Saturday, November 28, 2015

နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) စတင်ရေးဆွဲ


ရန်ကုန် နိုဝင်ဘာ ၂၇
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်း ရေးဆွဲရေး အတွက် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီများ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ အစည်းအဝေး (ပထမနေ့) ကို ယနေ့ မွန်းလွဲ (၁) နာရီတွင် မြန်မာနိုင်ငံငြိမ်းချမ်း ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော် အစိုးရအစုအဖွဲ့မှ ဦးခင်ရီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ စိုင်းကျော်ညွန့်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း) ရေးဆွဲရေး ကော် မတီတွင် နိုင်ငံရေး ပါတီအစုအဖွဲ့မှ အတည်ပြုရွေးချယ်ရန် ကျန်ရှိနေသည့် ကိုယ်စားလှယ်(၈)ဦး အဖြစ် ဦးစိုင်းကျော်ညွှန့် (ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ၊ ဦးနိုင်ငံလင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)၊ သူရဦးသက်ဆွေ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၊ ဦးသုဝေ(ဒီမိုကရက်တစ် ပါတီ-မြန်မာ)၊ ဒေါက်တာ အေးမောင် (ရခိုင် အမျိုးသားပါတီ)၊ ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ကိုယ်စား ဦးဇိုဇမ်၊ ဦးစောထွန်းအောင်မြင့်နှင့် ဦးငိုင်ဆာ့ခ် (ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)တို့ အားရွေးချယ်နိုင်ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက "ဒီနေ့ ဆွေးနွေးရာ မှာလည်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ပါရှိရမယ့် အချက်အလက်တွေ၊ ဘယ်လို မူဘောင်မျိုးနဲ့ လုပ်ဆောင်ရမလဲဆိုတဲ့ Concept မျိုးကိုလည်း သဘောတူညီ နိုင်ပါတယ်။ ဒီနေ့ သုံးဘက် စလုံး ဆွေးနွေးတာ အင်မတန်မှ အားကောင်း တယ်။ မျှော်မှန်းထားတဲ့ အတိုင်း သက်မှတ်ရက် အတွင်း ဆောင်ရွက်နိုင် မယ်လို့ ယုံကြည်ပါတယ်" ဟု နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) ပထမနေ့ ဆွေးနွေးမှု အပေါ် သုံး သပ်သည်။
ယနေ့ ဆွေးနွေးပွဲတွင် မူဘောင် ရေးဆွဲရေးနှင့် စပ်လျဉ်း၍ အပိုင်း (၂) ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြပြီး ပထမ အပိုင်းတွင် မူဘောင် ရေးဆွဲရေး အခြေခံအချက် (Concept) များအား ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် မူဘောင်နှင့် ပတ်သတ်သည့် အခြေခံရမည့် အချက် (၁၀) ချက် အဖြစ် နိဒါန်း၊ အခြေခံရမည့်မူများ၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်မည့်သူဦးရေ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း အစရှိသည့် အချက် များအား ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနမှ ဦးအောင်နိုင်ဦးက "ဒီနေ့ ဆွေးနွေးခဲ့တဲ့ (၁၀) ချက်က အားလုံးကို အလွတ်သဘော ဆွေးနွေးတာပါ။ UPDJC မှာ နောက်ပိုင်းမှ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး ပါတီအစုအဖွဲ့အတွက် ဆွေးနွေးဖို့ အချိန်ပေးရတယ်။ အဓိက ဆွေးနွေး ကြတဲ့ အကြောင်းအရာ ကတော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘယ်နှစ်ယောက် ပါသင့်လဲ။ NCA စာချုပ်ရဲ့ ပုဒ်မ ၂၂ မှာ ပါဝင်တဲ့ အချက် အလက်တွေက အဓိပ္ပါယ်ဖော်ရမယ့် ကိစ္စရပ်တွေကို အလွတ်သဘော ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေ့ ဆွေးနွေးချက် အားလုံးကို ကိုယ့်သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို ဒီနေ့ည ပြန်ယူသွားကြပြီး မနက်ဖြန် သုံးဖွဲ့လုံး ပြန်လည် ဆွေးနွေးကြမယ်။ မနက်ဖြန်မှာတော့ မူကြမ်းကို ဘယ်တော့ နောက်ဆုံးထား ရေးဆွဲမယ်။ ဘယ်အချိန်မှာ အပြီးသက်ပြီး အတည်ပြုနိုင်မယ် ဆိုတာကိုဆွေးနွေးပါမယ်" ဟု ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) ရေးဆွဲရာတွင် ပထမအချက် အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို NCA အပေါ်အခြေခံ၍ ရေးဆွဲမည်။ ဒုတိယအချက် အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ကိုပြုလွယ် ပြင်လွယ်ဖြစ်နိုင်မည့် Flexible မူဖြင့်ရေးဆွဲမည်။ တတိယအချက်အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေး ဆွဲရာတွင် NCA စာချုပ်လက်မှတ် ရေးထိုးပြီးနောက် ရက်ပေါင်း (၆၀) အတွင်းရေးဆွဲနိုင်ရန် ကြိုးပမ်းမည်ဟူသည့် အချက်များအပေါ် အခြေခံ၍ ဆွေးနွေးကြမည် ဖြစ်ကြောင်းသိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက" နိုင်ငံရေး မူဘောင်က တော်တော် များ နေ တယ်။ နိုင်ငံရေးပါတီတွေက လည်း ရေးတယ်။ UNA ကလည်း ရေးတယ်။ NLD ကလည်းရေးတယ်။ (၅၇) ပါတီ အစုအဖွဲ့ ကလည်း ရေးတယ်။ အစိုးရဘက် ကလည်း ပြင်ဆင်တာ ရှိသလို တိုင်းရင်းသား လက်နက်ကိုင်တွေ ကလည်း ပြင်ဆင်တာ ရှိတယ်။ ဒါတွေကို တစ်ခုတည်း ပေါင်းစပ်ရင် ဘယ်လိုနည်းနဲ့မှ အချိန်မီ ပြီးနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ရေးပြီးသား အားလုံးကို ကိုးကားရမယ့် စာတမ်း တွေအဖြစ်နဲ့ပဲ သဘောထားပါမယ်။ သင့်တော် တာကို ယူမယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ သွားမယ့်မူဖြစ် ပါတယ်။ အားလုံး ရေးထားသမျှကို ယူဖို့ မဖြစ်နိုင်လို့ ယနေ့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတာကို ကျွန်တော်တို့ ယူမယ်ဆိုတဲ့ သဘောဖြစ် ပါတယ်"ဟုသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် မူဘောင်ရေးဆွဲရေးအခြေခံအချက် (Concept) များအား စတင်ဆွေး နွေးခဲ့ကြပြီး တက်ရောက် လာကြသော အစုအဖွဲ့ (၃) ဖွဲ့မှ ကိုယ်စားလှယ်များက နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင် (မူကြမ်း) တွင် ပါရှိရမည့် အခန်းများနှင့် မူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်များ အတွက် အလွတ် သဘောဆွေးနွေးခဲ့ကြသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးသုဝေက "ဒီမူဘောင်ကို ဘာလို့ရေးဆွဲရ လဲဆိုရင် ဒီမူဘောင်နဲ့ သွားရင် ကျွန်တော်တို့ တိုင်းပြည် တစ်ခါတည်း ငြိမ်းချမ်း သွားမှာပေါ့။ ဒီနေ့ ဆွေးနွေးမှုကတော့ အောင်မြင်မှုရ နေပါတယ်။ ဆက်လက် ပြီးတော့လည်း အောင်မြင်မှု ရမှာပါ" ဟု ဆွေးနွေးပွဲ အပြီးတွင် သတင်းမီဒီယာများအား ပြောကြားသည်။
လက်ရှိတွင် နိုင်ငံရေးမူဘောင် (မူကြမ်း)ရေးဆွဲ ရန်အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့မှ ကိုယ်စား လှယ်များ အဖြစ် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဦးခင်ရီ၊ MPC မှ အထူးအကြံပေး ဦးတင်မောင်သန်းနှင့် ဦးလှမောင်ရွှေ တို့အား ရွေးချယ်ထားသည်။
တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA-PC) မှ ဦးစောကျော်ညွန့်၊ ချင်းအမျိုးသား တပ်ဦး (CNF)မှ ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ အထူးအကြံပေး စောထူးထူးလေး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ရဲဘော်မျိုးဝင်း၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ပဒိုမန်းမန်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ခွန်ထွန်းတင်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)မှ စိုင်းခွမ်မိန်းတို့ ပါဝင်သည်။
နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင် (မူကြမ်း) ရေးဆွဲရေးကော်မတီ ဒုတိယ အနေ့ အစည်းအဝေး အဖြစ် နိုဝင်ဘာ (၂၈) ရက်နေ့တွင် ဆက်လက် ကျင်းပမည် ဖြစ်သည်။ (သတင်း… ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်။ ဓါတ်ပုံ… ဖိုးထောင်)

No comments:

Post a Comment