Tuesday, February 23, 2016

လူငယ်နှင့် အပြုသဘောစိတ်ထား




ချစ်နိုင် (စိတ်ပညာ)

တုံ့ပြန်ကြပုံမတူ
နေ့စဉ်နှင့်အမျှ အမှုကိစ္စအဝ၀ကို အဆက်မပြတ် ကြုံတွေ့ဖြတ်သန်းနေကြသော လူများတွင် အချို့က ပေါ့ပေါ့ပါးပါး ကြည်ကြည်လင်လင်၊ အချို့က ညစ်ညူးမှိုင်းပျ၊ စိတ်ဓာတ်ကျလျက်၊ အချို့က ဆူပူမာန်မဲ ခက်ထန်ရန်လိုစွာ၊ တုံ့ပြန်ပုံ အခြေအနေချင်း မတူညီ ကြပါ။ စာဖတ်သူလည်း သတိပြုမိပါလိမ့်မည်။ နေ့စဉ် မြင်တွေ့ကြရသည်။

ဤကဲ့သို့ အပြုအမူ ကွဲပြားခြားနားရခြင်းကား အမှုကိစ္စတစ်ခုအပေါ် ရှုမြင်ပုံချင်း မတူညီကြသဖြင့် ဖြစ်ပါသည်။ သူလည်း အလုပ်များပါလျက်၊ ကိုယ်လည်း အလုပ်များပါလျက်၊ အဘယ်ကြောင့် သူရောကိုယ်ပါ ရှုပ်ထွေးစုပုံနေသော ပြဿနာမျိုးစုံ အခြေအနေကို မျက်မှောက်ပြုနေကြရပါလျက်၊ အပြုံးမပျက် မိမိက ဖြေရှင်းနေစဉ်မှာ သူကတော့ “အကျပ်အတည်း” “အခက်အခဲ”၊ “အတားအဆီးဓ “အသေပိတ်ဆို့ထားသော တံခါး” အစရှိသော စကားလုံးများ အသုံးပြုလျက် ညည်းညူအော်ဟစ်နေပါသနည်း။
အကျပ်အတည်းဟူသော ဝေါဟာရကိုပင် မကျေနပ်သံဖြင့် ထပ်ခါထပ်ခါရေရွတ်နေခဲ့ခြင်းကြောင့် ဘာမှတော့ တိုးတက် မလာရှာပေ။

အဖြေရှိစမြဲပါ
အသာတကြည်ရင်ဆိုင်လျှင် အခြေအနေတစ်ရပ်သည် ပြောင်းလဲသွားမှာ ပဲဖြစ်၏။ မေးခွန်းတိုင်းမှာအဖြေရှိ၏။ ပြဿနာတိုင်း မှာ ဖြေရှင်းသော နည်းလမ်းရှိ၏။ အသွားရှိလျှင် အပြန်ရှိ၏။ အတားအဆီးရှိလျှင် ဖြတ်ကျော်နည်းလည်း ရှိရမည်ပင်။ ချက်ချင်းမရလျှင် အချိန်ယူစောင့်ဆိုင်းပြီး ရှာဖွေရုံပါပဲ။ အခြေအနေကို ပကတိ အရှိတရားအတိုင်း မှန်ကန်စွာ ရှုမြင်နိုင်စွမ်း ရှိရန်သာလိုအပ်၏။ သူတစ်ပါးကို အပြစ်ဖို့ငြူစူနေစရာ မလိုပါပေ။ ပြဿနားအားလုံးကို အောင်မြင်စွာ ဖြေရှင်းနည်း၏ အခြေခံ အုတ်မြစ်မှာ “အပြုသဘောစိတ်ထား” မွေးမြူခြင်း ဖြစ်ပါသည်။

ရင်ဆိုင်ဖြေရှင်းနေရသော အခြေအနေတစ်ရပ်ကို ရှုမြင်ရာတွင် အပျက်သဘောစိတ် မမွေးဘဲ အပြုသဘောစိတ် မွေးမြူခြင်းဖြင့် နည်းလမ်းကောင်းများကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပါသည်။ ရှေ့လူက ပြဿနာတွေ ချန်ထားခဲ့သည်။ အရင်လူက အမှိုက်ပုံတွေ လွှဲပေးခဲ့သည်။ ထိုသူများက ထောင်ချောက်မိုင်းတွေ ဆင်ထားရစ်ခဲ့သည် စသည့်အဆိုးအမြင်၊ အဖျက်မြင်သဘော ထားမျိုးသည် ကောင်းကျိုးလုံးဝမပြု၊ အပြုသဘောစိတ် မွေးမြူထားပါမှ စိတ်ကို ကြည်လင် ပျော်ရွှင်စေ သည့်အပြင် မိမိ လိုလားသော ပန်းတိုင်သို့ ချောမောစွာ ရောက်ရှိအောင်မြင်နိုင်ပေမည်။ အောင်မြင်ရေး သော့ချက်များသည် သဘောထားအမြင် Out Look အပေါ်တွင် အခြေပြုပါသည်။

ဖန်ခွက်ထဲရှိရေတစ်ဝက် ရိုးရှင်းစွာဖော်ပြရလျှင် ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိနေသော အခြေအနေကို လူနှစ်ယောက် တစ်မျိုးစီ ရှုမြင်ပုံသာဓကအတိုင်းပင်။ တစ်ယောက်က “ဟာ ရေတစ်ဝက်ပဲ ကျန်တော့တယ်ကွာ၊ တစ်ဝက်တောင် ကုန်သွားပြီ။ ဒုက္ခပဲ” ဟုဆို၏။ သူ့ရှုထောင့်ကို အဆိုးမြင်ဟုဆိုကြ၏။ “ဟေ့ ကံကောင်းတယ်ဟေ့၊ ဖန်ခွက်ထဲမှာ ရေတစ်ဝက်တောင် ရှိနေပါသေးတယ်ကွ”ဟု ပြောသူကို အကောင်းမြင်စိတ်ရှိသူဟု သတ်မှတ်ကြ၏။ အဆိုးမြင်သမားက စိတ်ပျက်စိတ်ညစ်ရပြီး အကောင်းမြင်သမားကား အားတက် ပျော်ရွှင်နေလေသည်။ တူညီသော အခြေအနေတစ်ခုမှာပင် အမြင်မတူကြပေ။ အပြုစိတ်ထားရှိသူမှာ ပိုပြီးအားသာ ချက်ရှိလေသည်။

စိတ်ဓာတ်ကျစရာ မစဉ်းစားသင့်။
စိတ်ပျက်စရာ မတွေးနှင့်။
စိတ်ညစ်စရာရှာဖွေ တွေးတောမနေနှင့်။
အလိုမကျ၊ မကျေမနပ်ဖြစ်မနေနှင့်။
အရာရာကို အပြုသဘောစိတ်ထားဖြင့် ရှုမြင်ချဉ်းကပ်မှသာ အကောင်းဆုံးအဖြေကိုရနိုင်သည်။

သာဓကနှစ်ခု
ပြဇာတ်တိုကဲ့သို့ သဘာဝနှစ်ခုကို သာဓကပြု သောဖြစ်ရပ်ကို တင်ပြချင်ပါသေး၏။ အိမ်ထောင်စုတစ်ခုတွင် လူငယ်တစ်ဦးသည် ထမင်းစားပွဲ အစွန်းပေါ်၌ တင်ထားသော ဖန်ခွက်ကို မတော်တဆ လက်နှင့် တိုက်မိသွား၏။ ဖန်ခွက်ကကြမ်းပြင်ပေါ်သို့ ကျပြီးကွဲသွား၏။ သူကလည်း အလောတကြီးနှင့် အပြေးအလွှားရှိနေခဲ့မိ၏။
“ဒီဖန်ခွက်ကို စားပွဲအစွန်းပေါ် ဘယ်သူတင်ထားတာလဲ။ အစွန်းနားမှာ တင်ထားတော့ကျတာပေါ့။ ကျတော့ကွဲတာပေါ့။ မမကသူ့နေရာနဲ့သူမှမထားဘဲ”။ “အောင်မယ်၊ နင်ကပြာလောင်ပြာလောင်လုပ်လို့ ကျကွဲတာကို။ နင့်အပြစ်ကို ဘာသူများဆီ လွှဲချနေတာလဲ။ မေမေဆေးသောက်ဖို့ ရေခပ်သောက်ပြီး တင်ထားတာဟေ့။ ငါ့ကို အပြစ်လာတင်မနေနဲ့။ ဖန်ခွက်အကွဲစတွေ နင်ပဲကောက်လိုက်” “အဲဒါ နင်တို့အဖေရဲ့ အပြစ်ပဲ။ စတီးခွက်ဖြစ်ဖြစ်၊ နှီးခွက်ဖြစ်ဖြစ် ဝယ်ခဲ့ပါလို့ ငါပြောတာကြလှပြီ။ ဖန်ခွက် တွေဝယ်ထားတော့ အလွယ်တကူကွဲတာပေါ့။ ကျုပ်ပြောတာကို နားမှမထောင်ဘဲ။

ရန်ပွဲမစဲ
“ဟေ့...မိန်းမ၊ မဆီမဆိုင် ငါဒေါသဖြစ်အောင် လာပြောမနေနဲ့။ နင်အသုံးမကျလို့ဖန်ခွက် ကျကွဲရတာ မဟုတ် လား။ ဆေးသောက်ဖို့ရေသောက်ပြီးရင် ဖန်ခွက် ကို ဖန်ခွက်နေရာ ပြန်ထားပါလား။ နင်က စည်းကမ်းမှ မရှိဘဲ။ ဘာမဆို သူ့နေရာနဲ့သူ ချက်ချင်းပြန်ထားရမယ် လို့ ငါအမြဲပြောနေတာပဲမဟုတ်လား။ အလကား မိန်းမ”ဒေါသနဲ့ အော်ဟစ်ဆူပူရန်ဖြစ်။
 
လင်မယားချင်းလည်း စကားများ။
မောင်နှမချင်းလည်း အပြစ်တင်။
ပျော်ရွှင်စရာမကောင်းဘဲ နေ့စဉ်နေ့တိုင်း ဆူညံပြီး
ရန်ဖြစ်သံတွေပဲ ကြားနေရတဲ့မိသားစုဟာ အခြေခံ အကြောင်းအရင်းက ဘာလဲ။
အခြားမိသားစု၊ သူတို့ရဲ့ အိမ်နီးချင်းအိမ်တစ်အိမ် က မိသားစုမှာ အလားတူ အဖြစ်အပျက် ဖန်ခွက်ကျကွဲ
ခြင်းဖြစ်ရပ် အတူတူပဲဖြစ်ပြန်ပြီဆိုပါစို့။
“မေမေရေ ၊ သားပျာယီးပျာယာ လုပ်မိလို့ ဖန်ခွက်ကျသွားပြီ။ ကွဲသွားတယ်။ ကျွန်တော် သတိမထားမိလို့ ဖြစ်တာ ပါ။ တောင်းပန်ပါတယ်။”

အပြစ်ဝန်ခံ
 “ရတယ်၊ ရတယ်မောင်လေး၊ သွားစရာရှိတာသွား။ အချိန်နောက်မကျစေနဲ့။ ဖန်ခွက်အကွဲအစတွေကို မမကောက်ပြီး ရှင်းလိုက်ပါ့မယ်”
“ကျေးဇူးပဲနော် မမ။ နောက်နောင် အခုလို မတော်တဆ မဖြစ်ရအောင် မောင်လေး ပြုပြင်ပါ့မယ်”
“သားအပြစ်မဟုတ်ပါဘူးကွယ်။ မေမေ အစွန်အဖျားနေရာတင်ထားမိတာပါ။ ဆေးတစ်မျိုးသောက်ပြီး နောက်ထပ်ဆေး တစ်မျိုး သောက်ရဦးမှာ သတိရလာလို့ သွားယူနေမိတာကွယ်။ မေမေ့အပြစ်ပါပဲ။ နောင်ကို ဖန်ခွက်မကွဲစေရအောင် သတိထားပါ့မယ်”
“အေး တကယ်တော့ ဖေဖေ့အပြစ်ပဲဟေ့။ ငါ့ကိုယ်တိုင်က မေ့လျော့တာကွဲ့။ သမီးတို့သားတို့ မေမေက စတီး ခွက်ဖြစ်ဖြစ်၊ နှီးခွက်ဖြစ်ဖြစ် မကွဲနိုင်တာမျိုး ဝယ်လာပေးဖို့မှာနေတာကြာပြီဟ။ နောင်ကျရင် ဖန်ခွက်အစား ရေခွက်ကို နှီးခွက်လေး ထားပေးမယ်”

သည်းခံခွင့်လွှတ်
ဤမိသားစုမှာ အပြုံးမပျက်။
ဖန်ခွက်တစ်လုံး ကျကွဲခြင်းဖြင့် ချစ်ခြင်းမပျက်။
မိမိအပြစ်ကို မိမိဝန်ခံလျက် အပြုသဘောစိတ်ထားဖြင့် မိမိတို့ပြုပြင်ရန် လိုအပ်လာသောအချက်ကိုသာ စဉ်းစား သုံးသပ်ကြ၏။ သူတစ်ပါးကို လက်ညှိုးထိုး အပြစ်မဆိုပေ။ ပျော်ရွှင်ချစ်ခင်စွာပဲ အပြန်အလှန် ဆက်ဆံကြ၏။ မိသားစုစည်းလုံးညီညွတ်မှုခိုင်မြဲ၏။ သာယာချမ်းမြေ့သော အိမ်ထောင်စုဖြစ်၏။ အပျက်သဘောစဉ်းစားတွေးတောသော မိသားစုနှင့် တုံ့ပြန်ပုံချင်းမကွာခြားပေလော။

မီဒီယာများ
လောကကို စိတ်ကဦးဆောင်သည်ဟု ဆိုလေ့ရှိကြ၏။ စိတ်သာရှင်စော ဘုရားဟောဟု ပြောကြ၏။ စိတ်နေသဘောထား Attitude ၏ အရေးပါပုံကို အလေးအနက် ဖော်ညွှန်းကြခြင်း ဖြစ်ပါသည်။ ပြည်သူလူထု၏ နားမျက်စိ သဖွယ် ဖြစ်ကြသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်စသည့် ပုံနှိပ်မီဒီယာများ၊ တီဗွီ၊ ရုပ်သံ၊ အသံလွှင့်လိုင်းများတွင် တာဝန် ထမ်းဆောင်နေကြသော အီလက်ထရွန်နစ် မီဒီယာသမားများတွင် အပြုသဘော စိတ်ထားအမှန်ပင် လိုအပ်နေကြောင်း တွေ့မြင်နေရပါ သည်။

ဥပဒေပြုရေးမဏ္ဍိုင်လွှတ်တော်များ
အားလုံးအသစ် စက်စက်ပြောင်းလဲလာကြပြီ။ ပြည်ထောင်စုလွတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များ၊ ပြည်နယ် လွှတ်တော်များ၊ အပြုသဘောအတွေးအမြင်ရှိကြစေရန် စတုတ္ထမဏ္ဍိုင်က ကူညီအားဖြည့်ကြရမည်။ နားမခံသာ ဖွယ် ကောင်းသော စူးရှခါးသီးလှသည့် စကားလုံးများဖြင့် ပစ်ပေါက်ပြီး တပည့်တစ်ယောက်ကို ဒေါသကြီးသည့် ဆရာ တစ်ယောက်က အော်ငေါက်ဆူပူသလို ရေးသားနေကြဦးလော။ မဲ့ကာရွဲ့ကာ ငြူစူစွာဖြင့် အပြစ်ရှာနေကြဦးမည်လော။

