Tuesday, December 22, 2015

ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဒီဇင်ဘာ ၂၂
ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့ မွန်းတည့်(၁၂)နာရီတွင်ကျင်းပပြီး ဥပဒေကြမ်း(၂)ခု အတည်ပြုခြင်း၊ ဥပဒေကြမ်း(၂)ခု တင်သွင်းခြင်းနှင့် ဥပဒေ ကြမ်း(၁)ခု ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြသည်။

အစည်းအဝေး၌ လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတံမှ သဘော ထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသော မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သက်သေခံအက်ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းတို့ကို တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုးကို ၂၀၁၀-၂၀၁၁ ပုံမှန်ဈေးနှုန်းဖြင့် ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်း ထားပါ ကြောင်း။
လယ်ယာကဏ္ဍတွင် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ သားငါးကဏ္ဍတွင် ၃ ဒသမ ၁ ရာခိုင်နှုန်း၊ သစ်တောကဏ္ဍတွင် အနုတ် ၂၃ ဒသမ သုည ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ သတ္တုနှင့် တွင်းထွက် ပစ္စည်းကဏ္ဍတွင် ၁၁ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှု လက်မှုကဏ္ဍတွင် ၁၀ ဒသမ ၈ ရာခိုင်နှုန်း၊ လျှပ်စစ် စာတ်အား ကဏ္ဍတွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဆောက်လုပ်မှုကဏ္ဍတွင် ၁၄ ဒသမ ၃ ရာခိုင်နှုန်း၊ ပို့ဆောင်ရေးကဏ္ဍတွင် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးကဏ္ဍတွင် ၈ ဒသမ ၄ ရာခိုင်နှုန်း၊ ငွေရေး ကြေးရေးကဏ္ဍတွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ၁၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် ကုန်သွယ်မှုကဏ္ဍတွင် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက်ရန် ရည်မှန်း ထားပါကြောင်း။
လယ်ယာကဏ္ဍ၏ ပါဝင်မှု အချိုးအစားကို ၂၆ ဒသမ ၂ ရာခိုင်နှုန်းမှ ၂၅ ဒသမ ၆ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှုကဏ္ဍ၏ ပါဝင်မှုအချိုးအစားကို ၃၅ ဒသမ သုည ရာခိုင်နှုန်းမှ ၃၅ ဒသမ ၉ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၀န်ဆောင်မှုကဏ္ဍ၏ ပါဝင်မှု အချိုးအစားကို ၃၈ ဒသမ ၈ ရာခိုင်နှုန်းမှ ၃၈ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း ဖြစ်ပေါ်ရန် ရည်မှန်းထားပါကြောင်း။
ထို့ပြင် ကချင်ပြည်နယ်၏ စီမံကိန်းရည်မှန်းချက်တွင် ၁၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်နှင့် လူတစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုး ကျပ် ၉ ဒသမ ၄ သိန်းကျော်၊ ကယား ပြည်နယ်၏ စီမံကိန်းရည်မှန်းချက်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၉ ဒသမ ၆ သိန်းကျော်၊ ကရင်ပြည်နယ်၏ စီမံကိန်းရည်မှန်း ချက်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုး ကျပ် ၉ ဒသမ ၃ သိန်း၊ ချင်းပြည်နယ်၏ စီမံကိန်းရည်မှန်းချက်တွင် ၃၀ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုး ကျပ် ၈ ဒသမ ၂ သိန်းကျော်ဖြစ်ကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီး၏ စီမံကိန်းရည်မှန်းချက်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုး ကျပ် ၁၇ ဒသမ ၇ သိန်း၊ တနင်္သာရီတိုင်း ဒေသကြီး၏ စီမံကိန်းရည်မှန်းချက်တွင် ၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၂၄ ဒသမ ၇ သိန်းကျော်၊ ပဲခူးတိုင်းဒေသကြီး၏ စီမံကိန်းရည်မှန်း ချက်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၄ သိန်းကျော်၊ မကွေးတိုင်းဒေသကြီး၏ စီမံကိန်း ရည်မှန်းချက်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုး ကျပ် ၁၈ ဒသမ ၈ သိန်းကျော်၊ မန္တလေး တိုင်းဒေသကြီး၏ စီမံကိန်းရည်မှန်းချက်တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်း ထုတ်လုပ်မှု တန်ဖိုး ကျပ် ၁၃ ဒသမ ၇ သိန်း၊ မွန်ပြည်နယ်၏ စီမံကိန်းရည်မှန်း ချက်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက် ရန်နှင့် တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုး ကျပ် ၁၅ ဒသမ ၆ သိန်း၊ ရခိုင်ပြည်နယ်၏ စီမံကိန်းရည်မှန်းချက်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုး ကျပ် ၁၃ ဒသမ ၄ သိန်းကျော်ဖြစ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီး၏ စီမံကိန်းရည်မှန်းချက်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်း ထုတ်လုပ်မှုတန်ဖိုး ကျပ် ၂၅ ဒသမ ၂ သိန်းခန့်၊ ရှမ်းပြည်နယ်၏ စီမံကိန်းရည်မှန်းချက်တွင် ၇ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုး ကျပ် ၈ ဒသမ ၁ သိန်း၊ ဧရာဝတီတိုင်းဒေသကြီး၏ စီမံကိန်း ရည်မှန်းချက်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်နှင့် တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုး ကျပ် ၁၆ ဒသမ ၃ သိန်းကျော်နှင့် နေပြည်တော်ကောင်စီနယ်မြေ၏ စီမံကိန်းရည်မှန်းချက်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် နှင့်တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုးကို ကျပ် ၁၄ သိန်းဖြစ်ပေါ်ရန် ရည်မှန်းထား ပါကြောင်း။
လက်ရှိအခြေအနေအပေါ် မူတည်ပြီး တွက်ချက်မှုများအရ ငွေကြေးဖောင်းပွမှုနှုန်း ကို ၁၁ ဒသမ ၆၈ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါနှင့် ကုန်သွယ်မှုမူဝါဒများကို ထိန်းကြောင်းပြီး ငွေကြေးဖောင်း ပွမှုနှုန်းကို ၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိရန် စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ထည့်သွင်းရှင်းလင်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။

ယင်းနောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်း လုပ်ငန်းများနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိမ်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကို၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်း ဦးနှင့် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြ သည်။

No comments:

Post a Comment