Wednesday, November 25, 2015

2nd Men's Asian Challenge ဟော်ကီပြိုင်ပွဲကျင်းပမည်


ရန်ကုန် နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် 2nd Men's Asian Challenge ဟော်ကီပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၂ဝ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူ မြက်ခင်းတုဟော်ကီကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


''မြန်မာ့လက်ရွေးစင် အမျိုးသားဟော်ကီအသင်းက ၂ဝ၁၃ ခုနှစ် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာကျင်းပခဲ့တဲ့ 1st Men's Asian Challenge (PTTCUP) မှာ ဒုတိယ၊ ၂ဝ၁၃ ခုနှစ် (၂၇)ကြိမ်မြောက် ဆီးဂိမ်းနဲ့ ၂ဝ၁၅ ခုနှစ် (၂၈)ကြိမ်မြောက် ဆီးဂိမ်းမှာ တတိယရရှိခဲ့ပါတယ်။ (၂၈)ကြိမ်မြောက်ဆီးဂိမ်းမှာ တတိယရရှိခဲ့တဲ့အသင်းကို စုစည်းပြီး လူငယ်မျိုးဆက်သစ်အားကစားသမား၂၈ ဦးကို ပါကစ္စတန်နိုင်ငံက နည်းပြနဲ့ စက်တင်ဘာလက စတင် လေ့ကျင့်နေပါတယ်။ နိုဝင်ဘာလကုန်မှာ လက်ရွေးစင် ကစားသမား ၁၈ ဦးကို ရွေးပြီး ဝင်ရောက်ယှဉ်ပြိုင်သွား မှာပါ'' ဟု မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးစောလုလုထောက ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာ၊ သရီလင်္ကာ၊ အင်ဒိုနီးရှား၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်တို့ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အားကစားသမား ၁ဝဝ ကျော်ပါဝင်ယှဉ် ပြိုင်ကြမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသည့်အသင်း နှစ်သင်းသည် ၂ဝ၁၇ ခုနှစ်တွင် ကျင်းပမည့် အာရှ ဟော်ကီပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာအသင်းသည် တရုတ်၊ သီရိလင်္ကာအသင်း များကို အဓိကယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ပြိုင်ပွဲကို နေ့စဉ် သုံးပွဲကျင်းပမည်ဖြစ်ကာ မည်သူမဆိုအခမဲ့ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။


သတင်းနှင့်ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment