Sunday, October 25, 2015

ခွဲစိတ်အထူးကုဆေးရုံကြီး တိုးချဲ့(၅)ထပ်လူနာဆောင် ပန္နက်တင်



ရန်ကုန်  အောက်တိုဘာ ၂၅

ရန်ကုန်မြို့ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး၏ တိုးချဲ့ (၅)ထပ် လူနာဆောင်နှင့် အထူးကုဆရာဝန်အိမ်ရာအဆောက်အဦများ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ကျင်းပရာ မင်္ဂလာ အချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ကျန်းမာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့်၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ နေစိုးမောင်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ အေးအောင် တို့က သတ်မှတ်နေရာများတွင် ပန္နက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ယခုဆောက်လုပ်မည့်တိုးချဲ့ (၅)ထပ် လူနာဆောင် အလျား (၂၁၅)ပေ၊ အနံ (၇၀)ပေ၊ အမြင့် (၇၀)ပေရှိပြီး မြေညီထပ်တွင် ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ MRI ဓာတ်မှန်ခန်း၊ ပထမထပ်တွင် လူနာဟောင်းစမ်းသပ်ခန်း၊ မှန်ပြောင်းကြည့်ခန်း၊ ဒုတိယထပ်တွင် စာသင်ခန်း၊ သီးသန့်လူနာခန်း၊ တတိယထပ်တွင် အတွင်းလူနာဆောင်များ ပါဝင်ပြီး၊ စတုတ္ထထပ်တွင် ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်တို့ပါဝင်ပြီး၊ ဓါတ်လှေခါး (၃)စင်း ထည့်သွင်းတည်ဆောက်ထားသည့် RC အမျိုးအစား အဆောက်အဦဖြစ်သည်။


အထူးကုဆရာဝန်အိမ်ရာမှာ အလျား (၆၃)ပေ၊ အနံ (၅၆)ပေ၊ အမြင့် (၄၈)ပေရှိ Rဃ အမျိုးအစား အဆောက်အဦကို ဆောက်လုပ်သွားမည်ဖြစ်သည်။


တိုးချဲ့ ၅ ထပ် လူနာဆောင်နှင့် အထူးကုဆရာဝန်အိမ်ရာကို နိုင်ငံတော်မှ ခန့်မှန်း ကုန်ကျငွေ ကျပ်သန်းပေါင်း (၂၁၅၀)သန်း အကုန်အကျခံကာ တည်ဆောက်ပေးခြင်းဖြစ်ပြီး အဆိုပါ (၅)ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ပြီးစီးသွားပါက နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းရောဂါများနှင့် ပတ်သက်သည့် လူနာများကို ယခုထက်ပိုမို လက်ခံကုသပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment