Monday, November 30, 2015

ကမ္ဘာ့နိုင်ငံတိုင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် ပြည်ပချေးငွေရယူခြင်း၊ ပြည်ပကြွေးမြီအဖြစ် ပေါ်ပေါက်သည့် ပြည်ပသို့ အစိုးရ စာချုပ်များ ထုတ်ဝေရောင်းချခြင်းလုပ်ငန်းများ လုပ်ဆောင်ကြပါတယ်

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ စိစစ် လေ့လာတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး နိုဝင်ဘာ ၂၄ ရက်က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က “ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ခြောက်လပတ် အခွန်ကောက်ခံရရှိမှု နှိုင်းယှဉ်ချက်နှင့် ပြည်ပကြွေးမြီ ကိစ္စရပ်များ”အား ပြန်လည်ရှင်းလင်း တင်ပြခဲ့ရာ ၎င်းအနက်မှ “ပြည်ပကြွေးမြီကိစ္စ”နှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက် များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-


နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပကြွေးမြီအခြေအနေနှင့်စပ်လျဉ်း၍ လွှတ်တော် အသီးသီးတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက အခါအားလျော်စွာ ရှင်းလင်းတင်ပြလျက် ရှိပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြည်ပကြွေးမြီများ တင်ရှိနေကြပါတယ်။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် မိမိနိုင်ငံ အကျိုးဖြစ်ထွန်းမည့်ကိစ္စများ ဆောင်ရွက် နိုင်စေရေးအတွက် ပြည်ပချေးငွေများရယူကြပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ များဟာ မိမိရဲ့ဝင်ငွေနဲ့ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပချေးငွေများ ရယူကြပါတယ်။ ဒါ့ကြောင့် ပြည်ပကြွေးမြီများ တင်ရှိကြပါတယ်။ ထို့အတူ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများမှာလည်း ယင်းတို့အတွက် အကျိုးအမြတ်ရရှိစေမယ့် အစိုးရကထုတ်ဝေတဲ့ စာချုပ်များကို ပြည်တွင်း တွင်သာမက ပြည်ပသို့ပါ ထုတ်ဝေရောင်းချကြသည်ကို တွေ့ရှိရပါတယ်။ Capital Market, Bond Market စတဲ့ ငွေကြေးအရင်းအနှီး ဈေးကွက်များကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများမှာ တွေ့နိုင်ပါတယ်။ ဒီလိုဈေးကွက်များကနေ ပြည်ပသို့ ထုတ်ဝေရောင်းချထားတဲ့ အစိုးရက ထုတ်ဝေသည့် စာချုပ်များအား ဝယ်ယူထားသူက ပြန်လည်ရွေးနုတ်သည့်အခါ ပြန်လည် ထုတ်ပေးကြရမှာဖြစ်တဲ့အတွက် ပြည်ပကြွေးမြီစာရင်းအဖြစ် ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။ သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် တင်ရှိနေသော ပြည်ပကြွေးမြီစာရင်းများကို တွေ့ရှိကြရ ပါတယ်။




သို့ဖြစ်ရာ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်ရှိ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၉၉ ဘီလီယံခန့် ရှိနေပါတယ်။ နိုင်ငံတော်အနေနဲ့ ဘက်စုံ ကဏ္ဍစုံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရရဲ့ ရငွေ/ဝင်ငွေ သက်သက်ဖြင့် ဆောင်ရွက်ရန် လုံလောက်မှုမရှိခြင်းကြောင့် ပြည်ပ ချေးငွေ/ထောက်ပံ့ငွေများကို စိစစ် သုံးသပ်ရယူကာ ဆောင်ရွက်ကြရပါတယ်။ သို့ဖြစ်ရာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုမျိုး မဟုတ်သော်လည်း လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်၊ အခြေခံ အဆောက်အအုံဆိုင်ရာ လိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရေး အတွက် လုပ်ငန်းစီမံကိန်းများ၊ ဥပမာ-ပညာရေး၊ ကျန်းမာရေး၊  လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ် စသည်တို့အတွက် အတိုးနှုန်းသက်သာသော ချေးငွေ၊ ထောက်ပံ့ငွေများ ရယူဆောင်ရွက်ပါတယ်။ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းများ၊ ဥပမာ- စွမ်းအင်၊ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး စသည်တို့အတွက် လုပ်ငန်း ပြန်ရချက်၊ အရင်းကျေ ကာလ စသည်တို့ကို ထည့်သွင်း စဉ်းစားပြီး အတိုးနှုန်းသက်သာတဲ့ ချေးငွေများကို ဦးစားပေးရယူခြင်း၊ ၎င်းချေးငွေများမရနိုင်တဲ့အခါ ပြန်ရချက် ကောင်းမွန်မှုနှင့် စီးပွားရေး တွက်ချေကိုက်မှု အနေအထား များကို စဉ်းစားသုံးသပ်ပြီး အတိုးနှုန်းသင့်တင့်မျှတသော ချေးငွေများရယူရန် ဆောင်ရွက်ကြ ရပါတယ်။ ၂၀၁၁ ခုနှစ်မှ စတင်တာဝန်ယူဆောင်ရွက်တဲ့ ယခုအစိုးရလက်ထက်မှာ ယခင် ခေတ်အဆက်ဆက် တင်ရှိနေသော နိုင်ငံတော်၏ ပြည်ပကြွေးမြီများ ရှင်းလင်းပေးဆပ်ခြင်း လုပ်ငန်းစဉ်ကို စနစ်တကျဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့နိုင်ငံများနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ပြန်လည်အသိအမှတ်ပြုခြင်းနဲ့ ချေးငွေနှင့် အထောက်အပံ့ ပေးခြင်းများ ပြန်လည်ဆောင်ရွက်လာကြပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ ယူခဲ့တဲ့ ပြည်ပချေးငွေများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အခြားဆက်စပ်တဲ့ ဥပဒေများနဲ့အညီ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူကြရပါတယ်။ ချေးငွေရယူမယ့်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ချေးငွေရယူနိုင်ရန် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ/ ဗဟို ကော်မတီသို့ တင်ပြ အတည်ပြုချက်ရယူခြင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံတော် သမ္မတရုံးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ခြင်း၊ ပြည်ထောင်စုလွှတ်တော်တွင် စိစစ်အတည်ပြုချက် ရယူခြင်းစတဲ့လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရရှိပြီးတဲ့နောက် ဘဏ္ဍာရေး ဝန်ကြီးဌာနအနေနဲ့ ချေးငွေရယူမယ့်သူနဲ့ ချေးငွေပေးမယ့်သူအကြား ချေးငွေဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ အပြန်အလှန်ညှိနှိုင်း ဆွေးနွေးပြီးမှသာလျှင် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုကြ ရပါတယ်။ ရယူတဲ့ ချေးငွေပမာဏ အားလုံးကို တစ်ကြိမ်တည်း ထုတ်ယူသုံးစွဲခြင်း မဟုတ်ဘဲ စည်းကမ်း သတ်မှတ်ချက်များနဲ့အညီ လုပ်ငန်းအကောင်အထည်ဖော်မှုအပေါ် မူတည်၍ ချေးငွေ ထုတ်ယူသုံး စွဲကြတာ ဖြစ်ပါတယ်။
ချေးငွေရယူမှုအတွက် ချေးငွေအမျိုးအစား၊ အတိုးနှုန်း၊ ချေးငွေသက်တမ်း စတဲ့ အကြောင်းအချက်များကို ထည့်သွင်းတွက်ချက် ရသကဲ့သို့ ယင်းချေးငွေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မယ့် အခြေအနေကိုလည်း စဉ်းစားသုံးသပ် ကြရပါတယ်။ ထို့အတူ ချေးငွေအတွက် ပေးဆပ်ရမယ့်အတိုးနဲ့ သက်တမ်းအလိုက် ပြန်လည်ပေးချေရမယ့် အရင်းပမာဏကိုလည်း သေချာစွာတွက်ချက်ကြရပါတယ်။ ထို့အတူ နိုင်ငံရဲ့ ကြွေးမြီချေးယူ မှုခံနိုင်ရည် ဆန်းစစ်ခြင်းကိုလည်း ဆောင်ရွက်ကြရန် လိုအပ်ပါတယ်။
ကြွေးမြီစီမံခန့်ခွဲမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက်တင်ပြလိုပါတယ်။

နိုင်ငံတော်ရဲ့ ပြည်တွင်း/ပြည်ပကြွေးမြီစီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက် နိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ငွေတိုက်ဦးစီးဌာနကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ငွေတိုက်ဦးစီးဌာန အောက်မှာ ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲအား ဖွဲ့စည်းထားရှိပြီး၊ နိုင်ငံတကာအဆင့်မီ ကြွေးမြီစီမံခန့်ခွဲမှု ဆောင်ရွက်နိုင်ရန် အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ အကူအညီနဲ့ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါတယ်။ ကြွေးမြီမှတ်တမ်းတင်မှုနဲ့ စီမံခန့်ခွဲမှုစနစ်တိုးတက်ဖွံ့ဖြိုးရန်၊ ပြည်သူ့ကြွေးမြီ ဆိုင်ရာ ဥပဒေနှင့် ဖွဲ့စည်းမှု မူဘောင်သတ်မှတ်ပြဋ္ဌာန်းရန်၊ ကြွေးမြီစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်တင်ရန်နဲ့ ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်တို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီရယူ၍လည်းကောင်း၊ ပြည်တွင်းပြည်ပ သင်တန်းများနဲ့ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်စေခြင်းဖြင့် လည်းကောင်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
ယခုအခါ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ(မူကြမ်း)ကို ရေးဆွဲပြုစုပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရန် တင်ပြထားပြီးဖြစ်ပါတယ်။ ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ(Medium Term Debt Management Strategy) ချမှတ်ခြင်း၊ ငွေချေးယူမှု အစီအစဉ် (Borrowing Plan) ရေးဆွဲခြင်းတို့ကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ကျွမ်းကျင်ပညာရှင်အကူအညီနဲ့ စတင်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ ကြွေးမြီခံနိုင်ရည် ရှိမှု လေ့လာသုံးသပ်ချက်(Debt Sustainability Analysis)ကိုလည်း ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကူအညီနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။

ထို့အပြင် ပြည်ပချေးငွေစာချုပ်များအား ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံတော် ကိုယ်စား လက်မှတ်ရေးထိုးခြင်းနဲ့ နိုင်ငံတော်အာမခံချက် ထုတ်ပေးခြင်းတို့ ဆောင်ရွက် ရသည်ဖြစ်ရာ  ယခုအခါ ၂၀၁၁-၂၀၁၂ ခု နောက်ပိုင်း ချုပ်ဆိုခဲ့သည့် ပြည်ပချေးငွေစာချုပ် များအတွက် ချေးငွေရယူသုံးစွဲသည့် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန တို့အကြား ထပ်ဆင့်သဘောတူစာချုပ်များ ချုပ်ဆိုခြင်း၊ ဝန်ကြီးဌာနများအလိုက် ခေတ်အဆက်ဆက် ရယူထားသော ပြည်ပချေးငွေစာရင်းများကို သက်ဆိုင်ရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးများက အတည်ပြုလက်မှတ်ရေးထိုးခြင်းများကို ဆောင်ရွက် ထားရှိပြီး ဖြစ်ပါတယ်။ နှစ်စဉ် ဘဏ္ဍာရေးနှစ် ကုန်ဆုံးတိုင်း ဝန်ကြီးဌာနအလိုက် ပြည်ပချေးငွေအခြေအနေများအား သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ တိုက်ဆိုင်စစ်ဆေး အတည်ပြုခြင်းကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ရယူထားတဲ့ ပြည်ပချေးငွေအခြေအနေ မှတ်တမ်းတင်ထားရှိမှုနဲ့ ချေးငွေစာချုပ်ပါ စည်းကမ်း များအား လိုက်နာဆောင်ရွက်မှု အားကောင်းလာစေဖို့ ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။
အချုပ်အားဖြင့် တင်ပြရပါလျှင် ကမ္ဘာ့နိုင်ငံတိုင်းဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံ့အကျိုး စီးပွားဖြစ်ထွန်းရေး အတွက် ပြည်ပချေးငွေရယူခြင်း၊ ပြည်ပကြွေးမြီအဖြစ် ပေါ်ပေါက်တဲ့ ပြည်ပသို့အစိုးရစာချုပ်များ ထုတ်ဝေရောင်းချခြင်း လုပ်ငန်းများ လုပ်ဆောင်ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပချေးငွေများ စိစစ်ရယူခြင်း၊ ကြွေးမြီစီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပါတယ်။ ရယူထားတဲ့ ပြည်ပချေးငွေ အများစုဟာ တစ်လုံးတစ်ခဲတည်း အားလုံးရရှိခြင်း မဟုတ်ဘဲ စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ လုပ်ငန်းအကောင်အထည်ဖော်မှု အပေါ်မူတည်ပြီး ချေးငွေ ထုတ်ယူ ရရှိသုံးစွဲနေခြင်း ဖြစ်ပါတယ်။ ယခုလက်ရှိ အနေအထားမှာ IMF, World Bank တို့၏ မြန်မာနိုင်ငံရဲ့ ကြွေးမြီခံနိုင်ရည် ဆန်းစစ်ချက်အရ သင့်တင့်တဲ့ ကြွေးမြီရယူထားတဲ့ အခြေအနေမှာရှိကြောင်း တွေ့ရှိရပါတယ်။ အဓိကအကျဆုံး အရေးကြီးဆုံးအချက်မှာ ပြည်ပချေးငွေရယူ ဆောင်ရွက်တဲ့ လုပ်ငန်းစီမံကိန်းများကို ရည်မှန်းချက်အတိုင်း အပြည့်အဝ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးပဲ ဖြစ်ပါတယ်။ သို့ဖြစ်ရာ စနစ်တကျ စိစစ် ကြပ်မတ်စစ်ဆေးမှုများ လုပ်ဆောင်သွားကြရန် လိုအပ်ပါတယ်။


ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်က ရယူထားတဲ့ ပြည်ပကြွေးမြီများကို စနစ်တကျ မှတ်တမ်းတင်ခြင်း၊ ကြွေးမြီဆိုင်ရာလေ့လာဆန်းစစ်ခြင်း၊ ဥပဒေ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းခြင်းနဲ့ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုကို စနစ်တကျ ဆောင်ရွက်ခြင်း တို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment