Monday, October 26, 2015

JICA မှ ကူညီထောက်ပံ့ထားသည့် အဆင့်မြင့်ဓာတ်ခွဲခန်းများတွင် သုတေသနလုပ်ငန်းများစတင်



နေပြည်တော် အောက်တိုဘာ ၂၅

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ JICA မှ ကူညီထောက်ပံ့သည့် အဆင့်မြင့်ဓာတ်ခွဲခန်းဆောင်များ၌ သုတေသန လုပ်ငန်းများ စတင်ပြုလုပ်ရန် ဓာတ်ခွဲခန်းအတွင်း အသစ်တပ်ဆင်ထားသော ခေတ်မီစက်ကိရိယာများ အသုံးပြုပုံနှင့် ပတ်သက်၍ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဓာတ်ခွဲခန်းအတွင်းပိုင်း အပြင်အဆင်မှာ ဂျပန်နိုင်ငံရှိ လက်ရှိအချိန်တွင် တွေ့ရလေ့ရှိသော အပြင် အဆင်အတိုင်းဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ခေတ်မီသုတေသနများ ဆောင်ရွက်နိုင်သည့် စက်ကိရိယာများကို တပ်ဆင်ထားသည်။ ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ အထောက်အပံ့ဖြင့် ဆောက်လုပ် တပ်ဆင်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်က ကမ္ဘာ့စားနပ်ရိက္ခာနေ့ အထိမ်းအမှတ်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHI ပူးပေါင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ရှိ အဓိကဌာနကြီး ခုနစ်ခုနှင့် ပံ့ပိုးဌာနကြီးနှစ်ခုအတွက် စုစုပေါင်းဓာတ်ခွဲခန်း ကိုးခုပါဝင်ပြီး လွှဲပြောင်းပေးအပ်သည့် အောက်တိုဘာ ၁၆ ရက်မတိုင်မီ တစ်လခန့်အလိုကတည်းက တပ်ဆင်ထားရှိမည့်ပစ္စည်းများ စက်ကိရိယာများနှင့် ပတ်သက်သည့် အသုံးပြုနည်း သင်တန်းများကို ကျွမ်းသူများ၊ ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများမှ ပညာရှင်များ လာရောက်ပြီး အလှည့်ကျ သင်တန်းများ ပေးခဲ့သည်။

ယနေ့သင်ကြားပေးလျက်ရှိသည့် စက်ကိရိယာမှာ Atomic Absorption Spectrophotometer ဖြစ်သည်။ မြေဆီလွှာ၊ အပင်နှင့် ရေတွင်ပါဝင်သော သတ္တုဓာတ်များစွာကို တိုင်းတာနိုင်သော ပစ္စည်းဖြစ်သည်။ မြေဆီလွှာနှင့် ရေသိပ္ပံပညာဌာနမှ ဆရာမ ဒေါက်တာဆွေဆွေမာက “ဒီစက်က မြေဆီလွှာနဲ့ အပင်တွေမှာ ပါဝင်တဲ့ ဓာတ်သတ္ထုပေါင်းများစွာကို တိုင်းတာနိုင်တယ်။ အပင်အာဟာရတွေ ဖြစ်တဲ့ ဓာတ်သတ္တုတွေကို တိုင်းတာပြီး အထွက်နှုန်းနဲ့ သီးနှံအရည်အသွေးကို ပိုကောင်းလာအောင် စီမံခန့်ခွဲနိုင်ပါတယ်။ သုတေသန အနေနဲ့လည်း အများကြီး လုပ်နိုင်တယ်။ ဒီဘက်ခေတ်မှာ အရေးပါလာတဲ့ ပတ်ဝန်းကျင်နဲ့ လူတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေတဲ့ ဓာတ်သတ္တုတွေကိုလည်း တိုင်းတာ နိုင်တယ်။ အခု ဒီစက်ရပြီဆိုတော့ အခြားသတ္တုတွေ ဥပမာ-အာဆင်းနစ်လိုမျိုး မြန်မာနိုင်ငံမှာ အန္တရာယ် ရှိနေတဲ့ ဓာတ်သတ္တုတွေ နဲ့ပတ်သက်တဲ့ သုတေသနတွေ ဆက်လုပ်သွားမယ်” ဟု ပြောသည်။

