Monday, November 30, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ Myanmar Egress အဖွဲ့မှ သင်တန်းသား၊ သင်တန်းသူများ လာရောက်လေ့လာ


နေပြည်တော် နိုဝင်ဘာ ၃၀

Myanmar Egress အဖွဲ့မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးတို့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးသို့ လာရောက်လေ့လာကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


ရှေးဦးစွာ Myanmar Egress အဖွဲ့မှ ဦးတေဇာမျိုးဝင်းက သင်တန်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာများကို လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာများကို လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် သင်တန်းသားတစ်ဦးမှ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ၊ ဆန္ဒမဲ လာရောက်ပေးသူ ဦးရေနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း စနစ်တို့အားမေးမြန်းခဲ့ရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်နှင့် ကော်မရှင်ဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲသည် နိုင်ငံအတွက် အရေးကြီး ပါကြောင်း၊ ပြည်သူလူထုလက်ထဲရှိ အချုပ်အခြာအာဏာကို လူထု ကိုယ်စားလှယ် ရွေးကောက် တင်မြှောက်ခြင်းဖြင့် နိုင်ငံတစ်ဝှန်းသို့ ပျံ့နှံ့စေခြင်းဖြစ်ကြောင်း၊ လူထုကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်နိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပပေး ရခြင်းဖြစ်ကြောင်း၊ လူထုကိုယ်စားလှယ် အများဆုံး အနိုင်ရရှိသည့် ပါတီအနေဖြင့် အာဏာရပါတီဖြစ်လာပြီး အစိုးရဖွဲ့၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါတီ၏မူလ အခြေခံမူအတိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သင်တန်းသား လူငယ်များအနေဖြင့် အနာဂတ်တွင်နိုင်ငံတော် တာဝန်ယူကြရမည့် ပုဂ္ဂိုလ်များဖြစ်သည့်အားလျော်စွာ နိုင်ငံတော် တိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးတို့အတွက် ညီညီညွတ်ညွတ်ဖြင့် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment