Monday, November 30, 2015

အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၃၀

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမ နေ့ကို ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပရာ ဥပဒေကြမ်း ၁၂ ခု အစီရင်ခံဖတ်ကြားခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း၊ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတစ်ခု တင်သွင်းခြင်းတို့ ဆောင်ရွက်သည်။


အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့ လာသည့် မြန်မာနိုင်ငံယစ်မျိုး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများဥပဒေကြမ်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေကြမ်း၊ ကုန်သွယ် ရေကြောင်းသွားလာရေးဆိုင်ရာတူးမြောင်းဥပဒေကြမ်း၊ မြန်မာနိုင်ငံမီးပြတိုက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာများ ဖတ်ကြားတင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းနှင့် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအရ အမျိုးသားလွှတ်တော်က လတ်တလော အတည်ပြုရန် မသင့်သည့်အတွက် ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ် သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကအစီရင်ခံတင်ပြသည့် အကျဉ်းထောင်များ ဥပဒေကြမ်း၊ လက်နက်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအရ အမျိုးသားလွှတ်တော်က ခေတ်စနစ် နှင့်ကိုက်ညီသည့် ဥပဒေများအဖြစ် ပြန်လည်ရေးဆွဲရန် လိုအပ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်သည်။

ထို့နောက် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မြေစာတောင်ပြိုကျပြီး လူများရာနှင့် ချီ၍ သေဆုံးမှုမျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်စီမံ ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ဦးခက်ထိန်နန် က အဆိုတင်သွင်းရာ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ သည်။


ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ ၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment