Tuesday, November 24, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် နိုဝင်ဘာ ၂၄

မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ကောင်းမွန်သောဆက်ဆံရေး မရှိစရာအကြောင်းမရှိကြောင်း၊ နိုင်ငံအတွက် အလုပ်လုပ် ကြမည့်သူများဖြစ်ခြင်းကြောင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်၍ နိုင်ငံအား တည်ငြိမ်အောင်၊ တိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ပြီး ယင်းကဏ္ဍတွင် တပ်မတော်အနေဖြင့် အပြည့်အ၀ပါဝင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာဒန်နီရယ်အာရပ်စ်ဆဲလ် အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြား သည်။


တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ တက်ရောက်ကြပြီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်လ်၊ စစ်သံမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။


ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကာလ နိုင်ငံရေး လျှောက်လှမ်းမှုနှင့် ယင်းအပေါ် အမေရိကန် ကွန်ဂရက်၏ သဘောထားအမြင်များ၊ ရွေးကောက်ပွဲလွန်ကာလ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်မည့် အခြေအနေ၊ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ် များ၏ တိုးတက်မှု၊ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့်အဖွဲ့များ ပါဝင်လာနိုင်မည့် အခြေအနေနှင့် တိုင်းရင်းသားရေးရာများ ဆွေးနွေးကြသည်။ 

(မြ၀တီ)

No comments:

Post a Comment