Saturday, November 28, 2015

ပြောလည်း ပြောချင်တယ်၊ ပြောလည်း မပြောရဲဘူး ကြီးနိုင် ငယ်ညှဉ်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ



ဆူဒိုနင်
ကြေးမုံသတင်းစာတွင် လူမှုဘဝသရုပ်ဖော်ရသစာပေများကို အလျဉ်းသင့်သလို့ ဖော်ပြပေးလျက်ရှိပါသည်။ ထို့သို့ ဖော်ပြပေးရာ တွင် စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘဝဖြစ်ပျက်ပုံ များကိုရသ ပေါ်လွင်အောင်ရေးသားကြသည့် ထင်ရှားသော စာရေးဆရာများအား ရွေးထုတ် ဖော်ပြပေးလျက် ရှိပါသည်။
ယခု အပတ်စဉ် စနေနေ့တိုင်းတွင် ''ပြော လည်း ပြောချင်တယ်၊ ပြောလည်းမပြောရဲဘူး'' ကဏ္ဍ သစ်ကို ဖွင့်လှစ်၍ စာဖတ် ပရိသတ်အား အသိပညာမျှဝေပေးထား ပါသည်။ ထိုကဏ္ဍတွင် စာရေးဆရာ ဆူဒိုနင်၏ လူမှုဘဝအထွေထွေအပေါ် ရှုမြင်ချက်များကို ကြေးမုံသတင်းစာ ဖတ်ပရိသတ်များ ပွင့်လင်းမြင် သာစွာ ဖတ်ရှုနိုင်ရန်အတွက် အပတ်စဉ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ (စာတည်း)
လူ့ဘောင်မှာ တွင်ကျယ်ဆဲ အကျင့်စရိုက်ဆိုး လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ ကျော်အတွင်း ကျွန်တော်ကိုယ်တိုင် အကြိမ်ကြိမ် ရေးပြီးသား အကြောင်းအရာပေမယ့် ဘယ်လောက်ရေးရေး မရိုးနိုင်တဲ့ ကိစ္စ၊ ဥပဒေပြဋ္ဌာန်းပြီး မတားမြစ်လေသမျှ ကျွန်တော်တို့ လူ့ဘောင်မှာ တွင်ကျယ်နေ လေဦးမယ့် ကိစ္စ ဖြစ်နေတော့လည်း မရေးမဖြစ် ရေးရပြန်ပါဦးတော့မယ်။
''အိမ်တွင်း အကြမ်းဖက်မှု''အကြောင်းပါပဲ။ တစ်ပတ်စာ သတင်းစာ ဆောင်းပါးလေးတစ်ပုဒ်နဲ့တော့ အဲဒီ့ ခေါင်းစဉ်အောက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြဖို့ ဘယ်လိုမှ မဖြစ်နိုင်တာမို့ အဲဒီ့ခေါင်းစဉ်အောက်က ခေါင်းစဉ် ခွဲ ဖြစ်လေတဲ့ ''အနာတရဖြစ်စေတဲ့ နည်းနဲ့ ပြစ်ဒဏ်ပေးခြင်း'' အကြောင်း အရာကိုပဲ အဓိက ဇောင်းပေး ဆွေးနွေး တင်ပြပါရစေခင်ဗျား။
အင်မတန် လူမဆန်၊ မယဉ်ကျေး၊ အောက်တန်းကျ၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့လှတဲ့ ပြစ်ဒဏ်ပေးနည်း ဖြစ်လင့်ကစား လူ့အခွင့် အရေးကို တွင်တွင် ကိုင်တွယ်ပြောဆိုတတ်တဲ့ အမေရိကန်လို နိုင်ငံမျိုးမှာတောင် အကြမ်းဖျင်းအား ဖြင့် အရွယ်ရောက်သူ ၆၅ ရာခိုင်နှုန်းဟာ ကိုယ်ထိလက်ရောက်နည်းနဲ့ အပြစ် ပေးတာကို သဘောတူ လက်ခံထားကြဆဲဖြစ်တာကို တအံ့တသြတွေ့ရ ပါတယ်။ အဲဒီ့နိုင်ငံတွေမှာက ပညာရှင်တွေ၊ သုတေသနတွေ၊ လေ့လာချက်တွေ၊ စစ်တမ်း တွေ အင်မတန်ပေါများတာမို့ သည်နည်းနဲ့ ပြစ်ဒဏ်ပေးတာဟာ အလုပ်မဖြစ် ဘူး၊ အခြေအနေကို ပိုဆိုးလာစေတယ်၊ ထိရောက်တဲ့ တခြားနည်း လမ်းကောင်း တွေ ရှိတယ်ဆိုတဲ့ အထောက်အထားတွေ ခိုင်ခိုင်လုံလုံ ရှိနေတဲ့ နိုင်ငံတွေပါ။ သည်ကြားထဲကပဲ ၆၅ ရာခိုင်နှုန်းဆိုတဲ့ ပမာဏက သည်ရုန့်ရင်းတဲ့ အပြုအမူကို လက်ခံနေကြတာဟာ အတော်တော့ အံ့အားသင့် စရာ ကောင်းလှပါတယ်။
အဲလိုနိုင်ငံမှာတောင် ညှဉ်းပမ်းနှိပ်စက်နည်းနဲ့ အပြစ်ပေးတာကို ၆၅ ရာခိုင်နှုန်းလောက်က လက်ခံနေ သေးတယ်ဆိုရင် ကျွန်တော်တို့လို အရာရာ ခေတ်နောက်မှာ ကျန်ရစ်ခဲ့တဲ့ နိုင်ငံမှာ ဘယ်နှရာခိုင်နှုန်း လောက်က လက်ခံ ကျင့်သုံးနေမယ် ဆိုတာ မတွေးရဲစရာပါပဲ။
လူတိုင်း မြင်သင့်တဲ့ ရိုက်နှက်အပြစ်ပေးခြင်းရဲ့ ဆိုးကျိုးတွေ
ညှဉ်းပမ်းနှိပ်စက်နည်းနဲ့ အပြစ်ပေးခြင်းရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်လို့ တစ်ကမ္ဘာလုံးမှာ အင်မတန် သြဇာ ကြီးတဲ့ သုတေသနတစ်ခု ရှိပါတယ်။ အမေ ရိကန်နိုင်ငံ၊ ခလံဘီယာတက္ကသိုလ်၊ ဆင်းရဲနွမ်းပါးသူ ကလေး သူငယ်များအတွက် နိုင်ငံလုံးဆိုင်ရာ ဗဟိုဌာနက ကလေးသူငယ် ဖွံ့ဖြိုးရေး စိတ်ပညာ ပါရဂူElizabeth Thompson Gershoff လုပ်ခဲ့တဲ့ သုတေသနဖြစ်ပါတယ်။ သူ့ သုတေသန သြဇာကြီးတာက အချက်အလက် တွေကို ၆၂ နှစ်ကြာ ကောက်ခံခဲ့ တာဖြစ်သလို လေ့လာချက်ပေါင်း ၈၈ ခုကို အသေးစိတ် ပြန်ဆန်းစစ်ထားတဲ့ သုတေသန ဖြစ်လို့ပါပဲ။ သည်သုတေသနရဲ့ အစီရင်ခံစာက ၂ဝဝ၈ ခုနှစ်မှာ ထွက်လာပါတယ်။ ဒါ့အပြင် သူ့ထက် နှစ်နှစ်စောပြီး ထွက်လာတဲ့ အစီရင်ခံစာ တစ်စောင်လည်းရှိပါသေးတယ်။ အဲဒါကတော့ အမေရိ ကန်ပြည်ထောင်စု မစ်ရှီဂယ်(န်) တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေပါမောက္ခ၊ အမျိုး သမီးများနဲ့ ကလေးသူငယ်များရဲ့ လူ့အခွင့်အရေး ဗဟိုဌာန ညွှန်ကြားရေး မှူးSusan H. Bitensky ရဲ့ စာတမ်းက ၂ဝဝ၆ ခုနှစ်က ထွက်လာခဲ့တာပါ။
သည်စာတမ်းနှစ်စောင်က ပေါ်ထွက်လာခဲ့တဲ့ အသေချာဆုံး အချက်က တော့ ခန္ဓာကိုယ်ကို အနာတရဖြစ်စေတဲ့ နည်းနဲ့ ပြစ်ဒဏ်ပေးခြင်းဟာ ကလေး သူငယ်များရဲ့ ဖွံ့ဖြိုးမှု အဆင့်တိုင်းမှာ အထိတ်တလန့်ဖြစ်စရာ ကောင်းလောက် အောင် အန္တရာယ်များလှတယ်ဆိုတာပါပဲ။ သည်ဒဏ်ကို ခံခဲ့ရသူတွေ လူလား မြောက်လာတဲ့ အခါမှာ နှုတ်ကြမ်း၊ ကိုယ်ကြမ်း ဖြစ်လာတယ်၊ အရွယ်မရောက် သေးခင်မှာ ပြစ်မှုသေးတွေ ကျူးလွန်တတ်တဲ့ လူဆိုးလေးတွေ ဖြစ်လာတယ်၊ လူတောမတိုးသလို ရာဇဝတ်မှု ကျူးလွန်တတ်တဲ့ အမူအကျင့်တွေ ရှိလာတယ်၊ မိဘနဲ့ သားသမီး ဆက်ဆံရေးတွေမှာလည်း အနှစ်မပါတော့ဘူး၊ စိတ်ကျန်းမာ ရေး ထိခိုက်လာတယ်၊ ပြီးတော့ ကိုယ်တိုင် အိမ်ထောင်ရက်သား ကျတဲ့အခါမှာ လည်း ကိုယ့်အိမ်ထောင်ဖက်နဲ့ သားသမီးတွေအပေါ်မှာ ကိုယ်ထိလက်ရောက် နှိပ်စက်တတ်သူတွေ ဖြစ်လာပါတယ်။
အကျိုးသက်ရောက်မှု
ခန္ဓာကိုယ်အနာတရဖြစ်စေတဲ့နည်းနဲ့ ပြစ်ဒဏ်ပေးမယ်ဆိုရင် ချက်ချင်း လိုက်နာသွားစေတဲ့ အကျိုးတစ်ခုတော့ ရှိတတ်ပါတယ်။ လူဆိုတာ ကိုယ့်အသား တော့ အနာမခံချင်ကြသူချည်းပဲမို့ အလွယ်တကူ လိုက်နာဖြစ်အောင် နှိပ်စက် ခြင်း၊ အကြမ်းဖက်ခြင်းက စွမ်းဆောင်နိုင်ပါတယ်။
အဲ…ဒါပေမယ့် အဲဒီ့လိုက်နာမှုဟာ ရေရှည်တည်တံ့တာမျိုးတော့ မဟုတ် ဘူးခင်ဗျ။ အသားနာမှာကို ကြောက် စရာမလိုတော့တာနဲ့ နာတုန်းကလိုက်နာ ခဲ့သမျှကိုပြန်ကျူးလွန်ဖြစ်ဖို့လည်း အင်မတန် လွယ်လှ ပါတယ်။
နောက်အကျိုးသက်ရောက်မှုကတော့ ရိုက်နှက်သူဟာ တဖြည်းဖြည်းနဲ့ တစ်ဖက်သား နာအောင် လုပ်ရတာကို သာယာမှန်းမသိ သာယာလာတော့တာ ပါပဲ။ အဲဒီ့ကမှ ဆုံးမတယ်ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး နှိပ်စက် ညှဉ်းပမ်း အကြမ်းဖက်တဲ့အဆင့်ကို ပြောင်းသွားပါတော့တယ်။ ဒါအန္တရာယ်ပါပဲ။
နိုင်ငံတကာအခြေအနေ
ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ သဘောတူစာချုပ် လေး-ငါးစောင်ရှိ ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်မှာတော့ ကလေးသူငယ်များကို ကိုယ်ထိ လက်ရောက် အပြစ် ပေးခြင်းကို တားမြစ်ထားပါတယ်။ သို့ပင် သို့ငြား လက်မှတ်သာ ထိုးထားပေမယ့် လိုက်နာဆောင်ရွက် ပါ့မယ်လို့ သဘောတူ အတည်မပြုတဲ့ နိုင်ငံတွေထဲမှာ အမေရိကန် ပြည်ထောင်စုတောင် ထိပ်ဆုံးက ပါနေပြန် တာက တော့ သိပ်ကို စိတ်ပျက်စရာ ကောင်းလှပါတယ်။
တစ်ဖက်ကလည်း အိမ်တွင်းအပါအဝင် ဘယ်လို အခြေအနေမျိုးမှာမှ ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပေးခြင်းကို ဥပဒေနဲ့ အတိအလင်း တားမြစ်ထား တဲ့ နိုင်ငံက ၃ဝ ရှိပါတယ်။ အဲဒီ့ထဲမှာ ဆွီဒင်၊ ဂျာမဏီ၊ စပိန်၊ ဂရိ၊ ဗင်နီ ဇူအဲလားနိုင်ငံတို့ ပါဝင်ပါတယ်။ နိုင်ငံပေါင်း ၁ဝဝ ကျော်မှာတော့ ကျောင်း တွေမှာ ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပေးတာကို ဥပဒေနဲ့ တားမြစ် ပိတ်ပင် ထားကြပါပြီ။
သည်အချက်ကို ကြည့်မယ်ဆိုရင်လည်း အနာတရဖြစ်စေတဲ့နည်းနဲ့ ပြစ်ဒဏ်ပေးတာဟာ လူလက်မခံ၊ နတ်လက်မခံတဲ့ အမူအကျင့်ဆိုတာ ထင်ရှားနေ ပါပြီ။
ရိုက်နှက်ဆုံးမပြီး သွန်သင်ချင်သပဆိုရင်
ဒါဖြင့် လုံးလုံး မရိုက်ရတော့ဘူးလား၊ ကလေးတွေ ဆိုးတာကို ဘယ်လို ထိန်းရမလဲလို့ စောဒက တက်စရာ ရှိပါတယ်။
ပြောရတာတော့ သိပ်မကောင်းဘူးဗျ။ ကလေးတွေ ဆိုးအောင် လုပ်ထား တာ လူကြီးမိဘတွေ ကိုယ်တိုင် ဖြစ်တာမို့ ရိုက်ချင်းရိုက် ကလေးကို မရိုက်ဘဲ ကိုယ့်ကိုယ်ကိုယ်သာ နာနာစပ်စပ် ရိုက်သင့်တယ်လို့သာ ပြော လိုက်ချင်တော့တာပဲ။ ဟုတ်တယ်လေ။ ကလေးဆိုတာ အားလုံးက အဖြူထည်လေးတွေပါ။ အဲဒီ့ အဖြူထည် လေးတွေကို အရောင်ဆိုးခဲ့တာက လူကြီးမိဘများနဲ့ ဖွဲ့စည်း ထားတဲ့ ပတ်ဝန်းကျင်ပါ။
ကျောင်းတောင်မနေသေးတဲ့ ကလေးရဲ့ ပါးစပ်ထဲကို အဆဲစကားလုံးတွေ ရောက်လာတာ ဘယ်ကဖြစ်မယ် ထင်ပါသလဲ။ အိမ်ထဲကပဲဆိုတာ ရှင်းနေပါ တယ်။ အဲဒါကိုမှ ကလေးကို မဆဲတတ်အောင် ရိုက်နှက် သွန်သင်မယ်ဆိုရင် သွန်သင်သူ လူကြီးမိဘလောက် စုတ်ပဲ့တာ မရှိတော့ပါဘူးခင်ဗျား။
သည်ကြားထဲကမှ ရိုက်နှက်သွန်သင်ဖို့ လိုအပ်တယ်လို့ ယူဆရင် အောက်ပါ အချက်များကို ဂရုစိုက်သင့် ပါတယ်။ တချို့ ပညာရှင်တွေက ငယ်နုတဲ့ ကလေး လေးတွေကို နှိပ်စက်တာ မဟုတ်ဘဲ ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ခပ်စပ်စပ်လေး ရိုက်မယ်ဆို ရိုက်နိုင်တယ်လို့လည်း ဆိုကြတာမို့ သည်အချက်ကို ထည့်ရေးပေး လိုက်တာပါ။ ဒါမှလည်း နှစ်ဖက်မျှမယ် ထင်ပါတယ်။
(၁) ဆုံးမသူ ကိုယ်တိုင်မှာ ဒေါသမပါဖို့ အလွန်အရေးကြီးပါတယ်။
(၂) ရိုက်နှက်ဆုံးမမှု မလုပ်ခင်ကတည်းက ဘာကို ကျူးလွန်ရင် ရိုက် မယ်၊ ဘယ်နှချက် ရိုက်မယ်ဆိုတာကို ကြိုတင် ပြောကြားထားရပါ မယ်၊ ပြောပြီးရင်လည်း ပြောတဲ့အတိုင်း လုပ်ရပါမယ်။ ပြောပြီးခါမှ ကိုယ်က စိတ်လက် ကြည်သာနေလို့ မရိုက်ဘဲထားရင် ကလေးက အဲဒီ့အမူအကျင့်ကို ပြန်ကျူးလွန်နေတော့မှာပါ။ ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်ဆိုတာ ပိုင်းခြားနိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး။
(၃) ရိုက်နှက်ချိန်မှာ ကလေး ငိုမယ်ဆိုရင် ငိုခွင့်ပေးရပါမယ်။ အသံ မထွက်နဲ့၊ ပိုနာမယ်ဆိုတာမျိုးလုံးဝ မလုပ် သင့်ပါဘူး။
(၄) ရိုက်ပြီးရင် ကလေးကို ချော့ရမှာ ဖြစ်သလို သူ့ကို မချစ်လို့ ရိုက် တာ မဟုတ်တဲ့အကြောင်း၊ သူ့ရဲ့ အမူအကျင့်ကို ပြုပြင်စေချင်လို့ သာ ရိုက်တာ ဖြစ်ကြောင်း၊ သူသာ အမူအကျင့် ပြင်သွားမယ်ဆိုရင် နောက်ကို ရိုက်တော့မှာ မဟုတ်ကြောင်း ကလေးနားလည်အောင် ချိုချိုသာသာ ပြောသင့်ပါတယ်။
(၅) ယေဘုယျအားဖြင့် အသက် ခြောက်နှစ်ထက်ကြီးတဲ့ ကလေးတွေကို လုံးဝ မရိုက်သင့်တော့ပါဘူး။ သိတတ် နားလည်တဲ့ အရွယ်ကို ရောက်လာကြပြီ ဖြစ်လို့ပါပဲ။
ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြေး
အရင်တစ်ပတ်က ရေးခဲ့တဲ့ ''ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြေး''ကိုပဲ ပြန်သွားချင်ပါတယ်။ အသားနာတာကို ကိုယ်ကြိုက် ပါသလား။ ကြိုက်တယ် ဆိုရင် သူများကိုလည်း နာအောင် လုပ်ပေါ့ဗျာ။ အရှင်းကြီးပဲဟာ။ ကိုယ်ကလေး အရွယ်ငယ်ဘဝတုန်းက အရိုက်ခံခဲ့ရစဉ်အခါက ခံစားချက်တွေ၊ ကိုယ့်စိတ်မှာ ဖြစ်သွားတာတွေ ကိုလည်း ပြန်ဆင်ခြင်သင့်ပါတယ်။ ကိုယ်ရော အရိုက်ခံ လိုက်ရလို့ အလုံးစုံ လိမ္မာလာလို့လား။ စာတော် လာလို့လား။ သေချာ ပြန်စဉ်းစား ရင် မြင်လာပါလိမ့်မယ်။
ကျွန်တော်တို့ အားလုံးမှာ အဓိက လိုအပ်နေတာကတော့ ''စာနာစိတ်''သာ ဖြစ်ပါတယ်။ စာနာစိတ်နဲ့သာ ဆက်ဆံသွားကြမယ်ဆိုရင် ယဉ်ကျေးတဲ့ လူ့ဘောင်၊ သာယာတဲ့ လူ့ဘောင်၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင် ဖြစ်လာမှာပါ။
ကြီးနိုင်ငယ်ညှဉ်းဆိုတာ တိရစ္ဆာန် သဘာဝဖြစ်ပါတယ်။ ခရီးသည်တင် ယာဉ်ကြီးတွေက အိမ်စီးကားငယ်လေး တွေကို မညှာဘဲ အတင်းတိုးတာမျိုး ဟာလည်း ကြီးနိုင်ငယ်ညှဉ်းသဘောပါပဲ။
ကျွန်တော့်စာကို ဖတ်နေကြသူများ အားလုံးဟာ ကိုယ်ပိုင်အသိ Óဏ် ကိုယ်စီရှိကြသူချည်းပါပဲ။ လူမဆန် သူတွေလို့ အပြောခံချင်သူလည်း တစ်ယောက် မှ ပါမယ်လို့ မယုံကြည်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် တင်ပြဆွေးနွေးခဲ့တာလေး ကို မိမိတို့ ကိုယ်ပိုင်Óဏ်နဲ့ ဆင်ခြင်ပြီး လူဆန်ဆန် ကျင့်သုံးသွားကြမယ့်သူ တွေချည်းပါပဲလို့ မမှိတ်မသုန် ယုံကြည်စိတ်ကို အားပြုလို့ မပြောရဲ ပြောရဲနဲ့ပဲ ဇွတ်မှိတ်ပြောလိုက် ရပြန် ပါပြီကောခင်ဗျား။
အားလုံးအတွက် တွေးဆဆင်ခြင်စရာ တစ်ခုခုတော့ ရသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျာ။

No comments:

Post a Comment