Tuesday, March 22, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပထမအကြိမ် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ထိပ်သီးအစည်းအဝေးနှင့် ဘိုအောညီလာခံဖွင့်ပွဲအခမ်းအနားတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ


စန်းယ - မတ် ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အဖွဲ့ဝင်များနှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘိုအောမြို့တွင် ကျင်းပမည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီး အစည်း အဝေးနှင့် အာရှ ဒေသဆိုင်ရာ ဘိုအော ညီလာခံသို့ တက်ရောက်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။




ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒေါက်တာသန်းအောင်၊ ဒုတိယ၀န်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး၊ သံရုံးယာယီတာဝန်ခံ မစ္စတာချန်းချန်းတို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဦးသန့်ကျော်၊ ဦးခင်ဇော်၊ ဦးဇင်ယော်၊ ဒေါက်တာ ပွင့်ဆန်းနှင့် တာဝန်ရှိသူ များ လိုက်ပါသွားကြသည်။
ဒုတိယသမ္မတနှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နယ်ပြည်နယ် စန်းယမြို့သို့ ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တရုတ်နိုင်ငံ သံအမတ်ကြီးပောာင်း မစ္စတာကွန်မြူး ၊ ဟိုင်နယ်ပြည်နယ် စန်းယမြို့ ဒုတိယ မြို့တော်ဝန် မစ္စတာဝူဖန်းနှင့် တာဝန်ရှိသူများက စန်းယလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခို မည့်  MGM ဟိုတယ်သို့ ရောက်ရှိကြသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် Sheraton ဟိုတယ်၌ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခချန်က မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့အကြီးအကဲများအား တည်ခင်း ဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် စတင်ကျင်းပခြင်း ဖြစ်ပြီး အစည်းအဝေးဆောင်ပုဒ်အဖြစ် "မြစ်ကို မျှဝေသုံးစွဲမှုမှတစ်ဆင့် အနာဂတ်ကို မျှဝေဖော်ဆောင်ခြင်း"ဟု သတ်မှတ်ထားသည်။ အဆိုပါအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။ အာရှဒေသ ဆိုင်ရာ ဘိုအောညီလာခံ ကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘိုအောမြို့တွင် မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။







No comments:

Post a Comment