Tuesday, November 24, 2015

ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ





နေပြည်တော် နိုဝင်ဘာ  ၂၄

ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပရာ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုးများအား နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မှုပြုလုပ်နေခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားခြင်းနှင့် အမျိုးသားလွှတ်တော်က ပြန်လည်ပေးပို့သည့် ဥပဒေကြမ်း များအား လွှတ်တော်သို့ အသိပေးတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။


အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများ သိရှိလိုသည့် ရခိုင် ပြည်နယ်တွင် ဘင်္ဂါလီလူမျိုးများအား နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မှုပြုလုပ်နေ ခြင်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်က လွှတ်တော်သို့ ရှင်းလင်းရာ၌ နိုင်ငံသားဖြစ်မှုကို ဥပဒေနှင့်တိုင်းတာ စိစစ်ရာတွင် ပြဋ္ဌာန်းထားသော ဥပဒေများအပေါ် အယူအဆလွဲမှားနေခြင်း ဖြစ်နေ သည်ကို တွေ့ရှိရပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သည် နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သော ဥပဒေများကို ကိုင်တွယ်ကျင့်သုံးရသည့် ၀န်ကြီးဌာနဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရာတွင်လည်း ဥပဒေဖော်ပြချက် များအပေါ် အယူအဆများ၊ ဥပဒေရှုထောင့်များနှင့် ပတ်သက်၍ ဒွိဟဖြစ်စေသော အချက်များရှိပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမေးမြန်းပြီးမှ စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း။

လူတစ်ဦးတစ်ယောက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုသည်မှာ အသက်တမျှ အရေးကြီးသောကိစ္စဖြစ်၍ အလွယ်တကူ မှတ်ချက်ပေးရန် မသင့်ပါကြောင်း၊ အထူးသဖြင့် လူမျိုးရေးကိုသော်လည်းကောင်း၊ ဘာသာရေးကိုသော် လည်းကောင်း၊ လူအများစု၊ လူနည်းစုအနေအထားကိုသော်လည်းကောင်း အခြေခံထားသည့် ထင်မြင်ချက်များ၊ ကန့်ကွက်ချက်များသည် တစ်ဖက်သတ်အမြင်များသာ ဖြစ်ခြင်းကြောင့် အမှန်တရားနှင့် ကွဲလွဲစေရုံသာမက နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်စေတတ်သည့် သဘောရှိ ပါကြောင်း။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် မြန်မာနိုင်ငံသား ဥပဒေကို ကိုင်တွယ်ကျင့်သုံး ဆောင်ရွက်ရသည့် ၀န်ကြီးဌာနဖြစ်ပြီး မိမိဝန်ကြီးဌာန ၀န်ထမ်းများမှ လျှောက်ထားလာသူများကို စိစစ်လက်ခံ၍ မြန်မာနိုင်ငံသားဥပဒေနှင့် အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးလျက်ရှိပါကြောင်း၊ သို့သော် ရခိုင်ပြည်နယ် ရှိဘင်္ဂါလီလူမျိုးများ၏ နိုင်ငံသားဖြစ်မှုကို စိစစ်ရာတွင် မှားယွင်းမှုမရှိစေရန်၊ ခိုင်မာစွာ စိစစ်ရမည့်သူများ ဖြစ်ကြသည့်အတွက် မိမိဌာန၀န်ထမ်းများမှ စိစစ်ဆုံးဖြတ်ခြင်းမပြုခဲ့ပါ ကြောင်း။
မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆၅တွင် ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား၊ ဧည့်နိုင်ငံ သား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ်အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင်သည်ဟု ဖော်ပြချက်နှင့်အညီသာ ဆောင်ရွက်ပါကြောင်း၊ ဘင်္ဂါလီလူမျိုးများ၏ နိုင်ငံသားအဆုံးအဖြတ်ခံယူရန် လျှောက်ထားလာမှုကို မိမိဌာနမှ လျှောက်လွှာစိစစ်လက်ခံပြီး ရုံးမှတ်တမ်း အထောက်အထားများနှင့် တိုက်ဆိုင်စိစစ်၍ အမှုတွဲတည်ဆောက်ခြင်းများ ဆောင်ရွက် ပြီးပါက မြို့နယ်နိုင်ငံသား စုံစမ်းစစ်ဆေးရေးအဖွဲ့သို့တင်ပြရပါကြောင်း၊ မြို့နယ်အဆင့် နိုင်ငံသားစုံစမ်းစစ်ဆေးရေးအဖွဲ့သည် တစ်ဦးချင်းခေါ်ယူစိစစ်ပြီး သဘောထား မှတ်ချက်နှင့်အတူပြည်နယ် နိုင်ငံသား စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ တင်ပြရပါကြောင်း။

ပြည်နယ်နိုင်ငံသား စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထပ်မံစိစစ်ပြီး သဘောထား မှတ်ချက်နှင့်အတူ ဦးစီးဌာန(ရုံးချုပ်)သို့ ပေးပို့ပြီး ဦးစီးဌာန(ရုံးချုပ်)မှ မြန်မာနိုင်ငံသား ဥပဒေနှင့် ညီမညီ ထပ်မံစိစစ်ပြီး ဗဟိုအဖွဲ့ထံသို့ တင်ပြရပါကြောင်း၊ တင်ပြလာသော အမှုတွဲများကို ဗဟိုအဖွဲ့သည် ဥပဒေနှင့်အညီ ဆုံးဖြတ်ပြီး ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက် အတိုင်းသာ ကတ်ပြားထုတ်ပေးခြင်းဖြစ်ပါကြောင်း။
မြို့နယ်နိုင်ငံသား စုံးစမ်းစစ်ရေးအဖွဲ့တွင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဥပဒေ အရာရှိ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဘင်္ဂါလီကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် များ၊ လ၀ကမြို့နယ်ဦးစီးဌာနမှူးတို့ဖြင့် ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်ရပါကြောင်း၊ ထို့အတူ ပြည်နယ်အဆင့် နိုင်ငံသားစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ဘင်္ဂါလီကိုယ်စားလှယ်၊ ရခိုင်လူမျိုးကိုယ်စားလှယ်များနှင့် လ၀ကပြည်နယ်ဦးစီးဌာနမှူး တို့ဖြင့်ဖွဲ့စည်း၍ စိစစ်ဆောင်ရွက်ရပါကြောင်း၊ နောက်ဆုံးအဆင့် ဆုံးဖြတ်ပေးရသည့် ဗဟိုအဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသည့် ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါကြောင်း။

မြေပုံမြို့နယ်အပါအ၀င် ဘင်္ဂါလီလူမျိုးများ၏ နိုင်ငံသားဖြစ်မှု စိစစ်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆၅နှင့် မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဥပဒေကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေး တာဝန်ယူထားသူများ၊ ဒေသခံရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များ၊ လျှောက်ထားသူနှင့် ပတ်သက်သည့် ဘင်္ဂါလီလူမျိုး ကိုယ်စားလှယ်များဖြင့် ဘက်စုံထောင့်စုံမှ ပါဝင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ပြီး မြို့နယ်အဆင့်/ ပြည်နယ်အဆင့် သဘောထား မှတ်ချက်များဖြင့် တင်ပြမှုအပေါ် စစ်ရေးအမြင်၊ နိုင်ငံတကာအမြင်၊ လုံခြုံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်များရှိသည့် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော ဗဟိုအဖွဲ့မှ ဆုံးဖြတ်ပေးခြင်းဖြစ်ပြီး ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူပြီးမှသာ နိုင်ငံသား ဟုတ်မဟုတ်ဆောင်ရွက်ရသည့် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းစဉ်  ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာနေလင်းက ကော်မတီ၏ အနှစ်ချုပ် အစီရင်ခံစာကိုလည်းကောင်း၊ ပြည်သူ့ လွှတ်တော် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ကော်မတီ၏အနှစ်ချုပ် အစီရင်ခံစာကို လည်းကောင်း လွှတ်တော် သို့ ဖတ်ကြားတင်ပြကြရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ယင်းအစီရင်ခံစာ များနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးဥပဒေကြမ်း၊ ရာဇ၀တ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ရာဇသတ်ကြီး ကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ငွေစုဘဏ်လုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတို့ကို လက်ခံရရှိကြောင်း နှင့် ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။


ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ လမ်းနှင့်တံတား အသုံးပြုခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် အမြန် လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တို့ကို လက်ခံရရှိကြောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးသည်။ 

No comments:

Post a Comment