Monday, February 29, 2016

ဘီလူးကျွန်းအနာဂတ်ကို လင်းလက်ဝေဖြာစေမည့် သံလွင်တံတား(ချောင်းဆုံ)



သတင်းဆောင်းပါး-မောင်မောင်မြင့်ဆွေ

ဓာတ်ပုံ-မောင်ချစ်ကြည်၊ ဆောက်လုပ်ရေး


တသွင်သွင်စီးဆင်းနေသော သံလွင်မြစ်၊ ရေစီးသန်သော သံလွင်မြစ်ပေါ် တွင် စုန်ဆန်ခုတ်မောင်းသွားလာနေသော ရေယာဉ်များ၊ ရေစီးသန်လွန်းသော အချိန်များတွင် စက်တပ်ရေယာဉ်များ ဖြတ်သန်းသွားလာရခက်ခဲသော သံလွင် မြစ်က ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)နှင့် မော်လမြိုင်မြို့ကို ပိုင်းခြားထားသည် မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဖွံ့ဖြိုးတိုးတက်မှုနည်းပြီး အထီးကျန်စွာ ရပ်တည်ခဲ့ ရသော ဘီလူးကျွန်း၏ အနာဂတ်အလှကို တောက်ပစွာဖန်တီးပေးမည့် သံလွင် တံတား(ချောင်းဆုံ)ကို ယခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက် ပေးနေပြီဖြစ်သည်။


''နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က မွန်ပြည်နယ်ကို လာရောက်တဲ့ခရီးစဉ်မှာ သံလွင်တံတား(ချောင်းဆုံ)ကို တည်ဆောက်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ ဒါကြောင့် တံတားစီမံကိန်းဖြစ်မြောက် နိုင်စွမ်း လေ့လာမှုတွေကို အဆင့်ဆင့်ပြုလုပ်ပြီး တံတားတည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်မှာ ပန္နက်တော်တင်အခမ်း အနားပြုလုပ်ပြီး စတင်ခဲ့တာဖြစ်ပါတယ်''ဟု မော်လမြိုင်မြို့ ကျိုက်မုပွန်ဘက် ခြမ်းရှိ တံတားတည်ဆောက်ရေးဆိုင်ရာ ရှင်းလင်းဆောင်တွင် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တံတားစီမံကိန်းတာဝန်ခံ ဦးသိန်းမြင့်မွန်က ပြောသည်။

သံလွင်မြစ်လယ်တွင် တံတားတိုင်များ အစီအရီထွက်ပေါ်လာပြီဖြစ်သည်။ အပူရှိန်ပြင်းပြင်းအောက်တွင် ရေလယ်တံတားထိပ်များပေါ်၌ လုပ်ငန်းများ ဆောင်ရွက်နေသော အလုပ်သမားများက သတ်မှတ်ချိန်အတွင်းပြီးစီးရန် အင်အား ပြည့် လုပ်ကိုင်နေကြသည်။ စက်ယန္တရားကြီးများအသုံးပြုပြီး တံတားတိုင်များ၊ တံတားလုပ်ငန်းများကို အပိုင်းလိုက်ခွဲကာ ဆောင်ရွက်နေကြရာ ယခုအခါ ရေလယ်တိုင်လုပ်ငန်းများကိုလည်း လုပ်ကိုင်နေပြီဖြစ်သည်။ ချဉ်းကပ်လမ်းများကိုလည်း မော်လမြိုင်မြို့ဘက် အခြမ်းရော ဘီလူးကျွန်းဘက်အခြမ်းမှာပါ တစ်ပြိုင်တည်းပြုလုပ်လျက်ရှိရာ ချဉ်းကပ်လမ်းများနှင့် တံတားလုပ်ငန်းပါ တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီ ဖြစ်သည်။

သံလွင်တံတား(ချောင်းဆုံ)သည် တံတားအရှည် ၅၂ဝ၃ ဒသမ ၄ ပေရှိပြီး တံတားခန်းဖွင့်ဖွဲ့စည်းပုံမှာ မော်လမြိုင်ဘက်ကမ်းတွင်Steel Plate Girder မီတာ ၃ဝ တစ်ခန်း၊Steel Box Girder မီတာ ၆ဝ သုံးခန်း၊ Main Steel Truss လေးခန်း၊ ချောင်းဆုံဘက်ကမ်းတွင်Steel Box Girder မီတာ ၆ဝ အကျယ် ၁၄ ခန်းဖြစ်သည်။ တံတားချဉ်းကပ်လမ်းမှာ မော်လမြိုင်ဘက်ကမ်းတွင် ၇၅၇ ပေရှိပြီး ချောင်းဆုံဘက်ကမ်းတွင် ပေ ၁၆၉၈ဝ ရှိရာ စုစုပေါင်းချဉ်းကပ်လမ်း အရှည်မှာ ၁၇၇၃၇ ပေ(၃ မိုင် ၂ ဒသမ ၇၅ ဖာလုံ)ဖြစ်ကြောင်း သိရသည်။ ယင်းချဉ်းကပ်လမ်းမှာ ဘီလူးကျွန်းပတ်လမ်းနှင့် ထိတွေ့ဆက်စပ်မည်ဖြစ်ရာ တစ်ကျွန်းလုံးမှ ပြည်သူများ မော်လမြိုင်မြို့မှ တစ်နိုင်ငံလုံးသို့ သွားရောက်နိုင် တော့မည်ဖြစ်သည်။

''တံတားတည်ဆောက်မှုကို သတ်မှတ်ချိန်အတွင်း စံချိန်စံညွှန်းနဲ့အညီ ပြီးစီးဖို့ တံတားအထူးအဖွဲ့(၄)နဲ့ တံတားအထူးအဖွဲ့(၁)တို့ ပူးတွဲပြီး ဆောင်ရွက် နေပါတယ်။ လက်ရှိအနေအထားမှာတော့ မော်လမြိုင်ဘက်ခြမ်းမှာ ကုန်း ပေါ်တံတားတိုင်တွေပြီးစီးနေပြီး ရေလယ်တိုင်ငါးတိုင်ပြီးစီးနေသလို တံတား တိုင်အုတ်မြစ်ချမှုတွေ၊ ဘိုးပိုင်တူးမှုတွေလုပ်နေပါတယ်။ ဘီလူးကျွန်းဘက်ခြမ်းမှာ တံတားတိုင်အုတ်မြစ်ချမှုတွေ ဆောင်ရွက်ပြီးနေသလို ကျန်ရေလယ်တိုင် ဘိုးပိုင်အုတ်မြစ်ချမှုတွေကို လာမယ့်မတ်လကုန်မှာ ပြီးစီးဖို့ ဆောင်ရွက်နေပါ တယ်။ လောလောဆယ်မှာ တံတားတစ်စင်းလုံး တည်ဆောက်မှု ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါတယ်''ဟု တံတားစီမံကိန်းတာဝန်ခံ ဦးသိန်းမြင့်မွန်က ပြောပြ သည်။

တည်ဆောက်လက်စတံတားတိုင်ထိပ်များပေါ်တွင် တူညီဝတ်စုံဝတ်ဆင် ထားသော အလုပ်သမားများက လုပ်ငန်းခွင်ဝင်နေကြသည်။ တံတားတိုင် သံချောင်းများကို ဂဟေဆက်နေသည့် အလင်းရောင်များက တဖျပ်ဖျပ်နှင့် စူးရှလင်းလက်စွာ ထွက်ပေါ်နေသည်ကို တွေ့ရသည်။ တံတားတည်ဆောက် ရေးတွင် အခက်အခဲများစွာရှိနေရာ တံတားတိုင်အုတ်မြစ်များချရာတွင် မြစ်လယ်ပိုင်း၌ ရေနက်သဖြင့် လုပ်ဆောင်ရသည်မှာ ခက်ခဲသည်။ ရေအစစ် ဆုံးအချိန်၌ပင် ရေအနက် ၆၅ ပေခန့်ရှိနေသည်။ သံလွင်မြစ်က မိုးတွင်းကာလ ရေစီးသန်သလို နွေရာသီရေစစ်ချိန်တွင်လည်း ရေစီးကြမ်းသဖြင့် တံတားတိုင်များ၊ ဘိုးပိုင်နှင့် အုတ်မြစ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အခက်အခဲများနှင့် ကြုံတွေ့ရသည်။ ဘိုးပိုင်တူးရာတွင် သံပိုက်လုံးများကို ခက်ခဲစွာ တည်ဆောက်ရသလို ကျောက်လွှာများမာကျောသည့်အတွက် အချိန်ယူ တူးခဲ့ရကြောင်း သိရသည်။ သံလွင်မြစ်ကဲ့သို့ ရေစီးကြမ်းပြီး ရေနက် သောမြစ်များတွင်ဘိုးပိုင်လုပ်ငန်း၊ အုတ်မြစ်လုပ်ငန်းများက မြေပြင်ထက် ပိုမိုခက်ခဲသည်။ လွယ်ကူသော လုပ်ငန်းမဟုတ်ချေ။ အတတ်ပညာ၊ နည်းစနစ် နှင့် ကျွမ်းကျင်မှုအပြင် အတွေ့အကြုံများလည်း လိုအပ်ပေသည်။

သံလွင်တံတား(ချောင်းဆုံ)၏ တံတားအမျိုးအစားမှာ တံတားအုတ်မြစ်နှင့် အောက်ထည် သံကူကွန်ကရစ်ဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိ သံပေါင်ခုံးတံတားဖြစ်ရာ တံတားသံပေါင်များကို ဂျပန်နည်းပညာဖြင့် ပြည် တွင်း၌ ထုတ်လုပ်တပ်ဆင်မည်ဖြစ်သည်။ တံတားပေါ်၌ နှစ်လမ်းသွားကားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၃ လက်မ၊ ရေလမ်းကင်းလွတ်အကျယ် ၄၂၆ ပေ၊ ရေလမ်းကင်းလွတ်အမြင့် (အမြင့်ဆုံး ရေအမှတ်) ၄၆ ပေဖြစ်သည်။ မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်နှင့် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာတို့ကို ဆက်စပ်တည်ဆောက်ထားခြင်း ဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် မူလငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၇ဝ၇ သန်းရရှိခဲ့ပြီး ဖြည့်စွက်ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၁ဝဝဝဝ နှင့် ပြည်နယ်ရန်ပုံငွေကျပ် သန်း ၃၂၉ဝ တို့ဖြင့် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။ လောလောဆယ်တွင် ရေလယ် တိုင်သုံးတိုင်နှင့် ချောင်းဆုံဘက်ကမ်းတံတားတိုင်ရှစ်တိုင်တို့၏ ဘိုးပိုင်အုတ် မြစ်လုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သလို မော်လမြိုင်ဘက်ကမ်းတွင် တံတား တိုင်သုံးတိုင်(M1, M2, M3)နှင့် ချောင်းဆုံဘက်ကမ်းတိုင်ကိုးတိုင်တို့ ဆောင် ရွက်ပြီးနေပြီဖြစ်သည်။

မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁ဝ မြို့နယ်ကျော်ရှိရာ ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) တစ်ခုတည်းသာ ကားလမ်းဖြင့် တစ်ဆက်တစ်စပ်တည်း သွားလာ၍မရခဲ့သဖြင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရသည်။ လမ်းပန်းဆက် သွယ်ရေးခက်ခဲပြီး ရေစီးသန်သော သံလွင်မြစ်ကြောင့် ချောင်းဆုံမြို့နယ်နေ ပြည်သူများ အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဘီလူးကျွန်းမှ မော်လမြိုင်သို့ စက်လှေများဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးသက်စွန့်ဆံဖျား ဖြတ်ကျော်သွားခဲ့ရသဖြင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည် ပို့ဆောင်မှုတို့အတွက် အခက်အခဲများကို ဒေသခံပြည်သူများ ရင်စည်းခံခဲ့ကြ ရသည်။

''မိုးရာသီဆိုရင် လေတွေတိုက်၊ မိုးတွေရွာ၊ လှိုင်းတွေကြီး၊ အဲဒီကြားက အန္တရာယ်များပေမယ့် ဈေးသည်ဆိုတော့ သံလွင်မြစ်ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေ့တိုင်းစက်လှေနဲ့ဖြတ်သန်းပြီး ဈေးရောင်းရတာပါ။ အခုလို တံတားကြီး ဆောက်ပြီးသွားရင် အဲဒီဘဝက လွတ်မြောက်တော့မယ်လို့တွေးပြီး ညဘက် ဆိုရင် အိပ်တောင်မပျော်ပါဘူး။ အခုကတည်းက ကြိုတင်ဝမ်းသာနေပါပြီ''ဟု ဘီလူးကျွန်း ကညှော်ကျေးရွာမှ ဈေးသည် ဒေါ်သန်းရှိန်က ဝမ်းသာအားရ ပြောပြသည်။ တည်ဆောက်နေဆဲ သံလွင်တံတား(ချောင်းဆုံ)ကိုကြည့်ပြီး အရောင်တောက်ပနေသော မျှော်လင့်ချက်များစွာ သူမ၏မျက်လုံးများတွင် တွေ့ရသည်။

ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)တွင် ယခုအခါ ရွာပေါင်း ၇ဝ ကျော်ရှိ နေပြီဖြစ်သည်။ သံလွင်မြစ်ကြောင့် သီးခြားကမ္ဘာလိုရပ်တည်ခဲ့ရသော ချောင်းဆုံ မြို့နယ်ကား သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အား ရရှိအောင်ကြိုးစားပေးခဲ့သလို သံလွင်တံတား(ချောင်းဆုံ)ကို တည်ဆောက်ခွင့်ပြု ကာ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် တွန်းအားပေးခဲ့သည်။ မကြာမီကပင် သမ္မတကြီး ဦးသိန်းစိန်၏ မော်လမြိုင်ခရီးစဉ်တွင်လည်း သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ပြီး အချိန်မီ ပြီးစီးရေး တိုက်တွန်းခဲ့သည်။ တံတားပြီးစီးပါက ချောင်းဆုံမြို့နယ်နေ ပြည်သူများဘဝ တိုးတက်ပြောင်းလဲမှုများစွာ ဖြစ်ထွန်းလာတော့မည်မှာ အမှန်ပင်။

ယခုအခါ ဘီလူးကျွန်းပတ် ကတ္တရာလမ်းကိုလည်း သွားလာရေးလွယ်ကူရန် တိုးချဲ့နေပြီး သံလွင်တံတား (ချောင်းဆုံ)ချဉ်းကပ်လမ်းက ကညှော်ရွာကို ဖြတ် သန်းကာ ကျွန်းပတ်လမ်းကို သွားဆက်တော့မည်ဖြစ်ရာ ဘီလူးကျွန်းတစ်ကျွန်းလုံး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ချောမွေ့သွားပြီဖြစ်သည်။ ကျွန်းပေါ်ရှိ ချောင်းဆုံမြို့နယ်အပါအဝင် ရွာပေါင်းများစွာတို့ မိနစ်ပိုင်းအတွင်း မော်လမြိုင် မြို့သို့ မော်တော်ယာဉ်ဖြင့် လာရောက်နိုင်ကြတော့မည်ဖြစ်သည်။


ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)နေ ပြည်သူများက တည်ဆောက်ပြီး သံလွင်မြစ်ဖြတ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစီမံကိန်းကြောင့် တစ်ကျွန်းလုံး လျှပ်စစ်ဓာတ်အားများ ဖြာဖြာဝေအောင် သုံးစွဲနိုင်တော့မည်ဖြစ်သလို တည် ဆောက်ဆဲ သံလွင်တံတား(ချောင်းဆုံ)ပြီးစီးပါက မော်တော်ယာဉ်များ ဥဒဟို ဖြတ်သန်းရင်း အနာဂတ်ခရီးလမ်းများ ပွင့်လန်းဝေဆာလာတော့မည်ဖြစ်သည့် အပြင် ဖွံ့ဖြိုးတိုးတက်မှု အနာဂတ် အလင်းတန်းများလည်း ဝေဖြာလာတော့မည် မှာ အသေအချာပင်ဖြစ်သည်။ ။

No comments:

Post a Comment