အပြောမတတ်တော့
အုပ်ချုပ်ရေးအာဏာပိုင်ရလာသည့် မဏ္ဍိုင်တစ်ခု နေရာရှိ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့်ပြည် နယ်အစိုးရအဖွဲ့များ မကြာမီကာလတွင် အသစ်ဖွဲ့စည်းကြတော့မည်။ ယခင်ကလိုပင် အပြစ်ရှာ အပြစ်ပြော။ ဆဲဆိုပုတ်ခတ်၊ ရှုတ်ချ၊ တိုက်ခိုက်ကာ စတုတ္ထမဏ္ဍိုင် ကျင့်ဝတ်နှင့် မလျော်ညီသော တစ်ဖက်သတ်ကြီး ဘက်လိုက်ရေး သားပြောဆိုမှုတွေပြုနေဦးမည်လား။ ကြည်ကြည်သာသာ ပြုံးပြုံးရွှင်ရွှင်နှင့် လက်ခံလိုက်နာ ချင်အောင် ဆွဲဆောင်ရေးသားကြလျှင် ပိုမိုအောင်မြင် အဆင်ပြေမည် မဟုတ်ပါလော။ အပြုသဘော စိတ်ထားကို စာနယ်ဇင်းသမားများက ဦးစွာ ပထမပြသသင့်ကြသည် မဟုတ်လော။

တရားစီရင်ရေး မဏ္ဍိုင်ကို ဝေဖန်ထောက်ပြလိုလျှင်လည်း စာနယ်ဇင်းသမားများသည် ကျီးကန်းတွေလို ဝိုင်းအာနေခြင်းဖြင့် စာဖတ်ပရိသတ်၏ လေးစား ထောက်ခံမှုကို မရနိုင်ပေ။ ထောင်နှုန်ခမ်းကို နင်းပြီး ခွေးတစ်ကောင်လို ဟောင်နေ၍လည်း မည်သူမှ ထကြည့်မည် မဟုတ်ချေ။ အချို့သော ပြည်ပစာနယ်ဇင်း သင်တန်းဆရာများက သတင်းစာဆရာ ဆိုသည် မှာ ခွေးကဲ့သို့ ဟောင်နေရမည်ဟု သင်ပြပို့ချနေကြလေသည်။ လူတွေက ဆူဆူညံညံ ခွေးဟောင်သံတွေကို အတော်ပင်စိတ်ကုန် နားကလောနေခဲ့ကြပေပြီ။ တော်လောက်ပြီဟုထင်၏။ အပြုသဘောပါသော သဘောထား၊ အကြံကောင်းဉာဏ်ကောင်း၊ အကြံသစ် ဉာဏ်သစ်တွေကိုပဲ တောင့်တမျှော်လင့်နေကြ၏။ စိတ်ကောင်းစေတနာကောင်း သတင်းစာဆရာ လူငယ် များကို ကြိုဆိုနေကြပါ၏။

ပရော်ဖက်ရှင်နယ်ပီသပါစေ
အခြေအနေအရပ်ရပ်က အသစ်ဖြစ်နေပြီ။ စိန်ခေါ်မှုများကလည်း အသစ်ဖြစ်ပေမည်။ ရှုမြင်ပုံ၊ ချဉ်းကပ်ပုံ၊ သဘောထားလည်း အသစ်အဖြစ် ပြုပြင်ပြောင်းလဲချိန်တန်ပေပြီ။ အပျက်သဘောထား ဝတ်ရုံနက် အဟောင်းအဆွေးများကို ယနေ့ချွတ်ချ ထားရစ်ခဲ့ရပါမည်။ ပုပ်စော်နံစော်ဟောင်နေပါပြီ။ အခြေအနေမှန် ကိုသိပါ။ နက်ဖြန်နံနက်မှစ၍ အပြုသဘော စိတ်ထား ဖြင့် နိုင်ငံကောင်းကျိုး၊ လူမျိုးတိုးတက်ရေး၊ ပြည်သူများ၊ ဝန်ထမ်းများ၊ ဆင်းရဲချမ်းသာနိုင်ငံသား အားလုံး ပျော်ရွှင်အားသစ်အောင် စတုတ္ထမဏ္ဍိုင် စာနယ်ဇင်း ဆရာများက တာဝန်ကျေစွာဦးဆောင် လုပ်ဆောင်ပြကြစေ လိုပါသည်။

အထူးသဖြင့် လူငယ်သတင်းစာဆရာများ အပြုသဘောစိတ်ထား ပြည့်ဝကြပါမှ တိုင်းပြည်လည်း လှမည်။ မိမိတို့ဘ၀လည်း အမှန်တကယ် ပြုပြင် ပြောင်းလဲပြီး တိုးတက်မည်။ အပြုသဘောစိတ်ထားမျိုး ကို မွေးခြင်းအားဖြင့် ဆိုးစရာမရှိ၊ ကောင်းကျိုး အဖြာဖြာကိုသာ မုချခံစားရမှဖြစ်ပါ၏။ စိတ်ကောင်း မွေးက ကောင်းကျိုးရမှာ ဘာများဆန်းပါသနည်း။

ဆက်ဆံရေး သူတစ်ပါးအပေါ်တွင် အပြုသဘောစိတ်ထားဖြင့် ဆက်ဆံပုံသည် မိမိဘ၀၏ အောင်မြင်ရေး အတွက် အလွန်တရာ ပင် အရေးကြီးပါသည်။

ဆက်ဆံပုံနေရာမကျသော အုပ်ချုပ်ရေးထက် အကြီးအကဲတို့လက်အောက်တွင် ဝန်ထမ်းတို့သည် များစွာ စိတ်ဆင်းရဲခဲ့ကြရသည်။ တမင်နှိပ်စက် ကလူပြုမူခြင်း မဟုတ်သော်လည်း ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမိခဲ့ကြသည်။ ထိုအခါ ဝန်ထမ်းများကလည်း ခေါင်းမာပုန်ကန်ပြီး ဆန္ဒမဲပေးခွင့်အခွင့်အရေးရသောအခါ အားလုံးကို ရှုံးနိမ့်သွားအောင် ငြင်းပယ် လိုက်ကြလေတော့သည်။ အမတ်လောင်းများ ချောင်ကျ မကျ။

လူများအပေါ်တွင် ဂရုစိုက်ကြင်ကြင်နာနာသာ ဆောင်ရွက်ခဲ့လျှင် သူတို့ကလည်း ရေရှည်လေးစား နေမှာဖြစ်၏။ သူတို့ကို ပွေ့ ဖက်ပြီး ဘယ်လောက်တော်သည်၊ ဘယ်လောက် ထူးချွန်သည်ဟု ချီးကျူး အသိအမှတ်ပြုစကား ကိုသာ ပြောခဲ့ပါလား။ အမှန်တကယ်ပင် ထူးထူးချွန်ချွန် ထက်ထက်မြက်မြက် အလုပ်လုပ်ပေးကြမှာပဲဖြစ်၏။ အပြုသဘော စိတ်ထား၏ ကောင်းကျိုး ရလဒ်များကား ရေတွက်၍ မကုန်နိုင်ပါ။ လက်တွေ့ကျင့်သုံးကြည့်ပါဟုသာ မေတ္တာရပ်ခံလိုက်ပါရစေ။

No comments:

Post a Comment