Wednesday, February 24, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၈) ကြိမ်မြောက် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော် ဖေဖော်ဝါရီ ၂၄

(၈)ကြိမ်မြောက် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေး ဆိုင်ရာ ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်အမှာစကား ပြောကြားသည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်အလံကို အလေးပြုကြပြီး ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမျိုးသမီးငယ်များက မြန်မာ့ရိုးရာစောင်း ဖြင့် တီးခတ်ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြား ရာတွင် ယခုကဲ့သို့ အရေးပါသည့်ညီလာခံကို မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပခွင့် ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ညီလာခံ၏ ရည်ရွယ်ချက် တစ်ခုဖြစ်သည့် ပါဝင်ပတ်သက် သူများအားလုံးကို မူဝါဒလမ်းစဉ်တစ်ခုဖန်တီးပေးပြီး ထိုမူဝါဒမှတစ်ဆင့် အောင်မြင်သော လုပ်ဆောင်ချက်များနှင့်ရရှိခဲ့သော အတွေ့အကြုံ သင်ခန်းစာများကို မျှဝေကြရန်ဖြစ်ပါကြောင်း၊ သို့မှသာ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှု ဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေးကို လက်လှမ်းမီနိုင်ရေးဟူသည့် ဘုံရည်မှန်းချက် သို့ တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း။
ထို့အပြင် တီထွင်ဆန်းသစ်မှု၊ နည်းပညာ၊ လုပ်ငန်းဝန်ဆောင်မှု၊ လူဦးရေ ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန တွေ့ရှိချက်များကို မျှဝေကြခြင်း၊ မူဝါဒ၊ ငွေကြေးကိစ္စ၊ အုပ်ချုပ်ရေး၊ တာဝန်ခံမှု၊ ထောက်ခံအားပေးမှု၊ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအခွင့်အရေး အစီအစဉ် ထည့်သွင်းမှုနှင့်ပတ်သက်သည့် အလေ့အကျင့်များကို မျှဝေကြခြင်းနှင့် အခွင့်အလမ်းအသစ်များ ပေါ်ထွန်းလာရေး ရည်မှန်းချက်မှ တစ်ဆင့် ဒေသတွင်းနှင့် အခြားဒေသများ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာစေခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အခွင့်အရေးများသည် အသက်ကယ်ရေးအတွက် သာမက အမျိုးသမီးများသိက္ခာရှိရှိနှင့် အဆင့်အတန်းရှိရှိ နေနိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ မိသားစုစီမံကိန်းနှင့် မျိုးဆက်ပွား ကျန်းမာရေးကြောင့် မလိုလားအပ်သောကိုယ်ဝန်ဆောင်မှုနှင့် အန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်းဖြင့် မိခင်သေဆုံးမှုကို သုံးပုံတစ်ပုံအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ မလိုလားအပ်သည့် ကိုယ်ဝန်ဆောင်မှုများကို ရှောင်ရှားနိုင်ရန် အရည်အသွေး မြင့်မားသည့် ကျန်းမာရေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမှီရန် လိုအပ်ပါ ကြောင်း။

 နိုင်ငံ၏ ကျန်းမာရေးကဏ္ဍများ၌ သိသာထင်ရှားသည့် တိုးတက်အောင်မြင်မှုများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုညီလာခံကို မိခင်သေဆုံးမှုနှုန်းလျော့ချရေးတွင် အရေး ပါသော လိုအပ်ချက်တစ်ရပ်ဖြစ်သည့် အမြင်များနှင့်အသိပညာဗဟုသုတ ကျယ်ပြန့်လာ စေရေး ခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့် မိန်းကလေးများ၏ အခွင့်အရေးကို ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖြင့် ပံ့ပိုးပေး သည့် မိသားစုစီမံကိန်း ၂၀၂၀ ကိုဆောင်ရွက်ရန် သံန္နိဌာန်ချမှတ်ထားပါကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စယူရီကိုယာဆူကာဝါနှင့် Malaysia AIDS Council  ဥက္ကဋ္ဌ ဒေါက်တာ ရပ်ခ်ျကာရင်မ်တို့က ကြိုဆိုနှုတ်ခွန်းစကား ပြောကြားကြသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ညီလာခံစာတမ်း ဖတ်ပွဲတွင် ဦးဆောင်ဆွေးနွေးမည့်သူများ၊ အမျိုးသားကျန်းမာရေး ကော်မတီဝင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် ခင်းကျုင်းပြသထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်း များနှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများမှ ပြခန်းများအား လှည့်လည်ကြည့်ရှု သည်။

(၈)ကြိမ်မြောက် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေး ဆိုင်ရာ ညီလာခံကို ဒေသတွင်းနိုင်ငံများ အချင်းချင်း မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အတွေ့အကြုံဖလှယ်ခြင်း၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ လူမှုအဖွဲ့အစည်းမှ ဦးဆောင်ကျင်းပရန်ရှိခြင်းနှင့် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံအားလုံးခံစားနေရ သည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပတ်ဝန်းကျင်နှင့် စိုပြေစိမ်းလန်းမှုဆိုင်ရာ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ၊ သက်ကြီးရွယ်အိုဆိုင်ရာများနှင့် မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာပြဿနာများ ဆွေးနွေးအဖြေရှာရန် ရည်ရွယ်ကျင်းပကြောင်းသိရပြီး ပျိုရွယ်သူ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာဖလှယ်ခြင်း၊ လူငယ်ညီလာခံကျင်းပခြင်း၊ နည်းပညာ၊ အတတ်ပညာဆိုင်ရာများ ဆွေးနွေးခြင်း၊ နိုင်ငံတကာမှ တင်သွင်းလာသည့် သိပ္ပံနှင့် သုတေသနစာတမ်းများ ရွေးချယ်ဖတ်ကြားဆွေးနွေးခြင်း၊ ညီလာခံနှင့် သက်ဆိုင်သည့် ပိုစတာများ ဖိတ်ခေါ်တင်ဆက်ပြသခြင်း၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် နေပြည်တော်နယ်နိမိတ်အတွင်းရှိ အရပ်ဖက်လူမှုရေးအဖွဲ့အစည်း များ၏ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ လုပ်ငန်းများသို့ သွားရောက် လေ့လာကြမည်ဖြစ်သည်။

အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံ များကို ၂၀၀၁ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၀၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၀၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ၂၀၁၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတို့၌ ကျင်းပခဲ့ကြရာ ယခု (၈) ကြိမ်မြောက်ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။

အဆိုပါညီလာခံကို မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၆ ရက်ထိ ကျင်းပမည်ဖြစ်သည်။

(၈)ကြိမ်မြောက် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေး ဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယကများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့ အစည်းများ၊ အာရှ-ပစိဖိတ်ဒေသနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

ညပိုင်းတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် (၈)ကြိမ်မြောက် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာညီလာခံသို့ တက်ရောက်လာကြသူများအား သင်္ဂဟဟိုတယ်တွင် ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံ သည်။

No comments:

Post a Comment