Friday, March 25, 2016

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဘိုအော ညီလာခံသို့ တက်ရောက်



ဘိုအော မတ် ၂၄
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် အဖွဲ့သည် မတ် ၂၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စန်းယမြို့မှ ဘိုအောမြို့သို့ အမြန်ရထားဖြင့် သွားရောက်ကြပြီး နံနက် ၉ နာရီတွင် BFA Main Hall တွင် ကျင်းပသည့် ဘိုအောညီလာခံသို့ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊နီပေါ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းဒါရူဆလမ်၊ သြစတြေးလျ၊ ပီရူး၊ နယူးဇီလန်၊ အယ်လ်ဂျီရီးယား၊ မွန်ဂိုလီးယား၊ မက္ကဆီကို၊ ကိုရီးယားနှင့် လစ်သူ ယေးနီးယားနိုင်ငံတို့မှ နိုင်ငံအကြီးအကဲနှင့် အစိုးရ အဖွဲ့အကြီးအကဲ များသည် ဘိုအော ဖိုရမ်အစည်းအဝေး ကျင်းပ မည့် နေရာ သို့ရောက်ရှိကြရာ တရုတ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီခချန်နှင့် အာရှ ဘိုအော ဖိုရမ်ဥက္ကဋ္ဌ မစ္စတာ ယာဆူအို ဖူကူဒါတို့က ရင်းရင်း နှီးနှီးကြိုဆိုနှုတ် ဆက်ပြီး စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဘိုအောဖိုရမ်အစည်းအဝေး (Boao Forum For Asia Annual Conference -2016) ဖွင့်ပွဲ အခမ်း အနားကို နံနက် ၉ နာရီခွဲတွင်ကျင်းပရာ အာရှ ဘိုအောဖိုရမ်ဥက္ကဋ္ဌ မစ္စတာ ယာဆူအို ဖူကူဒါက အဖွင့် နှုတ်ခွန်းဆက် မိန့်ခွန်း ပြောကြားပြီး တရုတ်ဝန်ကြီးချုပ် မစ္စတာလီခချန်က မိန့်ခွန်းပြောကြား သည်။ ထို့နောက် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ နီပေါ၊ သြစတြေးလျနိုင်ငံတို့မှ သမ္မတ၊ ၀န်ကြီးချုပ်များက မိန့်ခွန်းပြောကြားကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် နိုင်ငံအကြီးအကဲ ၊ အစိုးရ အဖွဲ့အကြီးအကဲများသည် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခချန်က တည်ခင်း ဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ရှင်းလုံအပူပိုင်း ရုက္ခဗေဒဥယျာဉ်သို့ သွားရောက်လေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြ သကြသည်။
 
အဆိုပါ ဥယျာဉ်သည် အပူပိုင်းဒေသအပင်များကို အဓိက သုတေသန လုပ်ဆောင်လျက် ရှိပြီး ဥယျာဉ်အတွင်း အလုပ်သမားပေါင်း ၄၀၀ ကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ရှင်းလုံအပူပိုင်း ရုက္ခဗေဥယျာဉ်သည် ဆေးသု တေသနအတွက်သာမက ပြည်သူများ အပန်းဖြေ အနားယူ နေသည့် နေရာတစ် နေရာဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ညနေပိုင်းတွင် နန်ရှန် ဘုရားကျောင်းသို့ သွားရောက် ဖူးမြော်ကာ ကျောင်းထိုင်ဆရာတော်အား အလှူငွေများ လှူဒါန်းသည်။

No comments:

Post a Comment