Tuesday, December 22, 2015

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များ မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌနှင့်အဖွဲ့အား မိုင်းလားမြို့၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေး


နေပြည်တော် ဒီဇင်ဘာ ၂၂
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့သို့ ရောက်ရှိကြရာ မိုင်းလားအထူးဒေသ (၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ နှင့်တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုင်းလား အထူးဒေသ(၄)ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် မိုင်းလား မြို့ ရွှေဟင်္သာဟိုတယ်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် မိုင်းလား အထူးဒေသ(၄)ဥက္ကဋ္ဌ ဦးစိုင်းလင်းက မိမိတို့ အဖွဲ့အစည်းအနေဖြင့် နိုင်ငံတော် သမ္မတကြီး၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု ဖြစ်စဉ်များနှင့် တိုးတက်မှုများအပေါ် ထောက်ခံ ကြိုဆိုပါကြောင်း၊ မိမိတို့အဖွဲ့သည်  နိုင်ငံတော်မှ ခွဲထွက်ခြင်းပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ထိန်းသွားမည်ဖြစ်ပြီး နှစ်ဖက်ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး သဘော တူစာချုပ်ကို လေးစားလိုက်နာသွားမည်ဖြစ်ပါကြောင်း၊ ပဋိပက္ခ များကို တွေ့ဆုံ ဆွေးနွေးခြင်းမှ တစ်ဆင့် အဖြေရှာသည့်နည်းလမ်းကို ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းရှိ တိုင်းရင်းသား ညီအစ်ကို များနှင့်အတူ နိုင်ငံရေးဆွေးနွေးပွဲကို ပါဝင် တက်ရောက်ရန် ဆန္ဒရှိပါကြောင်း၊ မိမိတို့နှင့်ရရှိခဲ့သည့် ငြိမ်းချမ်းရေး ၂၆ နှစ်တာ ကာလအတွင်း နိုင်ငံတော်အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသား ပြန်လည် ရင်ကြား စေ့ရေးမူဝါဒသည် မိမိတို့ဒေသအတွက် ကောင်းမွန်သော အခြေခံ ကောင်းများကို ဖော်ဆောင် ပေးနိုင် ခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် မိုင်းလား အထူးဒေသ(၄) အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် က ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လမ်းတံတား၊ လျှပ်စစ်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က နိုင်ငံတော်အနေဖြင့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ကို အခြေခံသော နိုင်ငံတော်ကိုထူထောင်မည်ဟု ပြောကြားပြီးဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့်လည်း ခွဲထွက်ခြင်း မူအား စွန့်လွှတ်ပြီး နိုင်ငံတော် အတွင်း အတူတကွ လက်တွဲနေထိုင်ကြမည်ဟုလည်းကောင်း၊ လက်နက်ကိုင်အဖွဲ့ အစည်း အားလုံးကလည်း ပြည်တွင်းပဋိပက္ခများကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်း မည့်အစား တွေ့ဆုံ ညှိနှိုင်းခြင်းနည်းလမ်းဖြင့် အဖြေရှာကြမည်ဟုလည်းကောင်း အတွေး အခေါ်ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း။
နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာ အဖြေရှာကြရမည်ဖြစ်ပါ ကြောင်း၊ လာမည့် ဇန်န၀ါရီ ၁၂ ရက်တွင် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ရန်ရှိပါကြောင်း၊ မိုင်းလား အထူးဒေသ (၄)အဖွဲ့ကိုလည်း အထူးဧည့်သည် တော်အဖြစ် တက်ရောက်နိုင်ရန် ဖိတ်ကြားပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် မည်သည့်အဖွဲ့ကိုမျှ ချန်ထားခဲ့ရန်မရှိပါ ကြောင်း၊ အချို့ အဖွဲ့ အစည်းများနှင့် သီးခြားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကျန်ရှိ နေသေးပါကြောင်း၊ ညှိနှိုင်း လုပ်ဆောင်ပြီးပါက အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း၊ စိုးရိမ်မှုများပပျောက်၍ မျှော်လင့်ချက်ကောင်းများ ထွက်ပေါ် လာရန် စိတ်သဘောထားမှန်မှန်ကန်ကန်ဖြင့် ညှိနှိုင်းဖြေရှင်း သွားကြရ မည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် ဆက်စပ်နေပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးကို ဆွေးနွေးပွဲများဖြင့် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဆိုလျှင် ငြိမ်းချမ်းခြင်းကြောင့် မိုင်းလားဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို မျက်ဝါးထင်ထင် တွေ့မြင်နေ ရပြီဖြစ် ပါကြောင်း၊ ခိုင်မာသောစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း နိုင်ငံတော်အနေဖြင့် ပူးပေါင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ မကြာမီ ပြည်ထောင်စုအဆင့်တွေ့ဆုံ ဆွေး နွေးပွဲကို ကျင်းပတော့ မည်ဖြစ်သည့် အတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ကြားပါ ကြောင်း ဆွေးနွေးပြောကြားသည်။
 တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌက မိုင်းလားအထူးဒေသ(၄)ဥက္ကဋ္ဌထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပေးအပ်သည်။
အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဦးစ၀်အောင်မြတ်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)မှ ဦးမြင့်စိုး၊ ဦးခင်ဇော်ဦး၊ တပ်မတော်အရာရှိကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ညပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုင်းလား အထူးဒေသ(၄)ဥက္ကဋ္ဌက တည်ခင်းဧည့်ခံသည့် ညစာစားပွဲ သို့တက်ရောက်ခဲ့ကြသည်။

ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုင်းလားအထူးဒေသ(၄)မှ တာဝန်ရှိ သူများနှင့်အတူ မိုင်းလားမြို့တွင်း တည်ဆောက်ရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို  လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

No comments:

Post a Comment