Monday, November 30, 2015

နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်အတွက် နိုင်ငံရေးေ ဆွးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ တတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပ



ရန်ကုန် နိုဝင်ဘာ ၃၀

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ဒုတိယနေ့အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီကရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး နှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တွင် ဆက်လက်ကျင်းပသည်။


ယနေ့ပြုလုပ်ခဲ့သည့် တတိယနေ့အစည်းအဝေးနှင့်စပ်လျဉ်း၍ MPC မှ အထူးအကြံပေးဖြစ်သူ ဦးလှမောင်ရွှေက"ဒီနေ့ ဆုံးဖြတ်ချက်တစ်ခုက အစုအဖွဲ့တစ်စုဆီကနေ ကိုယ်စားလှယ် (၃) ဦးစီက မနက်ဖြန်ကနေစပြီး မူကြမ်းအသေးစိတ်ကိုစတင်ရေးဆွဲပါမယ်။ ဒီဇင်ဘာ(၁)ရက်ကနေ (၅) ရက်အထိ ပြုလုပ်ခဲ့တဲ့သုံးရက်တာဆွေးနွေးချက်တွေကို NCA ရဲ့ မူဘောင်အတွင်းကနေ အစုအဖွဲ့သုံးဖွဲ့က ပြန်လည်ပြီး မူကြမ်းရေးသားပါမယ်။ အဲ့ဒါပြီးရင် လာမယ့် ဒီဇင်ဘာ (၇) ရက်နဲ့ (၈) ရက်မှာ UPDJC မှာပါဝင်တဲ့ (၄၈) ဦးကနေပြီးတော့ စီစစ်ပြီးဆွေးနွေးအတည်ပြုပါမယ်။ ပြီးရင်ကျန်ရှိနေသေးတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ် ဆောင်ပါမယ်" ဟုပြောကြားသည်။

ယနေ့ အစည်းအဝေးတွင် ဒီဇင်ဘာ (၁) ရက်မှ (၅) ရက်အထိ ကြာမြင့်မည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် (မူကြမ်း)အသေးစိတ် ရေးဆွဲရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ ကိုယ်စားလှယ် (၃) ဦးအဖြစ် ချင်းအမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်မျိုးဝင်းနှင့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) {KNU/KNLA PC} မှ စောကျော်ညွန့် တို့အားရွေးချယ်ထားသည်။

အစိုးရ ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှမူကိုယ်စားလှယ် (၂)ဦးစီသာအတည်ပြု ရွေးချယ်ထားကြပြီးကျန်ရှိနေသေးသည့် ကိုယ်စားလှယ်တစ်ဦးစီအားဒီဇင်ဘာ (၁) ရက်နေ့မှသာအတည်ပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။

အစိုးရ ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့ အတွက် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ် မြင့်နွယ် နှင့် MPC ၏ အထူးအကြံပေးဦးလှမောင်ရွှေ၊ နိုင်ငံရေးပါတီအစုအဖွဲ့အတွက် ဦးသုဝေ (ဒီမိုကရက်တစ် ပါတီ-မြန်မာ) နှင့် ဦးစိုင်းကျော်ညွှန့် (ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) တို့အား ရွေးချယ်ထားသည်။

သုံးရက်ကြာကျင်းပခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ၏ ဆွေးနွေးပွဲတွင် မူကြမ်းရေးဆွဲရန် ချမှတ်ထားသည့် အခန်း (၁၀) ခန်းသာမကဆွေးနွေးရမည့် အကြောင်းအရာ များကိုပါ သဘောတူခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဆွေးနွေးရမည့် အကြောင်းအရာများတွင် ကဏ္ဍ (၆) ခုခွဲခြားထားပြီး နိုင်ငံရေး ကဏ္ဍ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကဏ္ဍ၊ စီးပွါးရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာနှင့် မြေယာကိစ္စအထွေထွေဟူ၍ ပါဝင်သည်။

မူကြမ်းရေးဆွဲရေးကော်မတီမှ အသေးစိတ်ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (မူကြမ်း)အားလာမည့် ဒီဇင်ဘာ (၁၄) ရက်တွင် ကျင်းပနိုင်ရန် လျာထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများတွင် အဆုံးအဖြတ် ရယူသွားမည်ဖြစ်သည်။

MPC မှ ဦးလှမောင်ရွှေက " ရက်ပေါင်း (၆၀) အတွင်းမှာအပြီးရေးဆွဲနိုင်ဖို့ တစ်ဆို့နေတာတွေ မရှိတော့ဘူး။ ချောမွေ့ ဖို့ပဲရှိတယ်။ ဒါတွေ ပြီးသွားရင်တော့ UPDJC ရဲ့ အထက်က JICM က အတည်ပြုပြီးရင် တာဝန်ရှိတဲ့ အစိုးရကိုလွဲအပ်ပေးဖို့ ဆိုတဲ့ အဆင့်တွေရှိမယ်။ လက်ရှိအစိုးရ က လက်ခံယူပြီးရင် NCA စာချုပ်ပါ အချိန်သတ်မှတ်ချက်အတိုင်း ဇန်န၀ါရီလ (၁၄) ရက်နေ့ မကျော်တဲ့ သင့်တော်တဲ့ အချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲခေါ်ယူပေးဖို့ ဆိုတာတွေ ရှိမယ်" ဟုသုံးသပ်ပြောကြားသည်။    

(သတင်း…. ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်၊ ဓါတ်ပုံ… ဖိုးထောင်)

No comments:

Post a Comment