Monday, November 30, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အား ပြည်ထောင်စုလွှတ်တော်သို့ ဒီဇင်ဘာ (၁) ရက်တွင် တင်သွင်းမည်


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁) ရက်တွင်  ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC ) ၌  နိုဝင်ဘာ (၃၀) ရက် ကပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ တတိယနေ့ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် MPC မှ အထူးအကြံပေးဖြစ်သူဦးလှမောင်ရွှေက ပြောကြားဖြစ်သည်။


ဒီဇင်ဘာ(၁) ရက်တွင်ပြုလုပ်မည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ဆဌမနေ့တွင် နိုင်ငံတော် သမ္မတထံမှ ပေးပို့သောတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) နှင့်စပ်လျဉ်း  ၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်မှ ပြည်ထောင်စု လွှတ်တော် တွင်ရှင်းလင်းတင်ပြမည်ဖြစ်သည်။

"၀န်ကြီးဦးအောင်မင်းနဲ့ ဒုတိယရှေ့နေချုပ်က မနက်ဖြန်မှာတိုင်းရင်းသားတွေဘက်က NCA ကိုလွှတ်တော်မှာတင်သွင်းမယ့် ကိစ္စတွေအတွက် နေပြည်တော်ကို သွားရောက်ဆောင်ရွက်နေပါတယ်" ဟု MPC မှ အထူးအကြံပေး ဖြစ်သူဦးလှမောင်ရွှေက ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် အခန်း (၇) ခန်းနှင့် အပိုဒ်  (၃၃) ပိုဒ်ပါဝင်သည်။ စာချုပ်၏ အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲအာမခံချက်များအခန်းတွင် NCA စာချုပ်ကို "ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်း" ဟူ၍ ပါရှိသည်။

NCA စာချုပ် အားလက်မှတ်ရေးထိုးခဲ့သည့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက " NCA စာချုပ်အတိုင်းမနက်ဖြန်မှာလွှတ်တော် တင်သွင်းပြီးတော့ လွှတ်တော်မှာ အတည်ပြုချက်ရယူမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်တာကအခုလွှတ်တော် မှာ ပါဝင်နေတဲ့ လွှတ်တော်အမတ် အားလုံးကဘယ်နိုင်ငံရေးပါတီပဲ ဖြစ်ပါစေ၊ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သန်း (၅၀) ကျော်သောလူထုရဲ့ အကျိုးကိုရှေ့ရှုပြီးတော့ သမ္မတကြီးတင်သွင်းတဲ့ ကျွန်တော်တို့ရဲ့ NCA စာချုပ် ကိုလွှတ်တော် မှာချောချောမောမောအတည်ပြုပေးဖို့ မေတ္တာရပ်ခံပါချင်ပါတယ်" ဟုပြောကြားသည်။

NCA စာချုပ်အား ၂၀၁၅ ခုနှစ် အောက်တိုဘာ(၁၅)ရက်တွင် ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပအသိအသက်သေများမှ နိုင်ငံတော် သမ္မတအားအသိ သက်သေထား၍ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

NCA စာချုပ်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ သဘောထားနှင့် ပတ်သက်၍ ဦးလှမောင်ရွှေက"ကျွန်တော်တို့အနေနဲ့ NCA ကိုကျော်ပြီးလုပ်တာဘာမှမရှိဘူး။ NCA ကို လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နောင်တာဝန်လွှဲပြောင်းယူမယ့် အစိုးရအဖွဲ့အစည်းတွေ ချော်ချောမွေ့မွေ့ လုပ်နိုင်ဖို့ ဆိုတာကိုပဲအဓိကထားစဉ်းစားတယ်။ ဒီနေ့ ထိဆောင်ရွက်နေတာအားလုံးကို NCA သဘော တူထားတဲ့ အဖွဲ့တွေအားလုံးရော လက်မှတ် မထိုးရသေး တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေ ရော သဘောမတူ စရာမရှိပါဘူး" ဟုပြောကြားသည်။

NCA စာချုပ် ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၈)ဖွဲ့အပါအ၀င် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ နှစ်နှစ်ကျော်ကြာ အတူတကွရေးဆွဲခဲ့ကြပြီး ၂၀၁၅ ခုနှစ် သြဂုတ်လ (၇) ရက်တွေင် NCA စာချုပ် မူချောအဖြစ် အတည်ပြုနိုင်ခဲ့သည်။

နိုင်ငံရေးဆွေးနွေးပွဲများစတင်မည့် ဇန်န၀ါရီ မတိုင်မီလက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားထိပ်သီးအစည်းအဝေး ကျင်းပလိုကြောင်းကို ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက

"NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေက တစ်ဖွဲ့မှာထိပ်သီးခေါင်းဆောင် တစ်ဦးစီနဲ့ (၈) ဦး စုပေါင်းပြီး Coordination Team ဆိုတာတစ်ခုဖွဲ့ပါတယ်။ အဲ့ဒီမှာ ခေါင်းဆောင်အဖြစ်ပဒိုကွယ်ထူးဝင်းအပါအ၀င် စုစုပေါင်းကိုးဦးကိုရွေးချယ်ပြီးတော့ လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေနဲ့ အမြဲတမ်းညှိနှိုင်းဆက်သွယ်ဖို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ကတော့ တစ်ကယ့် နိုင်ငံရေးဆွေးနွေးပွဲမစတင်မီ လက်မှတ်ရေးထိုးတဲ့ အဖွဲ့နဲ့ လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေ တွေ့ဆုံနိုင်မယ့် ထိပ်သီးအစည်းအဝေးမျိုးကို လိုလားပါတယ်။ ဖိတ်လည်းဖိတ်ခေါ်ပါတယ်" ဟု ယနေ့ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။


(သတင်း…. ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်၊ ဓါတ်ပုံ…. ဖိုးထောင်)

No comments:

Post a Comment