Monday, November 30, 2015

“မြန်မာသမိုင်းသုတေသနစာတမ်းဖတ်ပွဲ” ကျင်းပ


နိုဝင်ဘာ  ၃၀ ရက်

ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနကကြီးမှူး ကျင်းပသော “မြန်မာသမိုင်း သုတေသနစာတမ်းဖတ်ပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား စာကြည့်တိုက် (နေပြည်တော်) Orientation Hall ခန်းမ၌ ကျင်းပသည်။


အဆိုပါစာတမ်းဖတ်ပွဲသို့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့၊  ဥက္ကဌ ဦးအေးမြင့်ကြူ၊ ဒုတိယဝန်ကြီး မြန်မာသမိုင်းအဖွဲ့၊ ဒုတိယဥက္ကဌဦးသန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာနန္ဒာမွှန်း၊ ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် သမိုင်းသုတေသနနှင့် ပတ်သက်၍ တာဝန်ခံ၊ တာဝန်သိ၊ တာဝန်ယူရမည့် သူများသည် မြန်မာသမိုင်းအဖွဲ့နှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနပင် ဖြစ်သည့် အတွက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနအနေဖြင့် မြန်မာသမိုင်းအဖွဲ့ကို အထောက် အကူပြုပေးရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးသာမက သမိုင်းကွင်းဆက် ဖြည့်ဆည်းရန်လည်း လိုအပ်ကြောင်း၊ မြန်မာသမိုင်းအဖွဲ့ဝင်များသည် အသက်အရွယ်ကြီးရင့်နေကြပြီး နောင်တစ်ချိန် ယင်းတို့၏နေရာ ဆက်ခံရန်အတွက် ဤဦးစီးဌာနမှ သုတေသနဝန်ထမ်းများသည် သမိုင်းကွင်းဆက်များ ဖြည့်ဆည်းသွားရန် ကြိုးစားသင့်ကြောင်း၊ ဦးစီးဌာန၏ မူလကျောရိုးမပျောက်ပျက်ရန် တာဝန်ယူရ မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သုတေသနလုပ်ငန်းနှင့် ပတ်သက်၍ သုတေသနဟူသည် အရေးကြီးပြီး သမိုင်းပြုစုရေးသားရာတွင် ရည်ရွယ်ချက်ရှိရန် လိုအပ်ကြောင်းနှင့် မှန်ကန်သော အချက် အလက် အထောက်အထားများအား ကိုးကား၍ ပြည်ထောင်စုစိတ်ဓာတ်အခြေခံပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်မှု မရှိစေသော သုတေသနစာတမ်းများဖြစ်ရန် အရေးကြီးကြောင်း၊ စာအုပ်စာတမ်းများမှ အချက်အလက် အထောက်အထား များကို အသုံးပြုရုံသာမက လက်တွေ့ကွင်းဆင်းသုတေသသန နှင့်ပေါင်း စပ်ရန် လိုအပ်ကြောင်း၊ သို့မှသာ မှန်ကန်သော သမိုင်းထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ သမိုင်းရေးရာ တွင် နိုင်ငံ၏ သမိုင်း၊ ဘုရင်၏ သမိုင်း၊ ခေတ်၏သမိုင်း ဟူ၍ရှိရာတွင် မည်သည့်သမိုင်းကို ရေးသားမည်ကို စဉ်းစားသင့်ကြောင်းနှင့် သမိုင်းပြုစုရာတွင် လိုက်နာကျင့်သုံးရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ် တဝင့် ပြောကြားသည်။

ဆက်လက်၍ စာတမ်းဖတ်ပွဲကို ကျင်းပရာတွင် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြမြသောင်းက “မွန်မင်းဆက် ပြန်လည်ပေါ်ထွန်း လာခြင်းနှင့် အင်းဝနေပြည်တော်ကို တိုက်ခိုက်သိမ်းပိုက်ခြင်း စာတမ်းကိုဖတ်ကြားတင်သွင်းရာ တက်ရောက် လာသူများက ဖြည့်စွက်ဆွေးနွေးကြသည့်အပေါ် စာတမ်းရှင်က ရှင်းလင်းပြောကြားကာ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာ့သမိုင်းအဖွဲ့၊ ဒုတိယဥက္ကဌ ဦးသန်းဆွေက လိုအပ်သည်များကို ဖြည့်စွက် ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ် စကား ပြောကြားသည်။

No comments:

Post a Comment