Monday, February 29, 2016

ကျွန်တော်နဲ့ အိပ်(ခ်ျ)အာ ပြဿနာ


ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
 
မြန်မာနိုင်ငံဟာ အိပ်(ခ်ျ)အာပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ကျွန်တော်နဲ့ တွေ့ဆုံ သူတိုင်း ညည်းတွား ကြတယ်။ အကူအညီ တောင်းကြပါတယ်။ အထူးသဖြင့် လုပ်ငန်း အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေဟာ အိပ်(ခ်ျ)အာ ပြဿနာကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်လို့ ဆိုကြတယ်။ အမှန်တော့ နေရာတိုင်းလိုလိုမှာ ကြုံတွေ့နေ ရတာဖြစ်တယ်။ ယာဉ်မောင်း ကောင်းကောင်း ရှာမရတာတို့၊ အိမ် အဖော် အကူတွေကို မထိန်းသိမ်းတာတို့ ဒါတွေအားလုံးဟာ အိပ်(ခ်ျ)အာ ပြဿနာဖြစ်ပါ တယ်။


အိပ်(ခ်ျ)အာဆိုတာက Human Resources လူသားစွမ်းအားစုကို အတိုကောက်ခေါ်ဝေါ်တာ ဖြစ်တယ်။ တစ်ချိန်တုန်းက လုပ်ငန်းအဖွဲ့အ စည်းတွေမှာ အိပ်(ခ်ျ)အာ ဌာနဆိုတာ မရှိဘဲ အုပ်ချုပ်ရေးဌာနအောက်မှာ ထည့်ခဲ့တာတွေ့ရတယ်။ စည်းကမ်းရေးရာ ကိစ္စရပ်များကို အုပ်ချုပ်ရေးမှူးတွေက တာဝန်ယူခဲ့ကြတယ်။ အခုချိန်မှာတော့ လုပ်ငန်းတိုင်းလိုလိုမှာ အိပ်(ခ်ျ)အာ ဌာနတွေတည်ထောင်ပြီး ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ ကိစ္စမှန်သမျှကို တာဝန်ယူပေးတာ တွေ့ရပါတယ်။ အိပ်(ခ်ျ)အာကို ဦးစီးတာဝန်ယူတဲ့ အိပ်(ခ်ျ)အာဒါရိုက်တာတွေ ခန့်အပ်နေကြပြန်တယ်။ အိပ်(ခ်ျ)အာ တာဝန်တွေကို ယူနေကြတဲ့ မန်နေဂျာတွေလည်း ရှိနေတာတွေ့ရတယ်။

အခုလို အိပ်(ခ်ျ)အာခေတ်စားလာမှုဟာ နိုင်ငံတကာမှာ ရှင်သန်နေကြတဲ့ လုပ်ငန်းအဖွဲ့အစည်း ကုမ္ပဏီများရဲ့ အတွေ့အကြုံတွေကို အတု ယူပြီး ဆောင်ရွက်နေကြတာဖြစ်တယ်။ ဒါပေမယ့် ပီပီပြင်ပြင် လှုပ်ရှားနိုင်ဖို့ လိုအပ်နေသေးတာတွေ့ရတယ်။ အရေးကြီးဆုံးက အိပ်(ခ်ျ)အာရဲ့ အလုပ် တာဝန် ဝတ္တရားတွေကို ကျကျနန သိနားလည်ဖို့ပဲ ဖြစ်တယ်။ ဒါကို ပြည့်ပြည့်စုံစုံ သဘောပေါက်ဖို့ ဝန်ထမ်းတစ်ဦးရဲ့ လုပ်ငန်းအဖွဲ့ အစည်းနဲ့ ထိတွေ့ပတ်သက်မှု ကို သတိပြုဖို့ လိုအပ်တယ်။ အိပ်(ခ်ျ)အာလို့ ပြောရင် မိမိရဲ့ လုပ်ငန်းခွင်မှာ တာဝန်ယူနေတဲ့ ဝန်ထမ်းတွေနဲ့သာ ပတ်သက်ကြောင်း မှားယွင်းစွာ ယူဆကြ တယ်။ အမှန်တော့ ဝန်ထမ်းဟာ လုပ်ငန်းထဲ မရောက်မီနဲ့ ဝန်ထမ်းဟာ မိမိလုပ်ငန်းက ထွက်ခွာသည်အထိ စဉ်းစားထည့်တွက်ရမှာဖြစ်တယ်။ အိပ်(ခ်ျ)အာ ဌာနာလို့ အပိုင်းသုံးပိုင်း ပါဝင်တာကို နားလည်ဖို့ လိုအပ်ပါတယ်။