အဆိုပါ ဓာတ်ခွဲခန်းများကို မဆောက်လုပ်ခင်ကာလ ၂၀၁၂ ခုနှစ်ခန့် ကတည်းက JICA မှ ပညာရှင်များ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ အကြိမ်ကြိမ်လာရောက်၍ စစ်တမ်းကောက်ယူခြင်းများ၊ ပညာရပ်ဆိုင်ရာ ဌာနများဖြင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

High Performance Liquid Chromatography အမည်ရှိ စက်ကို လက်တွေ့စမ်းသပ် တိုင်းတာနေသူ ကိမိလနှင့် သတ္တဗေဒဌာနမှ ဆရာမ ဒေါက်တာ မိုးနှင်းဖြူက “ဒီစက်ကို အသုံးပြုပြီး အပင်တွေ၊ မျိုးစေ့တွေ၊ သီးနှံတွေနဲ့ မြေဆီလွှာမှာ ကြွင်းကျန်နေတဲ့ ပိုးသတ်ဆေးစတဲ့ ဓာတုဆေးတွေရဲ့ ဓာတ်ကြွင်းအာနိသင်တွေကို တိုင်းတာနိုင်ပါတယ်။ ပိုးသတ်ဆေးတွေကို မဖြစ်မနေ သုံးလာကြရတော့ ဓာတ်ကြွင်းအာနိသင်ဆိုတာနဲ့ ပတ်သက်ပြီး အခုလက်ရှိအချိန်ထက် ပိုပြီး သုတေသနပြုဖို့ရော ပညာပေးဖို့ပါ လိုအပ်နေပါတယ်။ နိုင်ငံတကာဈေးကွက်မှာလည်း ဓာတုဓာတ်ကြွင်း အာနိသင်ကင်းတဲ့ သီးနှံတွေ တင်ပို့နိုင်မှ ဈေးကောင်းရမှာ ဖြစ်ပါတယ်။ အဲဒီ ကဏ္ဍနဲ့ပတ်သက်ပြီး သုတေသနတွေ လုပ်သွားဖို့ ရှိပါတယ်” ဟု ရှင်းပြသည်။

JICA မှ ဓာတ်ခွဲခန်းများ အထောက်အပံ့ပေးခြင်းမှာ စိုက်ပျိုးရေးကဏ္ဍ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုဖန်တီး ထုတ်လုပ်နိုင်ရေးအတွက် ဖြစ်သည်။ အဆိုပါ ဓာတ်ခွဲခန်းဆောင်များကို JICA မှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်းခန့် ထောက်ပံ့ပေးခဲ့ပြီး ဓာတ်ခွဲခန်းကြီး ကိုးခုတွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းအမျိုးအမည်ပေါင်း ၂၂၈ မျိုး ပါဝင်သည်။ ဤစီမံကိန်းကြောင့် ဘွဲ့ကြိုဆိုင်ရာ သင်ကြားရေးနှင့် သုတေသနဆောင်ရွက်မှု စွမ်း ရည်မြင့်မားလာမည်ဖြစ်ပြီး ဘွဲ့လွန် သုတေသနများကိုလည်း အတိုင်း အတာတစ်ခုအထိ မြှင့်တင်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဓာတ်ခွဲခန်းနှင့် ပစ္စည်းကိရိယာ များပြည့်စုံပြီး တစ်ဆက်တည်းမှာပင် နည်းပညာ တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက်လည်း JICA မှ Project for Capacity Development of Yezin Agricultural University (YAU), in the Republic of the Union of Myanmar  အမည်ရှိရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခုကိုလည်း ဆက်လက်အကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ၎င်းစီမံကိန်းကို ၂၀၁၅ ခုနှစ်အတွင်း စတင်သွားမည်ဖြစ်ပြီး ငါးနှစ်တာ ဂျပန်-မြန်မာ စိုက်ပျိုးရေးကဏ္ဍ နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖြစ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment