Tuesday, March 1, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ


နေပြည်တော်၊ မတ် ၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာနိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များရွေးချယ် တင်မြှောက်ရေးအစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပ မည့်နေ့ရက်ပြင်ဆင် သတ်မှတ်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှားဖက်ဒေးရေးရှင်းနိုင်ငံ၊ ပိုလန်သမ္မတနိုင်ငံနှင့် တူရကီသမ္မတနိုင်ငံတို့မှ ပေးပို့ သည့် သ၀ဏ်လွှာများကို မှတ်တမ်းတင်ခြင်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိမြို့၊ ရပ်ကွက်၊ ကျေးရွာများတိုးချဲ့ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်း၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဖွဲ့စည်းခြင်း၊ ကော်မရှင်(၁)ခုနှင့် ကော်မတီ ၂ ခုဖွဲ့စည်းခြင်းတို့ကို အတည်ပြုဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက တရုတ် ပြည်သူ့သမ္မတနိုင်ငံအမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ မစ္စတာ ကျန်တဲ့ကျန်း၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ ရှီရင်ရှာ မင်ချောင်ဒရီ၊ ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာငုယင်ဆင်ဟွန်၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံအထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စဗလင်တီနာ အိုင် မတ်ဗီရန်ကို၊ ပိုလန် သမ္မတနိုင်ငံဆီးနိတ် လွှတ်တော်ဥက္ကဋ္ဌ မစ္စတာစတန်နီစလော ကာဂျက်စ်စကီးနှင့် တူရကီ သမ္မတနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ မစ္စတာအစ္စမေးလ် ခါရာမန်(န်)တို့ထံ မှ ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားပြီးလွှတ်တော်က မှတ်တမ်း တင်ကြောင်းကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် ချီဖွေမြို့နယ်ကိုမူလက မြို့နှစ်မြို့၊ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၄၀)နှင့် ကျေးရွာ (၁၂၄)ရွာဖြင့် ဖွဲ့စည်းထားရှိရာစီးပွားရေး၊ လူမူရေး၊ လုံခြုံရေးကိစ္စ အရပ်ရပ်ကြောင့် နယ်မြေဒေသ အသီးသီးမှ ပြောင်းရွှေ့နေထိုင် ခဲ့ကြသဖြင့် ၀ူးကွေ့၊ မားထေး၊ ကောင်လာ၊ ရစ်ဘန်း၊ အော်ချိတ်၊ လေ့လော်၊ လီရှင်း၊ ချွတ်မော်ဇွပ်၊ ဖျင်းလော့၊ ကျင်းယော်၊ အားငှားကာ၊ လာမှီခါး၊ လာအိလို၊ ဆန်ချာ၊ ချီတီ၊ မီရှီဒီ၊ ဟီကြာပူ၊ ရားလူခါး၊ ဆင်းခုံး၊ ဆော့ဇမ်နှင့် လုတ်ဝမ် စုစုပေါင်းကျေးရွာ(၂၁)ရွာကိုတိုးချဲ့ကျေးရွာများအဖြစ် ပြင်ဆင် ဖွဲ့စည်းခြင်း၊ မွီဆမ်၊ လဇုပ်၊ ကျင်းဒေါ့၊ လခန်၊ ဆန်ယူ၊ ဇွမ်ဗျော၊ ထန့်ဗျိုင်၊ တလောမ်၊ ဂျန်ဇန်၊ ချေချင်း၊ ဇွမ်ဝေါ်၊ ဗျော်လီလီဆူ၊ ၀ူဇယ်၊ လာဟုတ်၊ လောက် ဂမ်၊ အောက်လောခေါင်၊ ရော့ကြူ၊ ရှီးဇော်၊ မျှော်ရောင်း၊ မောင်ရ၊ ဒင်းဒွန်၊ ငေါ့လန်၊ ရှမ်းဆီး၊ အနဆီးဖခါး၊ ရစ်ဖြူ၊ ကန်းဖန့်နှင့် လာမောင်း စုစုပေါင်းကျေးရွာ(၂၇)ရွာကိုပယ်ဖျက်ခြင်း၊ လန်းဂျောကျေးရွာအုပ်စု၊ လုပိကျေးရွာအုပ်စု၊ ဖီမော်ကျေးရွာအုပ်စုနှင့် လုတ်နော့ဂျန်ကျေးရွာအုပ်စု များတိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကြောင့် ချီဖွေမြို့နယ်တွင် ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ကျေးရွာ ၁၁၈ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်းကိုလည်းကောင်း၊ တနင်္သာ ရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ကိုမူလကပုလောနှင့် ပလောက် မြို့နှစ်မြို့၊ ရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၆) အုပ်စုနှင့် ကျေးရွာ ၁၅၃ ရွာဖြင့် ဖွဲ့စည်းထားရာမှ ပလေကျေးရွာနှင့် တိုကျေးရွာတို့ကို စုစည်း၍ ရပ်ကွက်(၄)ရပ်ကွက် ပါဝင်သော ပလမြို့အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ မင်းပြင်၊ ဘိုင်းပြင်နှင့် တလင်းမိုတောင် ကျေးရွာ(၃)ရွာကို ပလကျေးရွာအုပ်စုနှင့် သင်္ကန်းတော၊ တန်းရှင်းနှင့် ပိတပ်ကျေးရွာ(၃)ရွာကို တိုကျေးရွာအုပ်စု အဖြစ် ပြင်ဆင် ဖွဲ့စည်းခြင်းကြောင့် ပုလောမြို့နယ်ကို မြို့(၃)မြို့၊ ရပ်ကွက်(၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၆)စုနှင့် ကျေးရွာ(၁၅၁) ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်းကို လည်းကောင်း လွှတ်တော်က မှတ်တမ်း တင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာ အဖွဲ့ကိုဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် နာယကအမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး အဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်တို့အပါအ၀င် အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုကြောင်းကြေညာသည်။
ထို့ပြင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော် မရှင်၏ တာဝန်၊လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကိုလည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ရမည်းသင်းမဲဆန္ဒနယ်မှ ဦးကိုကိုနိုင်နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၄)မှ ဒေါက်တာ ၀င်းမြတ်အေး၊ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ထွန်းတို့ အပါအ၀င် အဖွဲ့ဝင် ၃၅ ဦးဖြင့် ဖွဲ့စည်းခြင်းကို လည်းကောင်း လွှတ်တော်က အတည်ပြု ကြောင်း ကြေညာသည်။
ထို့အတူ အာဆီယံပါလီမန်များညီလာခံဆိုင်ရာပူးပေါင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင် ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်းကောင်း၊ ဥက္ကဋ္ဌအဖြစ် သုံးခွ မဲဆန္ဒနယ်မှ ဒေါ်စုစုလွင်၊ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေတို့ အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခြင်းကို လည်းကောင်း လွှတ်တော်က အတည်ပြု ကြောင်းကြေညာသည်။
အလားတူ နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာပူးပေါင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ အတွင်းရေးမှူးအဖြစ် စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးတို့အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းခြင်း ကို လည်းကောင်း လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က နိုင်ငံတော် သမ္မတ နှင့် ဒုတိယသမ္မတများရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင် ရာ လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့အလိုက် အစည်းအဝေးများကို မူလသတ်မှတ်ထားသည့် ၂၀၁၆ ခုနှစ် မတ်(၁၇)ရက် အစား မတ်(၁၀)ရက် သို့ ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာ သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကို နံနက်(၁၀)နာရီ(၁၅)မိနစ်တွင် ရပ်နားလိုက်သည်။







No comments:

Post a Comment