Tuesday, March 22, 2016

နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းရေးအခမ်းအနား ကျင်းပရေးနှင့် အသွင်ကူးပြောင်းမှု ချောမွေ့ရေး ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် မတ် ၂၂
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင် ကူးပြောင်းရေး အဖွဲ့တို့အကြား ပဉ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၃) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတော်အကြီး အကဲတာဝန် လွှဲပြောင်းခြင်း အခမ်းအနားအစီအစဉ်နှင့် ညစာစားပွဲအစီအစဉ်များ၊ ပြည်ထောင်စု ၀န်ကြီးများအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ သွားရောက်လေ့လာမည့် အစီအစဉ်များ၊ ပြည်ထောင်စု ၀န်ကြီးအသစ်များ ထံအပ်နှံမည့် အိမ်ရာများဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးကြသည်။
အစည်းအဝေးသို့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီမှ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အသွင်ကူးပြောင်းရေးအဖွဲ့မှ အဖွဲ့ ခေါင်းဆောင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ကြသည်။


No comments:

Post a Comment