ပထမအပိုင်းဖြစ်တဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဝန်ထမ်းတွေကို ရှာဖွေရွေးချယ် ခန့်ထားဖို့ အရေးကြီးပါတယ်။ မိမိလုပ်ငန်းအတွက် အကျိုးရှိစေမယ့် ဝန်ထမ်းတွေကို အမြဲမပြတ် ရှာဖွေနေရမှာဖြစ်ပါတယ်။ 

အခုလို ဆောင်ရွက်တဲ့နေရာမှာ ကြိုတင်မှုဟာ အရေးကြီးပါတယ်။ ဝန်ထမ်း လစ်လပ်မှုပေါ်လာမှ ရှာဖွေတာမျိုး မဟုတ်ဘဲ နေ့စဉ် စဉ်ဆက်မပြတ် ရှာဖွေနေ ရမှာဖြစ်တယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း အိပ်(ခ်ျ)အာ ဌာနရဲ့ တာဝန် သာမဟုတ်ဘဲ လုပ်ငန်းအဖွဲ့အစည်းမှာ တာဝန်ယူနေသူတွေ အားလုံးရဲ့ တာဝန်ဖြစ်တယ်။ “လူတော်လူကောင်း” တွေကို အစဉ်မပြတ် ရှာဖွေနေရ မှာ ဖြစ်တယ်။ အခုတော့ လစ်လပ်မှု ရှိမှ ရှာဖွေနေကြတာမို့ နောက်ကျတဲ့ သဘောဆောင်ပါတယ်။ ရှာဖွေပြီးတဲ့အချိန်မှာ စနစ်တကျ ရွေးချယ်နိုင် ရမှာ ဖြစ်တယ်။ ရွေးချယ်တဲ့ အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးသလို သပ်သပ်ရပ်ရပ် လုပ်ဆောင်နိုင်ရမှာ ဖြစ်တယ်။ ရွေးချယ်တဲ့ နေရာမှာ စာမေးပွဲ စစ်ဆေးမှု၊ လူတွေ့စစ်ဆေးမှုတွေ လုပ်ရမှာဖြစ်တယ်။ ဒီလုပ်ငန်းတွေကို အိပ်(ခ်ျ)အာဌာနက တာဝန်ယူပြီး သက်ဆိုင်တဲ့ဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရွေးချယ်မှုအဆင့်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ပြီးချိန်မှာ ခန့်ထားရမှာ ဖြစ်တယ်။ ခန့်ထားတဲ့ အခါမှာ လူမှန်နေရာ မှန် ဖြစ်ဖို့ အလွန် လိုအပ်ပါတယ်။ ခန့်ထားမှုနဲ့ ပတ်သက်ပြီး ဝန်ထမ်းအသစ်ဖြစ်သူကို မိမိလုပ်ငန်း အဖွဲ့အစည်းကုမ္ပဏီများနဲ့ မိတ်ဆက်ပေးဖို့ လိုအပ်ပါတယ်။ လုပ်ငန်းရဲ့ ယဉ်ကျေးမှု၊ တန်ဖိုးထားမှု၊ ဦးတည်ချက်၊ ရည်မှန်းချက်တွေကို ဝန်ထမ်းအသစ် သဘောပေါက်အောင် အချိန်ယူပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ခန့်ထားရုံနဲ့ မပြည့်စုံပါဘူး။

ဒုတိယအပိုင်းမှာတော့ လုပ်ငန်းအဖွဲ့အစည်း ကုမ္ပဏီတွေမှာ တာဝန်ယူနေကြ တဲ့ ဝန်ထမ်းတွေကို စောင့်ရှောက်ရမယ့် ဝတ္တရားဖြစ်တယ်။ အရေးအကြီး ဆုံးကတော့ ဝန်ထမ်းတစ်ဦး တာဝန်ယူဆောင်ရွက်ရမယ့် အလုပ်နဲ့ပတ်သက်ပြီး သိရှိနားလည်အောင် လုပ်ဖို့ဖြစ်တယ်။ အခုလိုသိမှလည်း ဒီဝန်ထမ်းဟာ စွမ်းဆောင်ရည် ပြည့်ဝမှာ ဖြစ်တယ်။ ဒီနေရာမှာ အရေးကြီးဆုံး တာဝန်က Performance Management လို့ခေါ်တဲ့ လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်ပြည့်ဝအောင် စီမံဖို့လိုအပ်ပါတယ်။ ဒီတာဝန်ဟာ အိပ်(ခ်ျ)အာရဲ့ အရေး အကြီးဆုံး ဖြစ်တယ်လို့ ယူဆမိပါတယ်။ အခုလို ဆောင်ရွက်ရာမှာ ဝန်ထမ်း အားလုံးရဲ့ စွမ်းဆောင်ရည်ဆန်းစစ်မှု Perfor -mance Appraisal ကို စနစ်တကျ ဆောင် ရွက်ဖို့ ဖြစ်ပါတယ်။ ခေတ်မီတဲ့ကုမ္ပဏီတွေမှာ ဒီဆန်းစစ် မှုတွေ လုပ်ကိုင်ဆောင်ရွက်နေပေမယ့် ဝတ်ကျေတန်းကျေ လုပ်နေကြ တာတွေ့ရ တယ်။ နောက်ဆုံးမှာ ပုံစံတွေဖြည့်ပြီး မိမိကြီးကြပ်တဲ့ဝန်ထမ်းတွေကို အမှတ်ပေးနေကြတယ်။ အခုလို အမှတ်တွေပေးတဲ့နေရာမှာလည်း ပြဿနာ မပေါ်အောင် တာဝန်ရှောင်တဲ့ သဘောတွေရှိနေတယ်။ အဆိုးဆုံးကတော့ စွမ်းဆောင်ရည် ဆန်းစစ်မှုနဲ့ အသိ အမှတ်ပြုမှု၊ ချီးမြှောက်မှုနဲ့ ဆက်စပ်မှု မရှိတဲ့ကိစ္စ။ အမှန်တော့ စွမ်းဆောင်ရည် ဆန်းစစ်မှုကြောင့် ပြည့်ဝမှု ရှိတယ်လို့ သုံးသပ်တဲ့ ဝန်ထမ်းတွေကို ထိုက်သင့်တဲ့ ချီးမြှောက်မှုမျိုး၊ အသိအမှတ်ပြုမှုမျိုး ရှိရမယ်။ အခုတော့ ချိတ်ဆက်မှုမရှိတာမို့ ဆန်းစစ်မှုကို ဘယ်သူမှ အလေး မထားကြဘူး။ ချီးမြှောက်မှု၊ အသိအမှတ်ပြုမှုကို စဉ်းစားပြန်ရင် အခြေခံ အားနည်းချက်က တရားမျှတမှု မရှိတာတွေ့ရတယ်။ တရားမျှတမှုကို ဘယ်ပေတံနဲ့ တိုင်းတာ မလဲဆိုတာ လက်ရှိအချိန်မှာ များသောအားဖြင့် ညီတဲ့ပေတံကို သုံးနေကြတယ်။ ဥပမာ- တစ်နှစ် ကုန်ရင် ဝန်ထမ်းအားလုံးကို သုံးလစာ အပိုကြေး ဘောနပ်(စ်)ပေးတာ ရုတ်တရက် ကြည့်ရင် အားလုံးဟာ သုံးလစာ အပိုကြေးရရှိတာမို့ တရားတယ်လို့ ထင်နိုင်ပေမယ့် အမှန်စင်စစ် အခုလိုလုပ်တာဟာ မတရားပါဘူး။ တကယ်တရားတာက စွမ်းဆောင်ရည် ပိုတဲ့သူကို ဘောနပ်(စ်)ပိုပေးပြီး မပြည့်တဲ့သူကို လျှော့ပေးတာမျိုး ဒီအယူ အဆဟာ ညီတာ (equality) နဲ့ မျှတာ (equity) မတူညီမှုကို လက်ခံတာဖြစ် တယ်။ ညီတာထက် မျှတာက တရားမျှတမှုရှိပါ တယ်။ တော်တဲ့သူကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပြီး စွမ်းဆောင်ရည်မပြည့်မီတဲ့သူကို တစ်မျိုးစဉ်းစား သင့်ပါတယ်။

ဝန်ထမ်းတစ်ဦးကို ချီးမြှောက်အသိပြုရမှာ ငွေကြေး သာမက၊ ငွေကြေးမဟုတ်တဲ့ နည်းတွေနဲ့ ဆောင်ရွက်နိုင်ပါတယ်။ တာဝန်ပိုပေးတာမျိုး အတွေ့အကြုံ စုံလင်အောင် အခြားဌာနတွေမှာ တာဝန် ထမ်းဆောင်စေတာဟာလည်း ချီးမြှောက်မှုဖြစ်တယ်။

မျက်မှောက်ခေတ် ကာလမှာ အိပ်(ခ်ျ)အာနဲ့ ပတ်သက်လာရင် မိမိလုပ်ငန်း အဖွဲ့အစည်း၊ ကုမ္ပဏီတွေမှာ တာဝန်ယူနေတဲ့ ဝန်ထမ်းတွေကို အရည် အသွေးမြှင့်တင်တဲ့ သင်တန်းပေးမှု၊ သင်ယူခံယူမှု အခွင့်အရေးတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ လုပ်ငန်းတွေမှာ သင်တန်းပေးမှုကို စိတ်ပူနေကြတယ်။ သင်တန်းပေးတာ၊ စရိတ်စကအဖြစ် သတ်မှတ်တာမို့ စရိတ်စကနည်းပါးအောင် သင်တန်းပေးမှုကို လက်တွန့်နေကြတယ်။ အမှန်တော့ သင်တန်းပေးမှုဟာ ရင်းနှီးမြှုပ်နှံမှု ဖြစ်တာကို သတိပြုရမှာ ဖြစ်တယ်။ မိမိဝန်ထမ်းကို သင်တန်းပေး လို့ သူ့ရဲ့အရည်အသွေး တိုးလာရင် သင်တန်းဟာ စရိတ်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။

နောက်ဆုံး အပိုင်းကတော့ အကြောင်းကြောင်းကြောင့် ဝန်ထမ်းလုပ်သူ မိမိလုပ်ငန်းမှ ထွက်ခွာသွားတဲ့အခါ အိပ်(ခ်ျ) အာရဲ့ တာဝန် ဟာ ချောချောမွေ့မွေ့ဖြစ်အောင် စီစဉ်ရမှာဖြစ်တယ်။ ဘာကြောင့် ထွက်သွားရသလဲ ဆိုတဲ့ အကြောင်းရင်းတွေကို တတ်နိုင်သမျှ ဖော်ထုတ်ပေး ရမယ်။ ဒါကို သိရှိနားလည်မှ အလားတူကိစ္စတွေ မဖြစ်အောင် တားဆီးနိုင် မှာဖြစ်ပါတယ်။

လက်ရှိ အချိန်အခါမှာ အိပ်(ခ်ျ)အာ ပြဿနာကြီးထွားမှု ရှိတယ်လို့ပြောရင် ဝန်ထမ်းတွေကို ထိန်းသိမ်းနိုင်မှုပဲ ဖြစ်တယ်။ ဝန်ထမ်းတွေဟာ တစ်နေရာ တည်း မှာ တည်တည်ငြိမ်ငြိမ် စွဲစွဲမြဲမြဲလုပ်လိုတဲ့ အခြေအနေမရှိဘဲ အခွင့် အရေး ကောင်းရင် ပြောင်းရွှေ့ဖို့ ဝန်မလေးကြဘူး။ အလုပ်တစ်ခု က နောက်တစ်ခုကို ခပ်လွယ်လွယ် ပြောင်းလိုတဲ့၊ ပြောင်းနေတဲ့ဝန်ထမ်းတွေ ယခင်ကထက် ပိုများနေတာတွေ့ရတယ်။ ဒါကြောင့် ဝန်ထမ်းတွေ မထွက်အောင် ထိန်းသိမ်းရတဲ့ တာဝန်ဟာ အလွန်ကြီးမားနေပါတယ်။

စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကြောင့် ကုမ္ပဏီ အသစ်တွေပေါ်ပေါက် လာပြီး နိုင်ငံခြားကုမ္ပဏီတွေ မြန်မာပြည်အတွင်း လုပ်ငန်းသစ်တွေ တည်ထောင် လာတာမို့ အလုပ်အကိုင် အခွင့်အရေးတွေ တိုးလာပါတယ်။ အခုလို တိုးလာ တာနဲ့အမျှ မိမိဝန်ထမ်းတွေကို မထွက်အောင် ထိန်းသိမ်းရတဲ့ တာဝန်က ပိုပြီးကြီးလာတာ တွေ့ရတယ်။

ကျွန်တော့်အနေနဲ့ ဝန်ထမ်းတွေ အလုပ်တစ်ခုမှာ ကြာကြာမနေဘဲ မကြာ ခဏ ပြောင်းလဲနေတာကို ကောင်း တယ်ဆိုးတယ်လို့ မပြောချင်ပါဘူး။ အလုပ်ပြောင်းမှုကို အတွေ့အကြုံ စုစည်းမှုလို့ သုံးသပ်ရင် ပြောင်းသင့်ပါတယ်။ ဒါပေမယ့် ခဏခဏပြောင်းတာကိုတော့ သတိပြုသင့်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက အလုပ်ထဲဝင်ပြီးအငြိမ်းစား ယူတဲ့အထိ ဌာနတစ်ခုတည်းမှာပဲ စွဲစွဲမြဲမြဲ အလုပ်လုပ်ကြတယ်။ အခုတော့ အလုပ်သက်တမ်းမှာ အနည်းဆုံး သုံးကြိမ်၊ လေးကြိမ် ပြောင်းတာကို တွေ့မြင်ရပါတယ်။

တွေ့မြင်နေတဲ့ အိပ်(ခ်ျ)အာ ပြဿနာတွေအနက် နောက်တစ်ခုကတော့ လုပ်ငန်း အဖွဲ့အစည်းတွေမှာ အမျိုးအစား မတူညီတဲ့ ဝန်ထမ်းတွေ ပူးပေါင်းနေထိုင် လှုပ်ရှားနေရတဲ့ကိစ္စဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေ မှာ နိုင်ငံခြားက အတတ်ပညာ ရှင်တွေ၊ အသိပညာရှင်တွေ ခန့်အပ်ပြီး တာဝန်ပေးလာကြတာ တွေ့ရတယ်။ သူတို့ရဲ့ လုပ်ငန်းအတွေ့အကြုံတွေ အားကိုးပြီး လုပ်ခလစာ ဈေးကြီးကြီးပေးပြီး အသုံးပြုလာကြတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ထူးခြားတဲ့ဖြစ်ရပ် တစ်ခုပေါ်ပေါက်လာခဲ့တယ်။ ဒီကိစ္စက အိပ်(ခ်ျ)အာအတွက် စိန်ခေါ်မှု တစ်ရပ် နိုင်ငံခြားမှာ ပညာ သင်ယူပြီး မိမိနိုင်ငံကို ပြန်ရောက်လာပြီး အလုပ် လုပ်ကြတယ်။ မြန်မာလူငယ်တွေ သူတို့က (repatriates) လို့ ခေါ်ပါ တယ်။ ပြည်တော်ပြန်တွေဖြစ်တယ်။ အသက်ငယ်ကြတယ်။ ပညာပြည့်စုံတယ်။ အထူးခြားဆုံးကတော့ သူတို့ရဲ့ (Mindset) အတွေးအခေါ် အယူအဆတွေဖြစ် တယ်။ နိုင်ငံခြားအတွေ့အကြုံတွေရှိတာမို့ သူတို့ဟာ မြန်မာနိုင်ငံ သားတွေ ထက် ပြောရဲဆိုရဲ ရှိကြတယ်။ မကြောက်ကြဘူး။ ဒါကြောင့်လည်း သူတို့ကို အားကိုးလာကြတယ်။ ဒါပေမယ့် သူတို့ကို တိုင်းရင်းသား ဝန်ထမ်းတွေထက် လုပ်ခလစာ အဆမတန် ပေးရတယ်။ ဒါကြောင့် လုပ်ငန်းကြီးတွေမှာ အခြေခံ မတူညီတဲ့ ပြည်တွင်းဝန်ထမ်းတွေရယ်၊ ပြည်ပကလာရောက် လုပ်ကိုင် သူတွေ ရယ်၊ ပြည်တော်ပြန်တွေရယ် သုံးမျိုး သုံးစားကို ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်နိုင်ဖို့ဟာ အိပ်(ခ်ျ)အာ ပြဿနာတစ်ခုဖြစ်နေတာ။ ပြည်တွင်းက ဝန်ထမ်းတွေဟာ နိုင်ငံခြားသားတွေ လက်ခံကြပေမယ့် ပြည်တော်ပြန်တွေ အပေါ် အမြင်တွေကတော့ တစ်မျိုးဖြစ်နေကြ တယ်။ မြန်မာချင်း တူပေမယ့် အခွင့်အရေး မတူညီမှုကို မကျေနပ်ကြဘူး။ ဒီပြဿနာကို အိပ်(ခ်ျ)အာ တာဝန်ယူတဲ့သူတွေဟာ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်သွားရ မှာဖြစ်ပါတယ်။

အိပ်(ခ်ျ)အာနဲ့ပတ်သက်လာရင် အခြေခံစဉ်းစားမှု တစ်ရပ်ကို ပြုပြင်ဖို့ လိုအပ်ပါတယ်။ အနီးဆုံး ဥပမာကတော့ စင်ကာပူနိုင်ငံမှာ ကျင့်သုံးတဲ့ မူဝါဒပေါ်လစီ ဖြစ်တယ်။ နိုင်ငံကိုစတည်ထောင်ကတည်းက နိုင်ငံ့ ခေါင်းဆောင်တွေက သူတို့နိုင်ငံ တိုးတက်ဖို့ လူသား အရင်းအမြစ်ဟာ အချက်အချာကျကြောင်း လက်ခံခဲ့တယ်။ အရည်အချင်း ရှိတဲ့သူတွေကို ရအောင် စုဆောင်းခဲ့တယ်။ အခုလို စုဆောင်းတဲ့နေရာမှာ စင်ကာပူနိုင်ငံသား ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မထားခဲ့ဘူး။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် အရည်အချင်းရှိသူကို အသုံးပြုဖို့ စီစဉ်ဆောင် ရွက်ခဲ့တယ်။ ဒါ့ကြောင့် စင်ကာပူနိုင်ငံမှာ အလုပ်လုပ် တဲ့ နိုင်ငံခြား သားတွေ အများကြီး ရှိခဲ့တယ်။ ဒီအတွေး ဒီအယူအဆကို (brain gain) လို့ သတ်မှတ်ပါတယ်။ မိမိနိုင်ငံက ထူးချွန်ပြောင်မြောက်တဲ့ သူတွေ အခြားနိုင်ငံမှာ အလုပ်သွားလုပ်တဲ့အတွက် ဦးနှောက်ယိုစီးမှု (brain drain) ကို ရင်ဆိုင်ဖြေရှင်း တဲ့ မဟာဗျူဟာကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကို မြန်မာပြည် မှာ ကျင့်သုံးဖို့ အခုချိန်မှာ ခက်ခဲလိမ့်မယ်လို့ ယူဆမိပါတယ်။

အိပ်(ခ်ျ)အာ အကြောင်းပြောရင် ပညာရေးစနစ်ကို သတိပြုရမှာဖြစ်တယ်။ အိပ်(ခ်ျ)အာဟာ လူ့စွမ်းအားကို ရည်ညွှန်းတာမို့ ဝန်ထမ်းတွေရဲ့ အရည်အချင်း၊ အရည်အသွေးဟာ ပညာရေးစနစ်အပေါ် မူတည်နေတယ်။ ဒီနေရာမှာ ပညာရေးလောကနဲ့ အလုပ်ခွင် လောက ဆက်စပ်မှု မရှိတာ အဓိက ပြဿနာဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်က အိပ်(ခ်ျ)အာ ပြဿနာ ဖြေရှင်းဖို့ စီးပွားရေး လုပ်ငန်း ရှင်တွေ၊ နိုင်ငံတော်မှ တာဝန်ရှိ သူတွေနဲ့ ပညာရေးလောကမှ ပညာရှင်တွေ ညှိနှိုင်းဆောင်ရွက်ဖို့လိုကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ။

No comments:

Post a Comment