Tuesday, March 22, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် မတ် ၂၂
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူမှ အဆိုပြု ထားသည့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်းကိုလွှတ်တော်သို့ တင်ပြခြင်း၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ထံမှပေးပို့သည့် သ၀ဏ်လွှာများကို မှတ်တမ်း တင်ခြင်းတို့ကိုဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဂျပန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာမာဆားခိယာမဇာခိ၊ ကိုရီးယားသမ္မတနိုင်ငံအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချိုရှီဟွားနှင့် ပါကစ္စတန်အစ္စလာမ်မစ်သမ္မတနိုင်ငံအထက် လွှတ်တော်ဥက္ကဋ္ဌ မစ္စတာမီရန်ရာဇ် ရာဘင်နီတို့ထံမှ ပေးပို့သည့် သ၀ဏ်လွှာများကို မှတ်တမ်း တင်ကြောင်းကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံထား ရသူဦးထင်ကျော်မှ အဆိုပြုထားသည့် ပြည်ထောင်စုဝန်ကြီး ၁၈ဦး ၏ အမည်စာရင်းကိုလွှတ်တော်သို့ တင်ပြသည်။
အဆိုပါ ပြည်ထောင်စုဝန်ကြီးများ၏အမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ သူရဦးအောင်ကို၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါက်တာ မြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ နိုင်သက်လွင်၊ ဒေါက်တာဖေမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ဖြစ်သည်။
ထို့နောက် နာယက က အဆိုပြုတင်ပြထားသည့်   ပြည်ထောင်စုဝန်ကြီးများအပေါ်   ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို မတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်းသိရသည်။


No comments:

Post a Comment