Wednesday, November 25, 2015

နေအိမ်ခြံဝင်းတစ်ခု၌ မိန်းကလေးငယ်တစ်ဦး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဆိုသည့် အမှုကို သက်ဆိုင်ရာမှတစ်ဆင့်တရားရုံးသို့ ဦးတိုက်လျှောက်ထား

ရန်ကုန် နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ နေအိမ်ခြံဝင်း တစ်ခု၌ (၈)နှစ်အရွယ် မိန်ကလေးငယ်တစ်ဦး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည်ဆိုသည့်အမှုကို ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာမှတစ်ဆင့် တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ကြောင်း ဗဟန်းမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်က ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ နေအိမ်ခြံဝင်းအတွင်း၌ အသက်(၈) နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဝတ်အစားများချွတ်၍ နေပူထဲတွင် ကြိုးတုပ်၊ ဒူးထောက်ထိုင်ခိုင်းပြီး ဝါးခြမ်းပြား ဖြင့် ရိုက်နေကြောင်း သတင်းအရ ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းခဲ့ရာ ၄င်းကလေး ငယ်မှာ ယင်းအိမ်တွင်နေထိုင်သူ မစုဝေ အသက်(၈)နှစ် ဆိုသူဖြစ်ပြီး ဝါးခြမ်းပြားဖြင့် ရိုက်ခြင်း၊ ကြိုးတုပ်ခြင်း၊ နေအိမ်ခြံဝင်းအတွင်း နေပူလှန်းခြင်းများပြုလုပ်သူမှာ ယင်းအိမ်တွင် အလုပ်လုပ်ကိုင်သူ မသန်းနွဲ့ (၄၂)နှစ်ဖြစ် ကြောင်း ဗဟန်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ၏ စုံစမ်းစစ်ဆေးချက်အရ သိရသဖြင့် အလုံမြို့နယ်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူးက ကလေးသူငယ်ဥပဒေပုဒ်မ-၆၆ (ဃ)အရ တရားရုံးသို့ဦးတိုက်လျှောက်ထား တရားစွဲရန် စီစဉ်ခဲ့ကြောင်း ဗဟန်းမြို့မရဲစခန်းမှ သိရသည်။

''ဒီအမှုက ရဲအရေးမပိုင်တော့ တရားရုံးကိုဦးတိုက်လျှောက်နိုင်ဖို့ကူညီပေးခဲ့တယ်။ ကလေးကတော့ သူ့မိခင်နဲ့ အတူရှိနေပါတယ်။ လူမှုဖူလုံရေးအဖွဲ့ကလည်း ကလေးမှာ ရရှိထားတဲ့ဒဏ်ရာတွေကို ဆက်လက်ကုသမှုတွေလုပ်ပေး ပြီး စောင့်ရှောက်မှုတွေလုပ်ပေးနေပါတယ်''ဟု ရန်ကုန် အနောက်ပိုင်းခရိုင်မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ကလေးငယ်အား လိမ္မာစေရန် ဆုံးမခြင်းမျိုးမဟုတ်ဘဲ တမင်နှိပ်စက်ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့သည့် မသန်းနွဲ့အပေါ် ဥပဒေအရ အရေးယူပေးပါ ရန် ဗဟန်းမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်စန်းစန်းထွေးက တရားလို ပြုလုပ်၍ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ဗဟန်းတရား ရုံးသို့ ဦးတိုက်လျှောက်ထားတင်ပြခဲ့ရာ ဗဟန်းမြို့နယ် တရားရုံး မြို့နယ်တရားသူကြီး ဦးရဲလွင်က ပြစ်မှုကြီးအမှတ် ၅ဝ၈/၂ဝ၁၅ ဖြင့် ရေးဖွင့်လက်ခံစစ်ဆေးခဲ့ပြီး အမှုအား စစ်ဆေးရန် ရုံးချိန်းကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီ သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။


ဇော်ကြီး (ပဏီတ)

No comments:

Post a Comment