်ရသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊   နိုင်ငံတော် သမ္မတ အနေဖြင့် ယခုအစည်း အဝေးကို တက်ရောက်ရန် ဆန္ဒရှိသော်လည်း နိုင်ငံအတွင်း အရေးကြီးသည့် အုပ်ချုပ်ရေး အပြောင်းအလဲကာလဖြစ်နေ၍ အစည်းအဝေးသို့ ပါဝင်တက်ရောက်နိုင်ခြင်း မရှိပါကြောင်းနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က  မဲခေါင်-လန်ချန်းနိုင်ငံ ခေါင်းဆောင် များသို့လည်းကောင်း၊ ဤသမိုင်းဝင် အစည်းအ‌ဝေးကြီး အထမြောက် အောင်မြင်စေရေး အတွက်လည်းကောင်း ဆုမွန်ကောင်းများ ပို့သလိုက် ပါသည် ပြောကြားလိုပါကြောင်း။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေး၌ တရုတ်ဝန်ကြီးချုပ် မစ္စတာလီခချန်း၏ ရည်မှန်း ချက်နှင့် ကြိုးပမ်း မှုတို့ကြောင့် အကောင်အထည်ပေါ်လာသည့် အစီအစဉ်ဖြစ်သည်ကို ဝမ်းသာစွာ မှတ်သား မိပါကြောင်း။
မိမိအနေဖြင့် မဲခေါင်မြစ်ကြီး၏ အရေးပါမှုကို ပြော၍မကုန်နိုင်ပါကြောင်း၊ ကမ္ဘာပေါ်မှာ (၁၂)ခုမြောက် အရှည်လျားဆုံးနှင့်  အာရှတိုက်တွင်  သတ္တမမြောက် အရှည်လျားဆုံးဖြစ်ပြီး ကီလိုမီတာ (၄၃၅၀) ရှည်လျား သော မဲခေါင်မြစ်ကြီးသည် နိုင်ငံခြောက်နိုင်ငံကို ဖြတ်သန်းစီးဆင်းလျက်ရှိပါကြောင်း။
မဲခေါင်မြစ်ဝှမ်းဒေသသည် ဇီဝမျိုးကွဲ သားရဲတိရိစ္ဆာန်များ၊ သစ်ပင်မျိုးစိတ်ပေါင်း များစွာ ပေါကြွယ်ဝသည့် ဒေသ တစ်ခုလည်း ဖြစ်ပါကြောင်း၊မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင်လျက်ရှိသည့် လူဦးရေသန်းပေါင်း (၆၀) ကျော်တို့သည် စားဝတ်နေ ရေးအတွက် မြစ်၏ သဘာဝသယံဇာတ အရင်းအမြစ် များကို အားကိုး နေရပါကြောင်း။
စီးပွားရေးပြုပြင်ပြောင်းလဲမှုများ တစ်ဟုန်ထိုးဖြစ်ပေါ်နေသည့် ဒေသအတွင်း ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်ကြီးကို အပြည့်အဝအသုံးချနိုင်ခြင်း မရှိသေး သည်မှာလည်း ထူးခြားသည့်အသွင်အဖြစ် တွေ့ရှိနေရ ပါကြောင်း၊  မဲခေါင်မြစ်ကြီးအား အမှီပြု၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြုလုပ်နိုင်သည့် အလားအလာ များစွာ ရှိနေပါကြောင်း၊  ဥပမာ  ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ဆည်ရေသောက် စိုက်ပျိုးမြေ များ ချဲ့ထွင်ရေး၊ ရေကြီးမှု တားဆီးထိန်းချုပ်ရေး၊ ခြောက်သွေ့ရာသီ၌ ရေရရှိရေး၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ရေကြောင်း သွားလာရေးနှင့် ခရီးသွားလုပ်ငန်းစသည်တို့ကို ဆောင်ရွက်နိုင်ရန် အလားအလာ ကောင်းများ ကြီးမားစွာရှိနေပါကြောင်း။
မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ထိပ်သီး ခေါင်းဆောင်များအဆင့်၊ ဝန်ကြီးများအဆင့်၊ အဆင့်မြင့်အရာရှိများအဆင့်နှင့် လုပ်ငန်းအဖွဲ့အဆင့် စသည်ဖြင့် အဆင့်ဆင့်သော လုပ်ငန်းဆောင်ရွက်မှု ယန္တရားကို ထောက်ခံပါကြောင်း၊  ပူးပေါင်းဆောင်ရွက်မှုအတွက် တူညီဆန္ဒဖြင့် ဆုံးဖြတ်ခြင်း၊ တန်းတူရည်တူရှိမှု၊ အပြန်အလှန် ဆွေးနွေးတိုင်ပင်မှုနှင့် ညှိနှိုင်း ဆောင်ရွက်မှု၊ မိမိဆန္ဒ အလျောက် လွတ်လပ်စွာ ပါဝင်ဆောင်ရွက်မှု၊ ပူးပေါင်းပါဝင်မှုနှင့် အကျိုးအမြတ် မျှဝေခံစားမှု၊ ကုလသမဂ္ဂပဋိညာဉ်နှင့် နိုင်ငံတကာ ဥပဒေများကို လေးစားမှုတို့အပေါ် အခြေခံထားသည့် “မူများ” ကိုလည်း ထောက်ခံ ပါကြောင်း  ပြောကြားသည်။
ယင်းနောက် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က ရလဒ်များအပေါ် ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း ဆောင်ရွက်ပြီး တရုတ်နိုင်ငံ ၀န်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်တို့က နိဂုံးချုပ်မိန့်ခွန်း ပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊  တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ၀န်ကြီးချုပ်များနှင့် ဗီယက်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်တို့ သည် Exhibition Zone ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မဲခေါင်မြစ်ကြောင်း တစ်လျှောက်ရှိ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရ ပြပွဲသို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် ပူးတွဲသတင်းစာ ရှင်းလင်းပွဲနှင့် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နှင့်  ဗီယက်နမ်နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ကြသည်။ 

No comments:

Post a Comment