Tuesday, February 23, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ






နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပရာ သ၀ဏ်လွှာ ၂ ခုမှတ်တမ်းတင်ခြင်းနှင့် အယ်လ်နီညို ရာသီဥတုနှင့်ပတ်သက်သည့် အရေးကြီး အဆို အား ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရုရှားဖက်ဒရေး ရှင်း နိုင်ငံ အောက်လွှတ်တော် (State Duma) ဥက္ကဋ္ဌ H.E. Mr. Sergei E. Naryshkin ထံမှပေးပို့သော ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာနှင့် ဗီယက်နမ်နိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Nguyen Sinh Hung ထံမှ ပေးပို့သော ဂုဏ်ယူ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာတို့ကို မှတ်တမ်းတင်သည်။

ယင်းနောက် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း တင်သွင်းထားသည့် “ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခြင်းနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညို (El Nino)အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံ တစ်ဝန်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေး အန္တရာယ် များကို ကြိုတင် ကာကွယ် စီမံဆောင်ရွက်နိုင် ရေးနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး ကို ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့ က ဆွေးနွေးကြသည်။

အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတု နောက်ဆက်တွဲဆိုးကျိုးကို ခံစားရနိုင်သည့် အရှေ့တောင် အာရှနိုင်ငံ များ အသီးသီးသည် ဖြစ်ပေါ်လာနိုင်သည့် အရာများ ကို ပြည် တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ NGO များနှင့်ပေါင်း စပ်ပြီး နိုင်ငံ အသီးသီးတွင် ရေချိုရေသန့် လုံလောက်စွာရရှိရေးဆောင်ရွက်ခြင်း၊ လူနှင့် တိရစ္ဆာန် အစားအစာ ကြိုတင်စုဆောင်းခြင်း၊ အပူချိန်မြင့်မားသည့် အတွက် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ကြိုတင်ကာကွယ်ရန် အစီအမံများထားရှိခြင်း၊ ငတ်မွတ်ခေါင်းပါး မှု ကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ရာဇ၀တ်မှုများကို မည်သို့ဖြေရှင်းမည်ဆိုသည့် ကြိုတင်စီမံ မှုများကို စီမံထားကြပြီးဖြစ်ကြောင်း မီဒီယာများမှတစ်ဆင့်ကြား သိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည့် ငလျင် လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျခြင်း၊ တောမီးလောင်ခြင်း စသည့်ဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက မည်သို့ဖြေရှင်းကြမည်ဆိုသည့် အစီအမံများကို သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးက စီမံချက်များရေးဆွဲ ထားပြီးဖြစ်ကြောင်း၊ စီမံချက်များအသီးသီး ရေးဆွဲပြီးသော်လည်း ဇာတ်တိုက်လေ့ကျင့်မှုမျိုးမရှိသည် ကို တွေ့ရပါကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှု မရှိသည့် အတွက် သဘာဝဘေး များဖြစ်ပေါ်သည့်အခါ လိုအပ်သည်ထက်ပို၍ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရ ပါကြောင်း၊ နိုင်ငံတော်အရန်ဆန်သိုလှောင်မှု ဆောင်ရွက်ရာတွင်လည်း ဆန်ရောင်းချမှုဥပဒေ သို့မဟုတ် မူဝါဒများ ချမှတ်ပြဋ္ဌာန်းပြီး ဆောင်ရွက် သင့်ကြောင်း ဆွေးနွေးသည်။

နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်က ယခုနှစ်တွင် အယ်လ်နီညိုရာသီ ဥတု ဖြစ်ပေါ်နေသည့် အတွက်ကြောင့် ယခင်နှစ်များထက် မိုးနည်းမှုနှင့် ပူပြင်းခြောက်သွေ့ မှုကို ခံစားရမည်ဖြစ်ကြောင်း၊ ယခုအချိန်၌ ပင် ရေပြတ်လပ်မှုများနေရာ တော်တော် များများ၌ စတင်ဖြစ်ပေါ်နေ ပြီဖြစ်ကြောင်း၊ မီးလောင် ကျွမ်းမှုများသည်လည်း မကြာခဏ ဆိုသလိုဖြစ်ပေါ်နေကြောင်း၊ သေချာစွာ ကြိုတင်ပြင်ဆင်ထားမှု မရှိပါက ယခုနှစ် နွေရာသီတွင် ဘေးဒုက္ခများ ခံစားကြုံတွေ့ရနိုင်ကြောင်း၊ ထို့ကြောင့် မကြာမီဖြစ်ပေါ် လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို တာဝန်ရှိသူများ က သေချာစွာကြိုတင် ပြင်ဆင်ထားမှသာလျှင် ပြည်သူလူထု အနေဖြင့် ထိခိုက်မှု နည်းနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးက မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များ အသင်းက အယ်လ်နီညိုကြောင့် ငါးလုပ်ငန်းများ ထိခိုက်နိုင်သည် ဟု ပြော ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေကို ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ် လာ ၈၆ သန်း ရှာပေးသည့် ငါးတင်ပို့မှုတန်ဖိုးကို ယခုနှစ်တွင် မှီနိုင်ရန် စိုးရိမ်နေရသည့် အနေ အထားဖြစ်ပါကြောင်း၊ အလားတူ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းဒေသများတွင် စိုက်ပျိုးလေ့ရှိသည့် ပဲမျိုးစုံစိုက်ပျိုးရေး လုပ်ငန်းများသည်လည်း မိုးခေါင်မှုများကြောင့် ထိခိုက်ပျက်စီးနိုင်သည့် အတွက် ပြည်ပပဲမျိုးစုံတင်ပို့မှုသည် ယခုနှစ်တွင် ယခင်နှစ်များ လောက် တင်ပို့နိုင်တော့မည့် အခြေအနေတွင် မရှိပါကြောင်း၊ ပြည်သူများ၊ တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘ၀လုံခြုံမှုရှိအောင် ဆောင်ရွက်ရန်မှာ လွှတ်တော် အသီးသီးနှင့် နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ် ပါကြောင်း ဆွေးနွေး သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ကျော်မိုး က ယခုအယ်လ်နီညိုကြောင့် ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကမ္ဘာတစ်ဝန်း လုံး ၌ လူ ၂ သောင်းကျော်သေဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံ ခန့်ဆုံးရှုံးခဲ့ရပါကြောင်း၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လအတွင်း ဒေသအချို့၌ ပုံမှန်အပူချိန်ထက် ၁၂ ဒီဂရီစင် တီဂရိတ်အပူချိန်မြင့်မားခဲ့ပါကြောင်း၊ အယ်လ် နီညိုကြောင့် မြန်မာနိုင်ငံ ရှိ ဒေသ တော်တော် များများတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင်ခြင်းကြောင့် ရေကိုအလေအလွင့် မဖြစ်အောင်သတိပြုသင့်ပါကြောင်း၊ အယ်လ်နီ ညိုသည် မီးလောင်မှုကိုအားပေးသည့် အတွက် မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရန် ဒေသအားလုံး၌ အများ ပြည်သူသိရှိ စေရန် သတိပေးကြေညာချက်များ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အယ်လ်နီညို၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ် များကို ပြည်ထောင်စုအစိုးရက ဦးဆောင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ အစိုးရများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ အချိတ်အဆက် မိမိ ပူးပေါင်းပြီး ဒေသအလိုက် တာဝန်ယူ ဖြေရှင်းဆောင်ရွက်ရာတွင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့်လည်း ၀ိုင်းဝန်း ပူးပေါင်း ပါဝင်သင့်ပါကြောင်း ဆွေးနွေးသည်။

ယနေ့အစည်းအဝေးကို နံနက်(၁၁)နာရီ မိနစ်(၂၀)တွင် ရပ်နားလိုက်ပြီး အစည်း အဝေး ၁၁ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆက်လက်ကျင်းပရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment