Wednesday, March 30, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ



နေပြည်တော် မတ် ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲကို ယနေ့ ညနေ ၆ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော်ဥပစာရှိ မြက်ခင်းပြင်၌ ကျင်းပသည်။




ညစာစားပွဲတွင်  နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ  ဦးဟင်နရီ ဗန်ထီးယူနှင့် ဇနီး ဒေါက်တာ ရွှေလွမ်းတို့က ညစာစားပွဲ အခမ်းအနားသို့ တက်ရောက် လာသော အထူးဧည့်သည်တော် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ၏ ဧည့်သည်တော်များ၊ ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ဇနီးဒေါ်အေးအေး သိန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က တက်ရောက် လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲ အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် တက်ရောက် လာကြသူများသည် အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှု အားပေးကြသည်။

No comments:

Post a Comment