Saturday, October 31, 2015

၂၀၁၅ခုနှစ်၊ အာရှ BMX စက်ဘီးပြိုင်ပွဲကျင်းပ၊ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း ဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား


 




နေပြည်တော်၊ အောက်တိုဘာ ၃၁

အာရှစက်ဘီးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် ၂၀၁၅ ခုနှစ်၊ အာရှ BMX စက်ဘီးပြိုင်ပွဲအား ယနေ့နံနက် (၈)နာရီမှ စတင်၍ နေပြည်တော်၊ Mount Pleasant ဟိုတယ်အနီးရှိ BMX စက်ဘီးပြိုင်ကွင်းအတွင်း ကျင်းပရာ ဖွင့်ပွဲအခမ်းအနားအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။


ရှေးဦးစွာ ပြိုင်ပွဲမစတင်မီ ဖွင့်ပွဲအခမ်းအနားအား ကျင်းပရာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း နေရာယူပြီးနောက် ဒုတိယဝန်ကြီးဦးဇော်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာ အာရှအဆင့် BMX စက်ဘီးပြိုင်ပွဲကြီးအား မြန်မာနိုင်ငံ၌ လက်ခံကျင်းပခွင့်ရရှိသည့်အတွက် အာရှစက်ဘီးအဖွဲ့ချုပ်အား အထူးကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ BMX စက်ဘီးပြိုင်ပွဲအား (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၌ လက်ခံကျင်းပခြင်းကြောင့် ယခုအာရှအဆင့် BMX ပြိုင်ပွဲသည် ဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ ထိုသို့ လက်ခံကျင်းပခြင်းကြောင့် မြန်မာစက်ဘီးလောက ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲဝင် နိုင်ငံအချင်းချင်း၊ ကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှု ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲဝင် ကစားသမားများ အနေဖြင့် အားကစားသမား စိတ်ဓါတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားကြ စေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အာရှစက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး Mr. Chooi, Boo Woongမှ ပြိုင်ပွဲကျင်းပ ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်းမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ အာရှ စက်ဘီး အဖွဲ့ချုပ် အတွင်းရေးမှူး Mr. Chooi, Boo Woongနှင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဥက္ကဌတို့မှ ပြိုင်ပွဲဝင် အသင်းများကို လိုက်လံနှုတ်ဆက်၍ အမှတ်တရ လက်ဆောင်များ ပေးအပ်ပါသည်။

ထို့နောက် အာရှစက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး Mr. Chooi, Boo Woong မှ BMX စက်ဘီး ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ကို ပေးအပ်ရာ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဝင်းမှ လက်ခံရယူကာ ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်နိုင်ငံများအဖြစ် အိမ်ရှင် မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမောတို့မှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း (၆၀)ဦးပါဝင် ယှဉ်ပြိုင်ကြပြီး၊ ပထမဦးစွာ နံနက်ပိုင်းတွင် အသက် (၁၉)နှစ်အောက် ကျား/မ (၁)ဦးချင်း စံချိန်ပြု လူရွေးပြိုင်ပွဲများ၊ အသက် (၁၉)နှစ်အထက် ကျား/မ (၁)ဦးချင်း စံချိန်ပြု လူရွေးပြိုင်ပွဲများ ကျင်းပပါသည်။

ဆက်လက်၍ အသက် (၁၉)နှစ်အောက် ကျား/မ အုပ်စုလိုက် စံချိန်ပြု လူရွေးပြိုင်ပွဲများ၊ အသက် (၁၉)နှစ်အထက် ကျား/မ အုပ်စုလိုက် စံချိန်ပြု လူရွေးပြိုင်ပွဲများ ကျင်းပပါသည်။ ဆက်လက်၍ ပြိုင်ပွဲအား မွန်းလွဲပိုင်း၌ ဆက်လက်ကျင်းပရာ အသက် (၁၉)နှစ်အထက် ကျား/မ ဆီမီးဖိုင်နယ်ပွဲစဉ်များ၊ အသက် (၁၉)နှစ်အောက် ကျား/မ ဆီမီးဖိုင်နယ်ပွဲစဉ်များ၊ ဆက်လက်၍ အသက် (၁၉)နှစ်အောက် ကျား/မ ဗိုလ်လုပွဲစဉ် များနှင့် အသက်(၁၉)နှစ်အထက် ကျား/မ ဗိုလ်လုပွဲစဉ်များကို ဆက်လက်ကျင်းပပါသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အသက် (၁၉)နှစ်အထက် ကျားပြိုင်ပွဲတွင် ဆုရရှိကြသော ပထမဆုရ ဂျပန်နိုင်ငံမှ NAGASAKO Yashitaku ၊ ဒုတိယဆုရ ဂျပန်နိုင်ငံမှ YOSHIMURA Jukia၊ တတိယဆုရ ဂျပန်နိုင်ငံမှ MATSUSHITA Tatsumi တို့အား အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဇော်ဟိန်းမှ ဆုတံဆိပ်များကိုလည်းကောင်း၊  အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ ငွေသားဆုနှင့် အမှတ်တရ ပစ္စည်းတို့အားလည်းကောင်း၊ အသက် (၁၉)နှစ်အထက် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော ထိုင်းနိုင်ငံမှ Carr Amanda၊ ဒုတိယဆုရရှိသော တရုတ်နိုင်ငံမှ LU Yan၊ တတိယဆုရ ဂျပန်နိုင်ငံမှ EKO Haraka တို့အား အာရှစက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး Mr. Chooi, Boo Woong မှ ဆုတံဆိပ်များကိုလည်းကောင်း၊ အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်မှ ငွေသားဆုနှင့် အမှတ်တရ ပစ္စည်းများကိုလည်းကောင်း၊ ဆက်လက်၍ အသက် (၁၉)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ဂျပန်နိုင်ငံမှ YAMAJUCHI Daichi၊ ဒုတိယဆုရရှိသော ဂျပန်နိုင်ငံမှ HASEGAWA Yudo ၊ တတိယဆုရရှိသော ထိုင်းနိုင်ငံမှ KAEWSRIKHAO Sitthichok တို့အား မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဦးခင်မောင်ဝင်းမှ ဆုတံဆိပ်များအား လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဌေးအောင်မှ ငွေသားဆုနှင့် အမှတ်တရ ပစ္စည်းများကို လည်းကောင်း ၊ အသက်(၁၉)နှစ်အောက် အမျိုးသမီး ပြိုင်ပွဲတွင် ပထမဆုရရှိသော ဖိလစ်ပိုင်နိုင်ငံမှ FINES Sienna Elaine၊ ဒုတိယဆုရ ထိုင်းနိုင်ငံမှ KITWANITSATHIAN Chutikan၊ တတိယဆုရရှိသော မြန်မာနိုင်ငံမှ ခိုင်ဇင်မိုးတို့အား ဩစတြေးလျနိုင်ငံမှ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ မစ္စတာဆန်နီလေ့မှ ဆုတံဆိပ်များ ကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁)မှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးမှ ငွေသားဆုနှင့် အမှတ်တရ ပစ္စည်းများကိုလည်းကောင်း ဆုများကိုအသီးသီးချီးမြှင့်ခဲ့ပါသည်။


ဆက်လက်၍ အသက် (၁၉)နှစ်အောက် အမျိုးသမီး ပြိုင်ပွဲတလျှောက် တစ်ဦးချင်းစံချိန်ပြု ကောင်းဆုံး ဆုများကို ချီးမြှင့်ရာ ပထမဆုရ မြန်မာနိုင်ငံမှ ခိုင်ဇင်မိုး၊ ဒုတိယဆုရ ထိုင်းနိုင်ငံမှ KITWANITSATHIAN Chutikan၊ တတိယဆုရ တရုတ်နိုင်ငံမှ CHAN Yuan Lyu တို့အား မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြတ်သူမှ ဆုများကို ချီးမြှင့်၍လည်းကောင်း၊ အသက် (၁၉)နှစ်အောက် အမျိုးသား ပြိုင်ပွဲတလျှောက် တစ်ဦးချင်း စံချိန်ပြု အကောင်းဆုံးဆုရ ဂျပန်နိုင်ငံမှ DAICHI Yamaguchi၊ ဒုတိယဆုရ ဂျပန်နိုင်ငံမှ YUTO Hasegawa၊ ထိုင်းနိုင်ငံမှ တတိယဆုရ KAEWSRIKHAO Sitthichok တို့အား မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဂျွန်ဆင်းမှလည်းကောင်း ဆုများကို အသီးသီးချီးမြှင့်ခဲ့ပြီး အာရှ BMX စက်ဘီးပြိုင်ပွဲအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment