Friday, November 27, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် နိုဝင်ဘာ ၂၇  
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား တည်ငြိမ် အေးချမ်းအောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအား ရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး၏ အဆုံးအဖြတ်ကို ရယူရမည်ဖြစ်ကြောင်း၊ တရားမဲ့ပြုကျင့်မှုများအပေါ် ကန့်ကွက်လွှာ တင်လိုပါက ရွေးကောက်ပွဲ ရလဒ်ကြေညာပြီး (၄၅) ရက်အတွင်း တင်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ကန့်ကွက်လွှာများအား Open Court ဖြင့် လွတ်လပ်မျှတစွာ စစ်ဆေးဆုံးဖြတ်သွားမည် ဖြစ်ကြောင်းနှင့် မီဒီယာများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လာရောက် လေ့လာနိုင်ကြောင်း ပြောကြားသည်။

ယင်းနောက် မစ္စတာ ဗီဂျေနမ်ဘီးယားက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအား ဘက်လိုက်မှု မရှိဘဲ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့မှုကို  ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်ကိုယ်တိုင် အသိအမှတ် ပြုပါကြောင်းနှင့် သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

No comments:

Post a Comment