Monday, February 29, 2016

ရန်ကုန်မြို့နှင့်အနီးဆုံး အပန်းဖြေရေကူးဆိပ် ရန်ကင်းသာ သို့မဟုတ် ညောင်ချောင်းသာ



သတင်းဆောင်းပါး-မောင်စိန်လွင်(မြန်မာ့အလင်း) ၊ဓာတ်ပုံ-မင်းထက်

ရန်ကုန် ဖေဖော်ဝါရီ ၂၈

သက်တမ်းအားဖြင့် လေးနှစ်ကျော် ငါးနှစ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သော အပန်းဖြေ ကမ်းခြေရေကူးဆိပ်။ တစ်နည်းအားဖြင့် ပြောရလျှင် ရန်ကုန်မြို့နှင့် အနီးစပ်ဆုံးနှင့် ပြည်သူများသွားလာလည်ပတ်မှုအများဆုံး အပန်းဖြေရေကူးဆိပ် ရန်ကင်းသာ သို့မဟုတ် ညောင်ချောင်းသာ ------။


ရန်ကင်းသာ အပန်းဖြေကမ်းခြေ ရေကူးဆိပ်သည် ဧရာဝတီတိုင်းဒေသ ကြီး ညောင်တုန်းမြို့ ရန်ကင်းစံရာ အနောက်ကျွန်းအုပ်စု အမှတ်(၅) ရပ်ကွက်အနီး ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်တို့ဆုံရာ မြစ်ဝအပန်းဖြေ ကမ်းခြေဖြစ်သည်။ ရန်ကုန်မြို့နှင့် ၃၈ မိုင်သာ ကွာဝေးမည်ဖြစ်သည်။ ရန်ကင်းသာ(သို့) ညောင်ချောင်းသာ အပန်းဖြေကမ်းခြေ ရေကူးဆိပ်ကို ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် စတင် ဖွင့်လှစ် လူသိများလာခဲ့ပြီး ယခု၂ဝ၁၆ ခုနှစ်တွင် သက်တမ်းအားဖြင့် ငါးနှစ် အတွင်းသို့ ရောက်ရှိပြီဖြစ်သည်။ ကမ်းခြေအလျားမှာ ပေတစ်ထောင် ကျော်ရှိသော်လည်း ပြည်သူများ အနားယူအပန်းဖြေ ရေဆော့ကစား ရာ ဧရိယာသည် တစ်နှစ်ထက်တစ်နှစ် မြစ်ကြောင်း ပြောင်းလဲမှုကြောင့် အနည်းငယ် လျော့နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။

''ကျွန်တော်တို့ ဒီရန်ကင်းသာကို နှစ်စဉ်ပထမဆုံးလဖြစ်တဲ့ ဇန်နဝါရီ ဆိုရင် ဆိုင်ခန်းတွေ လေလံခေါ်တာ၊ ရောင်းချတာ စတဲ့အခြေခံအချက်တွေ ကိုလုပ်ပါတယ်။ အားလုံးစုံပြီး အခုလို ဖေဖော်ဝါရီလအတွင်း လောက်မှာ နှစ်စဉ်ဖွင့်ပွဲကို လုပ်ဖြစ်ပါတယ်။ ဒီနှစ်နဲ့ဆို ငါးနှစ်ထဲရောက်ပါပြီ။ ကမ်းခြေရယ်လို့ စတင်ဖွင့်လှစ်ဖြစ် တာကတော့ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က ပါ''ဟု ရန်ကင်းသာ ကမ်းခြေဦးစီး ကော်မတီအတွင်းရေးမှူး ဦးခင်မောင် ညိုက ပြောသည်။

ရန်ကင်းသာကမ်းခြေ အပန်းဖြေ ရေကူးဆိပ်ကို ၂ဝ၁၂ ခုနှစ်မှ စတင် ခဲ့သော်လည်း သက်ဆိုင်ရာဦးစီး ကော်မတီအနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၄ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်မှသာ စာရင်းဇယား၊ မှတ်တမ်းမှတ်ရာများ ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ အဆိုပါ စာရင်းဇယားများအရ ¤င်းကမ်းခြေမှ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် အရပ်ရပ်ဝင်ငွေအားဖြင့် ငွေကျပ်သိန်း ၅၅ဝ၊ ၂ဝ၁၅ ခုနှစ်တွင် ငွေကျပ်သိန်း ၅ဝဝ ကျော်နှင့် ယခု ၂ဝ၁၆ ခုနှစ်တွင် ငွေကျပ်သိန်း ၁ဝဝဝ ဝန်းကျင်ရရှိကြောင်း သိရသည်။ ယခု နှစ်ဆိုလျှင် ဆိုင်ခန်းပေါင်း ၄၁ ခန်း ရှိပြီး တစ်ခန်းလျှင် လေလံနှုန်းထား အနေဖြင့် ငွေကျပ်ငါးသိန်း သတ်မှတ် ရောင်းချခဲ့ကာ ကမ်းခြေဝင်ရောက် အပန်းဖြေ ဆော့ကစားသူများကို လည်း လူကြီးငွေကျပ် ၂ဝဝ နှင့် ကလေးငွေကျပ် ၁ဝဝ ကောက်ခံလျက် ရှိသည်။ အဆိုပါအရပ်ရပ်မှ ရရှိသည့် ငွေများကို ညောင်တုန်းမြို့တွင်း မီးသွယ်၊ လမ်းခင်းနှင့် မြို့တော်ခန်းမ တည်ဆောက်မှုအပါအဝင် မြို့သာ ယာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အသုံး ပြုကြောင်း ကမ်းသာယာဦးစီး ကော်မတီအဖွဲ့မှ သိရသည်။

''ဒီရန်ကင်းသာ အပန်းဖြေ ကမ်းခြေစခန်းကို လာရောက်လည် ပတ် ဆော့ကစားတဲ့သူတွေအတွက် အသက်အန္တရာယ် လုံခြုံမှုရှိအောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ အထူးသဖြင့် လာရောက်လည်ပတ် တဲ့ သူတွေအနေနဲ့ လိုက်နာဖို့ပဲ လိုတာ ပါ။ ဒီကမ်းခြေမှာ အရက်သေစာ ကိုလည်း လုံးဝမရောင်းချရပါဘူး။ လာရောက်လည်ပတ်တဲ့သူတွေအနေ နဲ့ ယူလာကြတာများပါတယ်။ မူးပြီး ဆော့ကစားတာတွေရှိလို့ စောင့် ကြည့် စက်တပ်သမ္ဗန်ကိုလည်း အမြဲ တမ်း ထားပေးထားပါတယ်''ဟု ကမ်းခြေဦးစီးကော်မတီ အတွင်း ရေးမှူး ဦးခင်မောင်ညိုက ထပ်မံ ရှင်းပြသည်။

ယနေ့ စတင်ဖွင့်လှစ်လိုက်သည့် ရန်ကင်းသာကမ်းခြေကို ပြည်သူများ အနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဝင်ထွက်ရေဆော့ကစား နိုင်ပြီး နေ့စဉ် ပြည်သူ့ရဲနှစ်ဦး၊ မီးသတ်နှစ်ဦး၊ စည်ပင်ဝန်ထမ်းတစ်ဦး၊ ကျန်းမာရေးဝန်ထမ်း နှစ်ဦးနှင့် ဒေသခံကော်မတီဝင် တစ်ဦးတို့က အလှည့်ကျ စောင့်ကြပ်ကြည့်ရှုလျက် ရှိသည်။ ယခင်နှစ်များက လာရောက် လည်ပတ်သူ ရှစ်သိန်းဝန်းကျင် ရှိသော်လည်း ပြည်ပခရီးသွား ဧည့်သည်များ အနည်းငယ်သာ ရှိသေးကြောင်း သိရသည်။

''ကျွန်တော်တို့မိသားစုကရန်ကုန် ကလာတာပါ။ ဒီနေ့လာဖြစ်တာ ကတော့ အငယ်ဆုံးသမီး စာမေးပွဲ ပြီးတာနဲ့ တနင်္ဂနွေအလုပ်လည်း အားတာနဲ့ မိသားစုလိုက် လာတာပါ။ နှစ်တိုင်းတော့ ဒီရန်ကင်းသာကမ်းခြေ ကို လာဖြစ်ပါတယ်။ တစ်ခါတလေဆို တစ်လကို နှစ်ကြိမ်လောက်တောင် လာဖြစ်တယ်။ အဓိက ကတော့ လေကောင်းလေသန့် ရှူချင်တာရယ်၊ ကျွန်တော်တို့နဲ့နီးတာဆို ဒီကမ်းခြေ လေးပဲရှိတော့ လာဆော့ကစား ဖြစ်နေတာပါ''ဟု ရန်ကုန်မြို့ လှိုင်သာယာမှ မိသားစုလိုက်လာ ရောက်သည့် ကိုမြင့်နိုင်က ဆိုသည်။


ရန်ကင်းသာ ကမ်းခြေသည် ယခင်နှစ်များတွင် ဆော့ကစားနိုင် သည့် ကမ်းခြေဧရိယာပေ ၁၅ဝ ကျယ် ဝန်းကျင် တည်ရှိခဲ့သော်လည်း ယခုနှစ်တွင် မြစ်ကြောင်းပြောင်းလဲ မှုကြောင့် ပေ ၈ဝ ဝန်းကျင် သောင် သိမ်သွားခဲ့ကာ ကမ်းစပ်ဧရိယာမှာ အနည်းငယ် ကျဉ်းမြောင်းသွား ကြောင်း သိရသည်။ ယင်းကဲ့သို့ နောင်နှစ်များတွင်လည်း မြစ်ကြောင်း ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ် ပါက ယခုထက် ကမ်းခြေသောင်သိမ် မှုမှာ ပိုမိုဖြစ်ပေါ်နိုင်ပြီး ကမ်းစပ် ဧရိယာ ပိုမိုကျဉ်းမြောင်းသွားနိုင် ကြောင်း သိရသည်။

No comments:

Post a Comment